မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက်သွားမည်

 

နေပြည်တော် ဧပြီ ၂၅

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်‌ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ၏ ဧည့်ဆောင်တော်၌ လက်ခံတွေ့ဆုံသည်။

 

ထိုသို့ တွေ့ဆုံရာတွင် ဦးစွာနိုင်ငံတော်သမ္မတက တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင် အနေဖြင့် မိမိကိုသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာ အား ပထမဦးဆုံးပေးပို့ခဲ့ပြီး အလေးအနက်ထားမှုကို ပြသ ပေးမှုအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ အဆွေတော် တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးအနေဖြင့် လည်း မိမိဦးဆောင်သည့်အစိုးရအဖွဲ့ တာဝန်ယူဆောင်ရွက်ချိန်တွင် ပထမဆုံးလာရောက်ခဲ့မှုအပေါ်လည်း ကျေးဇူးတင်ရှိပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့ တာဝန်ယူချိန်အတွင်း မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့၏ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးတက်ကောင်းမွန်အောင် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးက ပြန်လည် ပြောကြားရာတွင် အဆွေတော်အနေဖြင့် မြန်မာနိုင်ငံ၏ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်း ခံရမှုအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်မှလည်း ဝမ်းမြောက်ဂုဏ်ယူကြောင်းနှင့် ဆုမွန်ကောင်းများ တောင်းပေးလိုက်ပါကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆွေတော်ကို သမ္မတကြီးအဖြစ် ရွေးကောက်တင်မြှောက်ခံရပြီး နာရီပိုင်းအတွင်း ဝမ်းမြောက်ကြောင်း သဝဏ်လွှာပေးပို့ခဲ့ခြင်းနှင့် ကျမ်းသစ္စာ ကျိန်ဆိုပွဲသို့ ကိုယ်စားလှယ်အဖွဲ့ စေလွှတ်တက်ရောက်စေခဲ့ခြင်းမှာ မြန်မာနိုင်ငံနှင့် မြန်မာပြည်သူလူထုတို့ အပေါ်၌ မိမိတို့နိုင်ငံအနေဖြင့် အလေးအနက်ထားမှုကို ပြသခြင်းပင်ဖြစ်ပါကြောင်း၊ အဆွေတော်၏ ဦးဆောင်မှုအောက်တွင် မြန်မာနိုင်ငံအနေဖြင့် ရေရှည်ဖွံ့ဖြိုး တိုးတက်သည့် နိုင်ငံတော်ကြီးဖြစ်လာမည် ဟုလည်း ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံအကြား နိုင်ငံတော်နှင့် ပြည်သူလူထုတို့၏ လူမှုစီးပွားဘဝ အကျိုးဖြစ်ထွန်းစေမည့် ကိစ္စရပ်များကို အရှိန်အဟုန်မြှင့်တင်၍ ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် နိုင်ငံတကာ မျက်နှာစာတွင် မြန်မာနိုင်ငံအပေါ် ဆက်လက် ရပ်တည်ထောက်ခံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ပြောကြားသည်။

 

အမြင်ချင်းဖလှယ်ဆွေးနွေး

ထို့နောက် နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံမှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တိုးတက်ကောင်းမွန် လျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံအကြား အေးအတူပူအမျှ အသိုက်အဝန်းကို အကောင်အထည်ဖော် ဆောင်ရွက် လျက်ရှိမှု အခြေအနေများ၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ အခြေအနေနှင့် ကိုက်ညီသော ပြည်သူများ၏ ထောက်ခံမှုကိုလည်းရရှိနိုင်သည့် အောင်မြင်မှုလမ်းကြောင်းကို ချီတက်ရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေး လျက်ရှိမှု၊ မြန်မာနိုင်ငံ၏ နိုင်ငံတော် အချုပ်အခြာအာဏာနှင့် နယ်မြေလုံခြုံရေး၊ တည်တံ့ခိုင်မြဲရေးကိုလည်း စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု၊ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး၊ တိုင်းရင်းသားရင်ကြားစေ့ရေးနှင့် လူ့ဘောင်အဖွဲ့အစည်း သဟဇာတဖြစ်မှုကိုလည်း အကောင်အထည်ဖော်ဆောင်ရွက်နိုင်စေရန် စွဲစွဲမြဲမြဲ ထောက်ခံအားပေးလျက်ရှိမှု အခြေအနေများ၊ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေး၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုများ လွယ်ကူလျင်မြန်ချောမွေ့စေရေး၊ ပြည်တွင်းငြိမ်းချမ်းရေးရရှိရေး စသည့်ကိစ္စရပ်များတွင် နှစ်ဦးနှစ်ဖက် ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မန္တလေးငလျင်ကြီးကြောင့် ဖြစ်ပေါ်ခဲ့သည့် ထိခိုက်ပျက်စီးခဲ့ရမှုများအား ပြန်လည်ထူထောင်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းများတွင် တရုတ်နိုင်ငံအနေဖြင့် ဆက်လက်ကူညီ ဆောင်ရွက်ပေးသွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာဆက်ဆံရေးနယ်ပယ်နှင့် အာဆီယံအသိုက်အဝန်း တို့အတွင်း ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက်သွားနိုင်မည့် အခြေအနေများ၊ မြန်မာနိုင်ငံတွင် လွတ်လပ်ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပပြုလုပ် နိုင်ခဲ့ပြီး ပြည်သူများကရွေးချယ်သည့် အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်အား ဒီမိုကရေစီ လမ်းကြောင်းပေါ်၌ ခိုင်ခိုင်မာမာဖြင့် ဆက်လက်လျှောက်လှမ်းလျက်ရှိသည့်အတွက် အာဆီယံအဖွဲ့အတွင်း ပါဝင်ဆောင်ရွက်မှု များကို ပိုမိုမြှင့်တင်ဆောင်ရွက်သွားမည့် အခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ အရှေ့အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေးအတွက် ပြောကြားထားသည့် အကြံပြုချက် (၄)ချက်အပေါ်တွင်လည်း ထောက်ခံလျက်ရှိမှု အခြေအနေများ၊ နှစ်နိုင်ငံ နယ်စပ်ဒေသကုန်သွယ်မှု၊ စွမ်းအင် နှင့် သတ္တုကဏ္ဍ၊ စိုက်ပျိုးရေးနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဆောင်ရွက် သွားနိုင်မည့် အခြေအနေများ၊ အွန်လိုင်းလိမ်လည် လောင်းကစားမှု တိုက်ဖျက်ရေးလုပ်ငန်းများကို ပူးပေါင်း တိုက်ဖျက်ဆောင်ရွက်သွားမည့် အခြေအနေများ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံပြည်သူများအကြား ရှိရင်းစွဲ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သွားမည့် အခြေအနေ များနှင့်ပတ်သက်၍ ခင်မင်ရင်းနှီးစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။

 

ယင်းနောက် နိုင်ငံတော်သမ္မတနှင့် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ပြီး တက်ရောက် လာကြသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

 

တက်ရောက်

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်သမ္မတနှင့်အတူ နိုင်ငံတော်သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ၊ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ညွန့်ဝင်းဆွေ၊ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်မောင်ဆွေနှင့် အမျိုးသားစည်းလုံး ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်တို့ တက်ရောက်ကြပြီး တရုတ်ကွန်မြူနစ်ပါတီ ဗဟို ကော်မတီ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးနှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး H.E. Ms. Ma Jia၊ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် ကိုယ်စားလှယ် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်