
နေပြည်တော် ဩဂုတ် ၁၄
မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေး ပွဲကို ယနေ့ညနေပိုင်းတွင် နေပြည်တော်ရှိ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး သံတမန်ဆောင် ဧည့်ခန်းမ၌ ကျင်းပပြုလုပ်သည်။
အဆိုပါဆွေးနွေးပွဲသို့ မြန်မာနိုင်ငံဘက်မှ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ကောင်စီ တွဲဖက်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံး ဝန်ကြီးဌာန (၂)ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်း နှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တရုတ်နိုင်ငံ ဘက်မှ တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ၊ နိုင်ငံရေးရာဗျူရိုအဖွဲ့ဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး H.E. Mr. Wang Yi နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံသံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူညီပြီးဖြစ်သူ H.E. Ms. Ma Jia ၊ နိုင်ငံခြား ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Sun Weidong ၊ အာရှရေးရာ အထူးကိုယ်စားလှယ် Mr. Deng Xijun နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ပူးပေါင်းဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်
ထိုသို့ တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် တရုတ် နိုင်ငံတို့သည် အိမ်နီးချင်းကောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ကြပြီး ရှည်လျားခိုင်မာသည့် ဆက်ဆံရေး သမိုင်းကြောင်းရှိကာ လာမည့် ၂၀၂၅ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့် စိန်ရတုနှစ်သို့ ရောက်ရှိမည်ဖြစ်သည့်အခြေအနေများ၊ မြန်မာနိုင်ငံ အနေဖြင့် တရုတ်နိုင်ငံအတွက် ထာဝရမိတ်ဆွေနိုင်ငံ၊ ယုံကြည်စိတ်ချရသော နိုင်ငံအဖြစ် ခိုင်ခိုင်မာမာ ရပ်တည်သွားမည့်အခြေအနေများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး (၅) ရပ်ကို စတင် သဘောတူဆောင်ရွက်ခဲ့သည့် နိုင်ငံများဖြစ်သည့် အားလျော်စွာ တည်ငြိမ်အေးချမ်းရေးကို အလေးထား သည့်အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေများနှင့် အညီ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး တည်ဆောက်နေမှုအခြေအနေများ၊ မြန်မာနိုင်ငံအနေဖြင့် အာဆီယံတွင် ပါဝင်မှုအခန်း ကဏ္ဍနှင့် အာဆီယံ၏ပဋိညာဉ်အတိုင်း ဆောင်ရွက် လျက်ရှိသည့် အခြေအနေများ၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏ အန္တိမရည်မှန်းချက်ဖြစ်သည့် လွတ်လပ် ၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေး လိုအပ် သည့်ပြင်ဆင်မှုများကို ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မဲစာရင်းများ တိကျမှန်ကန်မှုရှိစေရေး ယခုနှစ် အောက်တိုဘာလအတွင်း လူဦးရေနှင့် အိမ် အကြောင်းအရာ သန်းခေါင်စာရင်းကောက်ယူသွား မည့်အခြေအနေများ၊ ရွေးကောက်ပွဲဆောင်ရွက်ရာ တွင် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေအရ ပါတီအားလုံး လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ရေးဆောင်ရွက်ပေးနေသည့်အခြေအနေများ၊ လွတ်လပ် ပြီး တရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဖြစ်စေရေး ဆောင်ရွက်နေမှုအခြေအနေ များ၊ နှစ်နိုင်ငံအကြား စီးပွားရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားနိုင်မည့်အခြေအနေများနှင့်ပတ်သက်၍ မြန်မာ နိုင်ငံဘက်မှ ဦးစွာဆွေးနွေးပြောကြားသည်။
ဆက်လက်၍ တရုတ်နိုင်ငံဘက်မှ ဆွေးနွေးရာ တွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ၏ တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲ ထောက်ခံအားပေးနေပါကြောင်း၊ တရုတ်တစ်နိုင်ငံ တည်းမူဝါဒ (One China Policy )အပေါ် မြန်မာ နိုင်ငံက အစဉ်တစိုက် ရပ်တည်ထောက်ခံအားပေး နေမှုအပေါ် တန်ဖိုးထားပါကြောင်းနှင့် နိုင်ငံတကာ မျက်နှာစာ၌လည်း တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ အပေါ် အမြဲရပ်တည်ပေးလျက်ရှိပါကြောင်း၊ သန်းခေါင် စာရင်းကောက်ယူမှုနှင့်ပတ်သက်၍ လိုအပ်သည့် နည်းပညာကူညီမှုများကိုလည်း ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍ လည်း လိုအပ်သည်များ ကူညီဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ၏ရွေးကောက်ပွဲတွင် သက်ဆိုင်သူများအားလုံး ပါဝင် နိုင်သည့် ရွေးကောက်ပွဲဖြစ်စေရေး တိုက်တွန်းလိုပါ ကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် မြန်မာဘက်မှ ဆွေးနွေးရာတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ အကျိုးစီးပွားကို ထိခိုက်စေမည့် မည်သည့်ကိစ္စရပ်များကိုမဆို မြန်မာ နိုင်ငံမှတစ်ဆင့် လုပ်ဆောင်နေမှုများအား လုံးဝ လက်ခံမည်မဟုတ်ကြောင်း၊ တရုတ်နိုင်ငံ၏ တည်ငြိမ် အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေးတို့အပေါ် အထူးအလေးထား ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဆွေးနွေးပြောကြားသည်။
ထာဝရမိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်
ယင်းနောက် တရုတ်နိုင်ငံဘက်မှ ဆွေးနွေး ပြောကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ကုန်သွယ်ရေး ကဏ္ဍ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍ စသည့် ကဏ္ဍစုံတို့၌ ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကိုလည်း ခိုင်ခိုင် မာမာဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံအနေဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအားလုံး စည်းလုံးညီညွတ်ရေးနှင့် မြန်မာနိုင်ငံ၏ အာဆီယံ အဖွဲ့ဝင်နိုင်ငံအဖြစ် တည်ရှိနေမှုကို ထောက်ခံလျက် ရှိကြောင်း၊ ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမှုများကို ဆောင်ရွက်ခြင်းအားဖြင့် နှစ်နိုင်ငံအကြား ချစ်ကြည် ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမို ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်းနှင့် တရုတ်နိုင်ငံ အနေဖြင့်လည်း မြန်မာနိုင်ငံအတွက် ထာဝရ မိတ်ဆွေနိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်