
ရန်ကုန် ဖေဖော်ဝါရီ ၂၈
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ကာကွယ်ရေးဦးစီး ချုပ်ရုံး (ရေ) တို့၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်၌ တက်ရောက်ပညာသင်ကြားနေသော အရာရှိလောင်းများသည် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်မှ ၂၈ ရက်အထိ တပ်မတော်(ရေ)မှ စစ်ရေယာဉ်(ချင်းတွင်း)ဖြင့် ရန်ကုန်-ကိုကိုးကျွန်း- ဟိုင်းကြီးကျွန်း - ရန်ကုန် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်းခရီးစဉ် (Sea Training) ဆောင်ရွက် ခဲ့ကြသည်။
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ အုပ်ချုပ်သူများနှင့် အရာရှိလောင်းများသည် ဖေဖော် ဝါရီ ၂၃ ရက် ညနေပိုင်းတွင် သီလဝါဆိပ်ကမ်းမှ စတင် ထွက်ခွာခဲ့ပြီး ဖေဖော်ဝါရီ ၂၄ ရက် မွန်းလွဲပိုင်းတွင် ကိုကိုးကျွန်းသို့ ရောက်ရှိရာ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ အမှတ် (၃) စစ်ဗျူဟာမှူး၊ အမှတ်(၂၈) ရေတပ် အခြေစိုက် စခန်းမှူး၊ ကိုကိုးကျွန်းမြို့နယ်မှ ဌာန ဆိုင်ရာ အဖွဲ့အစည်းများနှင့် ရပ်မိရပ်ဖများက နွေးထွေး စွာ ကြိုဆိုကြပြီး မြို့နယ်ခန်းမ၌ ကိုကိုးကျွန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အဆိုပါအဖွဲ့သည် ကိုကိုးကျွန်း ကမ်းခြေတစ်ဝိုက်ရှိ ဂျပန်ခေတ် ခံကတုတ် ဘန်ကာ များနှင့် မြို့နယ်ပတ်ဝန်းကျင်ကို လှည့်လည်ကြည့်ရှု လေ့လာကြပြီး ဖေဖော်ဝါရီ ၂၆ ရက် နံနက်ပိုင်းတွင် ဟိုင်းကြီးကျွန်းသို့ရောက်ရှိရာ ပမ္မဝတီရေတပ်စခန်း ဌာနချုပ်ခန်းမ၌ ဌာနချုပ်မှူးက ဟိုင်းကြီးကျွန်း ဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြောကြား၍ မွန်းလွဲပိုင်းတွင် အုပ်ချုပ်သူ၊ နည်းပြများနှင့် အရာရှိ လောင်းများသည် စစ်သူကြီးမင်းရဲကောင်းပုံ၏ သမိုင်းဝင်နေရာ၊ ကပ္ပလီရွာကမ်းခြေအလှနှင့် မော်တင် စွန်းဘုရားသို့ သွားရောက်လေ့လာဖူးမြော်ခဲ့ကြကာ ညနေပိုင်းတွင် ပမ္မဝတီ ရေတပ်စခန်းဌာနချုပ်မှူးက တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ တက်ရောက် ကြသည်။
ဖေဖော်ဝါရီ ၂၇ ရက် နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်မှ အရာရှိလောင်း များသည် စစ်ရေယာဉ် (ချင်းတွင်း) ပေါ်တွင် Life Boat, Anchor များနှင့် သက်ဆိုင်သော လေ့လာမှုများ၊ အင်ဂျင်ဆိုင်ရာ လေ့လာသင်ကြားမှုများ ဆောင်ရွက် ပြီး ဖေဖော်ဝါရီ ၂၈ ရက် မွန်းလွဲပိုင်းတွင် သီလဝါ ဆိပ်ခံတံတားသို့ ပြန်လည်ရောက်ရှိရာ မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်း ကောလိပ်မှ ဌာနမှူးများ၊ ဆရာ ဆရာမများနှင့် ဝန်ထမ်းများက ကြိုဆိုခဲ့ ကြသည်။
အဆိုပါ ခရီးစဉ်တွင် မြန်မာနိုင်ငံ ကုန်သွယ် ရေကြောင်းကောလိပ်မှ တာဝန်ခံရေကြောင်း ဌာနမှူး ကပ္ပတိန် ဦးကျော်ကျော်ဝင်း ဦးဆောင်ပြီး ရေကြောင်း ပညာအထူးပြုဘာသာရပ် (Nautical Science)မှ ပထမနှစ် အရာရှိလောင်း ၁၂၁ ဦး၊ ဒုတိယနှစ် အရာရှိ လောင်း ၉၀၊ ရေကြောင်း အင်ဂျင်နီယာ အထူးပြု ဘာသာရပ် (Meritime Technology) မှ ပထမနှစ် အရာရှိလောင်း ၁၂၃ ဦး၊ ဒုတိယနှစ် အရာရှိလောင်း ၈၀၊ ရေကြောင်းလျှပ်စစ်နည်းပညာ အထူးပြု ဘာသာ ရပ်(Marine Electrical Technology)မှ ပထမနှစ် အရာရှိလောင်း ၃၈ ဦး၊ ဒုတိယနှစ် အရာရှိလောင်း ကိုးဦး၊ စုစုပေါင်း ၄၆၁ ဦးနှင့် အုပ်ချုပ်သူ၊ နည်းပြများ ၂၀ လိုက်ပါဆောင်ရွက်ခဲ့ကြသည်။
သင်ကြားလေ့ကျင့်နိုင်ခဲ့
မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ် အရာရှိလောင်းများအနေဖြင့် ပင်လယ်ပြင်လက်တွေ့ လေ့ကျင့်ခန်း (Sea Training) တွင် ပင်လယ်ပြင်နေ့စဉ် လုပ်ဆောင်မှု (Daily Sea Routine Work)၊ ရေယာဉ် ကိုင်တွယ်ထိန်းသိမ်းရေးဘာသာရပ် (Ship Hand-ling) ၊ ကမ်းရိုးတန်းသွားလာမှု (Coastal Naviga-tion) ၊ ပင်မအင်ဂျင်များ၊ မီးစက်များ၊ ပန့်၊ မော်တာ များ၊ အီလက်ထရွန်နစ်ပစ္စည်းများကို လက်တွေ့ ကိုင်တွယ် မောင်းနှင်ခြင်းများနှင့် အရေးပေါ်မီးသတ် လေ့ကျင့်ခန်းများအပါအဝင် သင်ကြားလေ့ကျင့်နိုင်ခဲ့ ကြောင်း သိရသည်။
သတင်းစဉ်