
နေပြည်တော် ဩဂုတ် ၁၇
မြန်မာနိုင်ငံ ကြိမ်နှင့်ဝါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်း တွင် ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် လှိုင်သာယာစက်မှုဇုန်ရှိ United Wood Industries စက်ရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်မောင်ရီက မြန်မာနိုင်ငံသည် အာရှ တွင် တတိယမြောက် ဝါးနှင့်ကြိမ် သယံဇာတကြွယ်ဝ သောနိုင်ငံဖြစ်ပြီး ဝါးမျိုးစု ၂၁ မျိုးနှင့် ဝါးမျိုးစိတ် ၁၀၂ မျိုး၊ ကြိမ်မျိုးစု ခြောက်မျိုးနှင့် ကြိမ်မျိုးစိတ် ၃၂ မျိုး ပျံ့နှံ့ပေါက်ရောက်လျက်ရှိရာ စီးပွားရေးအရ အရေးပါသော ဝါးမျိုးစိတ် ၁၈ မျိုးနှင့် ကြိမ်မျိုးစိတ် ၁၄ မျိုးရှိကြောင်း၊ နှစ်စဉ်ပျမ်းမျှ ဝါးအလုံးရေ ၁၄၇ သန်းနှင့် ကြိမ်အလုံးရေ ၄ ဒသမ ၈ သန်းကျော် ထုတ်လုပ်နိုင်ခဲ့ပြီး ပြည်တွင်း/ပြည်ပဝင်ငွေများ ရှာဖွေပေးလျက်ရှိကြောင်း၊ ပြည်ပစျေးကွက်သို့ တင်ပို့ရောင်းချမှုတွင် ကုန်ကြမ်းများတင်ပို့ခြင်းထက် ဝါးအချောထည်ပစ္စည်းများ တိုးမြှင့်ထုတ်လုပ်တင်ပို့ နိုင်ရန် ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
ကြိမ်နှင့်ဝါးအခြေခံ စက်မှုလုပ်ငန်းများ တိုးတက် လာစေရန်အတွက် စက်ရုံများအတွက် လိုအပ်သော ဝါးကုန်ကြမ်းများ စဉ်ဆက်မပြတ်ရရှိရေးအတွက် သဘာဝတောများမှသာမက ဝါးစိုက်ခင်းများ တည်ထောင်၍ ဖြည့်ဆည်းဆောင်ရွက်သွားရန် လိုကြောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော စိုက်ခင်းများတွင် ဝါးစိုက်ပျိုးမှု တိုးမြှင့်ဆောင်ရွက်ပြီး လိုအပ်သော ပျိုးပင်နှင့် စိုက်ပျိုးနည်းပညာများကို ဖြန့်ဝေသွားရမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ဝါးစိုက် တောင်သူများ လုပ်ငန်းများအောင်မြင်အောင် ဆောင်ရွက်နိုင်ရေး ဌာနမှပူးပေါင်းညှိနှိုင်း ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း မှာကြားသည်။
ဆက်လက်၍ တက်ရောက်လာသူများက ဝါး၊ ကြိမ် ပေါက်ရောက်မှု၊ ထုတ်လုပ်နိုင်မှု၊ စိုက်ပျိုး ပျိုးထောင်မှုနှင့် ဝါးအချောထည်ပစ္စည်းများ တိုးမြှင့် ထုတ်လုပ်နိုင်ရေးနှင့် ပတ်သက်၍ လက်ရှိဆောင်ရွက် နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအမံများ ကို ဆွေးနွေးကြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် သစ် အချောထည်စက်ရုံအတွင်း တန်ဖိုးမြှင့်သစ်အချော ထည် ပစ္စည်းများထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့် နှင့် ဝါးကုန်ချောပစ္စည်းနှင့် ပရိဘောဂထုတ်လုပ် နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည် များ မှာကြားသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် တောင်ဥက္ကလာပမြို့နယ်ရှိ Green Gold Industry သစ်အချောထည်စက်ရုံအတွင်း ကျွန်း၊ ပျဉ်းကတိုး ကြမ်းခင်း၊ လှေကား၊ တံခါးနှင့် ပရိဘောဂထုတ်လုပ်နေ မှုကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရ သည်။
သတင်းစဉ်