မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ ခေတ်မီစက်ကိရိယာများဖြင့် သရုပ်ပြသမှုကို ကြည့်ရှုစစ်ဆေး

 

နေပြည်တော်  ဩဂုတ်  ၇


ရန်ကုန်တိုင်းဒေသကြီးအတွင်း   မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် ဒီရေတက် သဖြင့် မြေနိမ့်ပိုင်းရပ်ကွက်များသို့ ရေဝင်ရောက်ခြင်း များ ရှိလာပါက အချိန်တိုအတွင်း ရေစုပ်ထုတ်နိုင်ရေး မြန်မာနိုင်ငံ     မီးသတ်တပ်ဖွဲ့ဌာနချုပ်က   ယနေ့ မွန်းလွဲပိုင်းတွင်   အင်းလျားကန်၌   သရုပ်ပြသရာ ရန်ကုန်တိုင်းဒေသကြီး     ဝန်ကြီးချုပ်    ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်း ဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေးကြသည်။


ရှေးဦးစွာ မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြတ်သူက မီးလောင်မှုနှင့် ရေကြီးရေလျှံမှုများတွင် လျင်မြန်ထိရောက်သော      မီးငြှိမ်းသတ်ရေးနှင့် ကယ်ဆယ်ရေး ဆောင်ရွက်နိုင်ရေးနှင့် ရန်ကုန်မြို့တွင် ရေကြီးရေလျှံဖြစ်ပေါ်ပါက ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီနှင့် ပူးပေါင်းဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။


ထို့နောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ မီးသတ်တပ်ဖွဲ့ဝင်များက မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ ဂါလန် ၁၆၀၀ မီးသတ်ရေသယ်ယာဉ် ငါးစီး၊ ( Hydro Sub HFS-60) စက် နှစ်လုံး၊ Life Voy နှင့် ရေငုပ်ဝတ်စုံ များဖြင့် ရေပြင်ရှာဖွေကယ်ဆယ်ရေး လေ့ကျင့်မှုများ ကိုပါ ပူးတွဲသရုပ်ပြသသည်။


အဆိုပါ  HFS-60    စက်သည်    ဟိုက်ဒရောလစ် စနစ်ဖြင့်   မောင်းနှင်သော  Submersible  Pump၊ စွမ်းဆောင်ရည်မြင့်မားသော   axial-piston   တို့ ပါဝင်သည့် ဟိုက်ဒရောလစ်ပန့်နှင့် စွမ်းအားမြှင့်ဒီဇယ် တို့၏ ပေါင်းစပ်မှုကြောင့် Mobile Pump System အမျိုးအစားထဲတွင် လုပ်ဆောင်နိုင်စွမ်း အမြင့်မားဆုံး ဖြစ်ပြီး ကြီးမားသော မီးငြှိမ်းသတ်ရေးတွင် တစ်မိနစ် ၃၃၀ ဂါလန်(လီတာ ၁၅၀၀)နှုန်းဖြင့် မီးငြှိမ်းသတ် နိုင်ခြင်း၊ မီးသတ်ကား ငါးစီးကို နှစ်မိနစ်မှ သုံးမိနစ် အတွင်း တစ်ပြိုင်တည်း  ရေဖြည့်နိုင်ခြင်း၊  ရေကြီး ရေလျှံမှုများနှင့် မြေအောက်ထပ်အလွှာများ ရေဝင် ရောက်နိုင်မှုကို အချိန်တိုအတွင်း ရေစုပ်ထုတ်နိုင်ပြီး ရေစုပ်ထုတ်ရာတွင်  တစ်မိနစ်  ရေဂါလန်  ၄၄၀၀ (လီတာ ၂၀၀၀၀)နှုန်းဖြင့် စုပ်ထုတ်နိုင်ခြင်းစသည့် စွမ်းဆောင်ရည်များရှိကြောင်း  သတင်းရရှိသည်။


သတင်းစဉ်