
နေပြည်တော် ဇွန် ၂၃
မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ (National Skills Standard Authority-NSSA) ၏ အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုအသိအမှတ်ပြု လက်မှတ် ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုအဖွဲ့ဥက္ကဋ္ဌ၊ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ယနေ့ ကျင်းပသည့် ကျွမ်းကျင်မှု အသိ အမှတ်ပြုလက်မှတ် ပေးအပ်ပွဲ တွင် ကိုယ်စားလှယ်များဖြင့် ပေးအပ်လိုက်သည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်များကို သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များရှိ NSSA နည်းပညာ အထောက်အကူပြု ရုံးများ၊ သက်ဆိုင်ရာ Assessment Center များမှတစ်ဆင့် ကျွမ်းကျင် လုပ်သားများထံသို့ ဆက်လက်ပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ NSSA အနေဖြင့် ၂၀၁၄ ခုနှစ်မှစ၍ အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ် ပြု လက်မှတ်များ ပေးအပ်ခဲ့ရာ ယခုအထိ အလုပ်အကိုင် အမျိုး ပေါင်း ၃၀ အတွက် အရည်အချင်း ပြည့်မီသူ ကျွမ်းကျင်လုပ်သား ၁၆၆၃၆ ဦးရှိခဲ့ပြီး ကျွမ်းကျင် လုပ်သား ၁၄၃၆၃ ဦးကို အမျိုးသားအဆင့် အလုပ်အကိုင် ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ် ပြုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါ ကြောင်း။
မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း NSSA အနေဖြင့် ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ် ရေးကို ခေတ္တရပ်နားထားခဲ့ရပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် လုပ်သား ၃၀၀၀ စစ်ဆေးအကဲ ဖြတ်ရန် လျာထားမှုအပေါ် ၁၃၆ ဦးကိုသာ စစ်ဆေးပေးနိုင်ခဲ့ပါ ကြောင်း၊ ထို့ကြောင့် ဘဏ္ဍာရေး နှစ် ကျန်ရှိသည့် သုံးလတာ အတွင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ချမှတ် ထားသည့် စည်းမျဉ်းစည်းကမ်း များနှင့်အညီ စစ်ဆေးအကဲဖြတ်မှု လုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်နိုင်ရေး ကြိုးပမ်းလျက် ရှိပါကြောင်း။
NSSA ၏ ကျွမ်းကျင်မှု အသိ အမှတ်ပြု လက်မှတ်ရရှိထားသည့် ကျွမ်းကျင် လုပ်သားများအနေဖြင့် မိမိတို့ရရှိထားသည့် ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ကို တန်ဖိုးထားပြီး ခေတ်နှင့်အညီ ပြောင်းလဲ တိုးတက်လာသည့် ကျွမ်းကျင်မှုများကို စဉ်ဆက် မပြတ် လေ့လာသင်ယူကြရန် လိုအပ်ပါကြောင်း၊ လုပ်သားများ ၏ ကျွမ်းကျင်မှုဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေးနှင့် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး တို့အတွက် အားလုံးက တက်ညီ လက်ညီ လက်တွဲပူးပေါင်း ကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ရှင်းလင်း ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စု ဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ကျွမ်းကျင်မှု အသိအမှတ်ပြုလက်မှတ်များကို Inspector ၊ Assessor ၊ Assess-ment Center နှင့် ကျွမ်းကျင် လုပ်သားများကိုယ်စား ကိုယ်စား လှယ်အသီးသီးထံ ပေးအပ်ကြ သည်။
ထို့နောက် အလုပ်ရှင်များ ကိုယ်စား မြန်မာနိုင်ငံ ဆောက် လုပ်ရေးလုပ်ငန်းရှင်များ အသင်း ချုပ် တွဲဖက်အထွေထွေအတွင်း ရေးမှူး ဦးအေးလင်းက ကျေးဇူး တင်စကား ပြန်လည်ပြောကြား သည်။
အခမ်းအနားတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း ကျွမ်းကျင်မှုအဆင့် (၁) အလုပ် အကိုင် ၁၇ မျိုးတွင် ဖြေဆို အောင်မြင်ခဲ့သည့် ကျွမ်းကျင် လုပ်သား ၁၀၁၄ ဦးနှင့် ကျွမ်းကျင် မှု အဆင့်(၂) အလုပ်အကိုင် သုံးမျိုးတွင် ဖြေဆိုအောင်မြင်ခဲ့ သည့် ကျွမ်းကျင်လုပ်သား ၅၉ ဦး၊ စစ်ဆေးအကဲဖြတ်ရေးဌာန သုံးခု၊ Inspector ငါးဦးနှင့် Assessor ၃၅ ဦးတို့ကို ကျန်းမာရေး ဆိုင်ရာ လမ်းညွှန်ချက်များနှင့် အညီ Online မှတစ်ဆင့် အသိ အမှတ်ပြုလက်မှတ်များ ပေးအပ် ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်