မြန်မာနိုင်ငံလုပ်သားများ ကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းအဖွဲ့ NSSA Web Portal ဒုတိယအဆင့် လုပ်ငန်းစဉ်ရှင်းလင်းတင်ပြခြင်းအခမ်းအနားကျင်းပ

 

နေပြည်တော် ဒီဇင်ဘာ ၂၁

 

မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ်ပြဋ္ဌာန်းရေးအဖွဲ့ NSSA Web Portal ဒုတိယအဆင့် လုပ်ငန်းစဉ် ရှင်းလင်းတင်ပြခြင်း အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။

 

အခမ်းအနားသို့ အလုပ်အကိုင်နှင့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအဖွဲ့ ဥက္ကဋ္ဌ၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ ကျွမ်းကျင်မှု စစ်ဆေးအကဲဖြတ်ရေးနှင့် အသိအမှတ်ပြုရေး ကော်မတီဝင်များ၊ ကျွမ်းကျင်မှု လေ့ကျင့်ရေးကော်မတီဝင်များ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု “စံ” သတ်မှတ် ရေးကော်မတီများမှ ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာအလုပ်အကိုင်များမှ Chief Assessor များ၊ Infor-mation Matrix Co., Ltd မှ ကျွမ်းကျင်ပညာရှင်များ တက်ရောက်သည်။

NSSA Web Portal ကို စတင်ထုတ်လွှင့်

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာလုပ်သားထု၏ ကျွမ်းကျင် မှု ဖွံ့ဖြိုးတိုးတက်စေရန် မြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု “စံ” သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့မှ ဆောင်ရွက်နေသည့် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း စဉ်များကို လုပ်သားဈေးကွက်အတွင်းရှိ Stakeholder များအား အသိပညာ ဝန်ဆောင်မှုပေးနိုင်ရန် ရည်ရွယ်ရေးဆွဲ တည်ဆောက်ထားသည့် NSSA အနေဖြင့် ပြောင်းလဲလာသော IT နည်းပညာများနှင့်အညီ သတင်းအချက်အလက်များ မြန်ဆန်ထိရောက်စွာ သိရှိနိုင်ရန် NSSA Web Portal ကို GIZ ၏ အကူအညီဖြင့် ၂၀၁၉ ခုနှစ်မှ စတင်ရေးဆွဲတည်ဆောက်ခဲ့ပြီး ယခုကဲ့သို့ NSSA အဖွဲ့ဝင်များ၊ NSSA ကော်မတီများ၊ မိတ်ဖက်အဖွဲ့အစည်းများထံ ချပြနိုင်သည့်အနေအထားထိ ရုပ်လုံးပေါ်လာခဲ့ပြီ ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ COVID-19 ထိန်းချုပ်ကာကွယ် နေသည့် ကာလအတွင်း၌ လုပ်ငန်းခွင်အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများကို Home Stay နေရင်းလေ့လာကြည့်ရှုသင်ကြားနိုင်ရန် ခေတ်နှင့်အညီ ပြောင်းလဲ နေသည့် အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု“စံ”များကို မိမိတို့နေထိုင်ရာ အရပ် ဒေသများမှအချိန်တိုအတွင်း လေ့လာနိုင်ရေးအတွက်လည်း ရည်ရွယ်၍ ၂၀၂၀ ပြည့်နှစ် ဇွန်လအတွင်း NSSA Web Portal ကို စတင်ထုတ်လွှင့်ခဲ့ခြင်းဖြစ် ပါကြောင်း။

ဝင်ရောက်လေ့လာနိုင်

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် NSSA သည် ပညာရေးအခြေခံနောက်ခံအားနည်းသော လုပ်ငန်းခွင်ရှိ လုပ်သား များ ကမ္ဘာ့အလုပ်အကိုင်ပြောင်းလဲလာမှုများနှင့်အညီ အလုပ်အကိုင်များ တည်မြဲစေရေး၊ မိမိလုပ်ငန်းအတွင်း ဆက်လက်လေ့လာရင်း ဘဝတစ်သက်တာ လေ့လာသင်ယူမှုနှင့် Learning Cycle သို့ ဟန်ချက်ညီ ဝင်ရောက်လာစေရေး၊ ပြောင်းလဲလာသော အလုပ်အကိုင်ပုံစံများ၊ ကျွမ်းကျင်မှုများနှင့် အပ်စပ်မှုရှိစေရန် အလေးထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် နေရာဒေသ အစုံတွင် မြန်မာလူမှုအသိုက်အဝန်းများအတွက် ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များကို ဆောင်ရွက်လျက်ရှိရာ ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် ရှမ်း ပြည်နယ် လားရှိုးမြို့တွေမှာလည်း GIZ ၏ အကူအညီဖြင့် ဘက်စုံလေ့ကျင့်ရေး သင်တန်းကျောင်းများကို ၂၀၂၁ ခုနှစ်အတွင်း ဆောက်လုပ်ပြီးနိုင်ရန် အရှိန် အဟုန်မြှင့်တင်ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးရှိ လုပ်သားထုများအတွက် Swisscontact နှင့် ပူးပေါင်းဆောင်ရွက်နေသည့် ကျေးလက်ဒေသ သက်မွေးပညာသင်တန်းများ ရှိပြီး ယင်းကျွမ်းကျင်မှုသင်တန်းများ၏ ဘာသာရပ်များ၊ သင်တန်းဆိုင်ရာ သတင်းများသည် NSSA Web Portal ဒုတိယပိုင်း အဆင့်မြှင့်တင်ရာတွင် ပါဝင် လာမည်ဖြစ်သည့်အတွက် မြန်မာလုပ်သားထုအနေဖြင့် ဝင်ရောက်လေ့လာနိုင် မည် ဖြစ်ပါကြောင်း။

တဖြည်းဖြည်းများပြားနိုင်

လက်ရှိအခြေအနေတွင် ကျွမ်းကျင်မှုနည်းသော အလုပ်အကိုင်များ Low-Skilled Occupation များတွင် လုပ်ကိုင်နေရသော လုပ်သားထုကများနေပြီး နောင်တွင် ကမ္ဘာ့အလုပ်အကိုင်အခြေအနေများ ပြောင်းလဲလာနိုင်သည့်အတွက် Middle-Skilled Occupation များ၊ High-Skilled Occupation များတွင် လုပ်ကိုင်ရသူများ တဖြည်းဖြည်းများပြားနိုင်ပါကြောင်း၊ ကိုဗစ်-၁၉ အလွန် ကာလတွင် Digitalization ဖြင့် ဆောင်ရွက်ရမည့် အလုပ်အကိုင်အခွင့်အလမ်း အသစ်များ ပိုမိုများပြားလာနိုင်သည့်အတွက် လိုအပ်သည့် ကျွမ်းကျင်မှုများနှင့် သတင်းအချက်အလက်များကို NSSA Web Portal ၌ ထည့်သွင်းဖော်ပြနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

လုပ်ငန်းရှင်များအနေဖြင့် NSSA Web Portal ကို လေ့လာပြီး ကျွမ်းကျင် လုပ်သားဆိုင်ရာ အချက်အလက်များရရှိစေရေး၊ ဆောင်ရွက်နေသည့် ကျွမ်းကျင် မှု ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ သိရှိနိုင်စေရေး၊ မိမိတို့ လုပ်ငန်းခွင်ရှိ ကျွမ်းကျင်လုပ်သားများကို ကျွမ်းကျင်မှုအဆင့်အလိုက် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ရရှိအောင် ဆောင်ရွက်စေရေး၊ ကျွမ်းကျင်မှုအဆင့်များ တစ်ဆင့်ထက်တစ်ဆင့် ပိုမိုမြင့်မား လာစေရေး၊ လွယ်ကူစွာ ဆက်သွယ်ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ် ဖန်တီးထားခြင်းဖြစ်ပါကြောင်း။

ပြည့်ပြည့်စုံစုံ ဖန်တီးတည်ဆောက်ထား

NSSA Web Portal တည်ဆောက်ပုံသည် အချက်အလက်စီမံခန့်ခွဲမှုစနစ်၊ စာရွက်စာတမ်း သိမ်းဆည်းရှာဖွေနိုင်သောစနစ်၊ Certificate များ စိစစ်နိုင်သည့် စနစ်၊ Online လျှောက်လွှာစီမံခန့်ခွဲမှုစနစ်၊ အချက်အလက်များ ဝန်ဆောင်မှု ပေးခြင်း၊ ကျွမ်းကျင်မှုလေ့ကျင့်ရေးသင်တန်းကျောင်းများ၊ သက်မွေးပညာ သင်တန်းကျောင်းများ အချက်အလက်များ ထည့်သွင်းနိုင်ခြင်း၊ လမ်းညွှန်မြေပုံ၊ သတင်းများ၊ ဗီဒီယိုများ ထည့်သွင်းနိုင်ခြင်းအင်္ဂါရပ်များနှင့် NSSA Web Portal ကို ပြည့်ပြည့်စုံစုံ ဖန်တီးတည်ဆောက်ထားသည့်အတွက် ဝင်ရောက်လေ့လာ ကြည့်ရှုသူအတွက် အကျိုးများစေမည်ဖြစ်ပါကြောင်း။

NSSA Web Portal ၏ Phase 2 တွင် NSSA အသိအမှတ်ပြု လက်မှတ်များကို Online မှတစ်ဆင့် လျှောက်ထားနိုင်သည့်စနစ်၊ Test Item Database နှင့် ချိတ်ဆက်ခြင်း၊ အစီရင်ခံစာများ ထုတ်ယူကြည့်ရှုနိုင်သည့်စနစ်၊ အကောင် အထည်ဖော်ဆောင်ရွက်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း၊ Application ပြုလုပ်ခြင်း၊ အသိအမှတ်ပြုလက်မှတ်ရရှိထားသူများ နောက်တစ်ဆင့် ဖြေဆိုနိုင်ရေးသက်ဆိုင် သူများထံသို့ ဖုန်းအသုံးပြုပြီး SMS စနစ်မှ ပေးပို့နိုင်ရေးတို့အတွက်လည်း ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း။

NSSA ကော်မတီများ၊ ဆက်စပ်ဝန်ကြီးဌာနများ၊ အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်သူ အဖွဲ့အစည်းများ၊ ဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့အစည်းများ၏ အမြင်သစ်၊ အတွေးသစ် စုံလင်စွာဖြင့် ဘက်ပေါင်းစုံ၊ ကဏ္ဍပေါင်းစုံမှ စုပေါင်းညီညာစွာ ဝိုင်းဝန်းပူးပေါင်းအကောင်အထည်ဖော်မှုဖြင့် ပေါ်ပေါက်လာသည့် NSSA Web Portal ကို စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်နိုင်စေရန် မြန်မာလုပ်သားထုအား အချိန်နှင့်တစ်ပြေးညီ အကျိုးပြုနိုင်စေရေး ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေး စေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ GIZ မှ Deputy Head of TVET Project၊ ဒေါ်နိုင်ရီမာ က NSSA Web Portal နှင့် ပတ်သက်ကူညီ ဆောင်ရွက်ပေးမှုအခြေအနေများ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ကော်မတီဝင်များနှင့် Web Portal တည်ဆောက်ပေးသည့် Information Matrix Co., Ltd မှ ကျွမ်းကျင်ပညာရှင်များက သက်ဆိုင်ရာ ကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

သတင်းစဉ်