
(၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်နေ့၊ သည်ဟိတ်ဂ်မြို့)
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊
၁။ ကျွန်တော့်အနေနဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ကိုယ်စားလှယ်အဖြစ် တရားရုံးတွင် ပါဝင်တက်ရောက်ရတဲ့ အတွက် ဂုဏ်ယူမိပါတယ်။
၂။ တရားသူကြီးများဖွဲ့စည်းမှုနှင့် နှစ်ဖက်အမှုသည်များ၏ ကိုယ်စား လှယ်များတွင် အပြောင်းအလဲများရှိသည့်အားလျော်စွာ ကျွန်တော့်အနေနဲ့ Madam Joan Donoghue ကို တရားရုံး၏ သဘာပတိအဖြစ်လည်းကောင်း၊ Mr. Kirill Gevorgian ကို ဒုတိယ သဘာပတိတို့အဖြစ်လည်းကောင်း၊ Mr. Georg Nolte နှင့် Ms. Hilary Charlesworth တို့ကို တရားသူကြီးများအဖြစ် လည်းကောင်း တင်မြှောက်ခံရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်းနှင့် တရားလို၏ ကိုယ်စားလှယ်အသစ်ဖြစ်သော Mr. Dawda Jallow နှင့် တွဲဖက်ကိုယ်စားလှယ်အသစ်ဖြစ်သော (Co-Agent) Mr. Hussein Thomasi တို့ကို ချစ်ကြည်လေးစားမှု ရှိပါကြောင်း ဦးစွာပြောကြားလိုပါတယ်။
၃။ ကုလသမဂ္ဂ၏ အဓိကတရားရေးမဏ္ဍိုင်ဖြစ်သော အပြည်ပြည်ဆိုင်ရာတရားရုံးအနေဖြင့် ယခုကိစ္စရပ်အား တရားဥပဒေနှင့် လျော်ညီစွာ ဆုံးဖြတ်မည်ဟု နက်ရှိုင်းသော ယုံကြည်မှုနှင့်အတူ မိမိအနေနဲ့ မြန်မာနိုင်ငံ၏ ကိုယ်စားလှယ်အသစ်အနေဖြင့် တွဲဖက် ကိုယ်စားလှယ်ဖြစ်သော ဒေါက်တာသီတာဦးနှင့်အတူ လာရောက်ခဲ့ခြင်းဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊
၄။ အပြည်ပြည်ဆိုင်ရာတရားရုံးအနေနဲ့ တရားရုံး၏ ရှေ့မှောက်သို့ ရောက်ရှိလာသည့် နိုင်ငံအချင်းချင်း ဆက်ဆံရေးနှင့် သက်ဆိုင် သည့် ဥပဒေများ၊ တရားရုံး၏ စီရင်ပိုင်ခွင့်နှင့် သက်ဆိုင်သည့် ဥပဒေများအပြင် တရားရုံးသို့ အမှုစွဲတင်ခွင့်အပေါ် သတ်မှတ်ချက် များကိုလည်း အမှုနှင့်သက်ဆိုင်သောဥပဒေများအဖြစ် မှတ်ယူ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၅။ နိုင်ငံတကာတရားဥပဒေစိုးမိုးရေးအတွက် အပြည်ပြည်ဆိုင်ရာ ဥပဒေ၏ စံနှုန်းများကို လေးစားလိုက်နာရာမှာ အခြားသော ကျန်ရှိတဲ့ ဥပဒေစံနှုန်းများကိုပါ တိကျစွာ လေးစားလိုက်နာသွားရန် အရေးကြီးပါတယ်။ အပြည်ပြည်ဆိုင်ရာ တရားဥပဒေစနစ်ကို မတူကွဲပြားသော နိုင်ငံများ၏ တူညီသော သဘောဆန္ဒများနဲ့ တည်ထောင်ထားတာ ဖြစ်ပါတယ်။ အပြည်ပြည်ဆိုင်ရာ တရား ဥပဒေစနစ် ဆက်လက်ကျယ်ပြန့်စွာ ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဘုံသဘောထားတွေကို အတိအကျ လေးစားလိုက်နာမှာဖြစ်တဲ့ အကြောင်း အဖွဲ့ဝင်နိုင်ငံများ အားလုံးက ယုံကြည်လက်ခံနေရမှာ ဖြစ်ပါတယ်။
၆။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအပေါ် တရားရုံးအနေဖြင့် စီရင် ပိုင်ခွင့်မရှိကြောင်း သို့မဟုတ် အမှုအား ပလပ်သင့်ကြောင်း လျှောက်လဲခြင်းဟာ တရားရုံးရဲ့ တရားစီရင်မှု လုပ်ထုံးလုပ်နည်း များအပေါ် ဆင်ခြေပေးကန့်သတ်ရန်အတွက် မဟုတ်ပါ။ အဲ့ဒီ အစား တော်တည့်မှန်ကန်တဲ့ တရားမျှတမှု ရရှိနိုင်ရေးအတွက် ရည်ရွယ်တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ယခုကနဦး ကန့်ကွက်လွှာ လျှောက်ထားခြင်းအား တရားရုံးအပေါ် အထူး လေးစားသမှုဖြင့် လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။
၇။ ဒါကြောင့် နောင်ရက်များအတွင်း တရားရုံးရှေ့မှောက်မှာ ပြုလုပ် မယ့်လျှောက်လဲချက်များ ကြားနာခြင်းဟာ အလွန်ပဲအရေးကြီးပါ တယ်။ ယေဘုယျအားဖြင့် တရားရုံးရဲ့ အနာဂတ်တရားစီရင်ရေး လုပ်ငန်းစဉ်တွေအပေါ် အကျိုးသက်ရောက်မှုများစွာရှိမှာ ဖြစ်သလို နိုင်ငံများအကြား အပြည်ပြည်ဆိုင်ရာတရားရုံး သို့မဟုတ် ခုံရုံးများသို့ တင်သွင်းမည့် အမှုများအပေါ်လည်း အမှန်တကယ် အကျိုးသက်ရောက်မှုများ ရှိလာမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊
၈။ မြန်မာနိုင်ငံမှ တင်သွင်းခဲ့သည့် ကနဦးကန့်ကွက်ချက်များသည် အမှတ်တကယ် ကနဦးအဆင့်သာဖြစ်ပြီး Genocide Convention အား မြန်မာနိုင်ငံမှ ဖောက်ဖျက်ကြောင်း ဂမ်ဘီယာနိုင်ငံမှ စွပ်စွဲထားသည့် ကိစ္စအပေါ် ဆုံးဖြတ်ချက် ချမှတ်ရေးနှင့် သီးခြားစီ ဖြစ်ပါတယ်။ တရားရုံးအနေဖြင့် ယခုကနဦးကန့်ကွက်လွှာကြားနာ မှုကို ဆုံးဖြတ်ပြီးနောက်မှာမှ အဆိုပါကိစ္စရပ်အား ဆက်လက် စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
၉။ တရားရုံး၏ ကြားဖြတ်စီမံဆောင်ရွက်ချက်အမိန့်များသည် ကနဦး ကန့်ကွက်လွှာပါ အချက်များအပေါ် ကြိုတင်ဆုံးဖြတ်သည့်သဘော လုံးဝသက်ရောက်စေမည် မဟုတ်ကြောင်း ကြားဖြတ်စီမံ ဆောင်ရွက်ချက်အမိန့်အပိုဒ် ၈၅ ၌ ရှင်းလင်းစွာ ဖော်ပြထားပြီး ဖြစ်ပါတယ်။ ထို့ကြောင့် ယခုအချိန်မှသာ တရားရုံးအနေဖြင့် ကနဦးကန့်ကွက်ချက်များအပေါ် သေချာစွာ လေ့လာသုံးသပ်၍ ဆုံးဖြတ်ချက်ချမှတ်ပေးရမှာ ဖြစ်ပါတယ်။
၁၀။ အဲ့ဒါကြောင့် ယနေ့ကြားနာပွဲမှာ ကျွန်တော့်အနေနဲ့ ဂမ်ဘီယာ နိုင်ငံမှ တင်သွင်းထားသည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးသွားမှာ မဟုတ်ပါ။ မြန်မာနိုင်ငံအနေဖြင့် ယခုအမှုအား တရားရုံးတွင် စီရင်ပိုင်ခွင့်မရှိကြောင်း၊ ပလပ်ရမည်ဖြစ်ကြောင်း လျှောက်ထားခြင်းသည် ဂမ်ဘီယာ၏ စွပ်စွဲချက်အပေါ် တုံ့ပြန်ရန် မရှိကြောင်းပြောဆိုခြင်း မဟုတ်သည်ကိုလည်း အထူး အလေးထား ပြောလိုပါတယ်။
၁၁။ မြန်မာနိုင်ငံအစိုးရနှင့် တပ်မတော်တို့အနေဖြင့် ကာလရှည်ကြာ စွာ သမိုင်းကြောင်းရှိတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသရှိ ပြဿနာများအပေါ် ဆက်လက်ဖြေရှင်းသွားရန် စိတ်ပိုင်းဖြတ် ထားပြီးဖြစ်ပါတယ်။ အဆိုပါပြဿနာများဟာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံတို့ ကျရောက်ခဲ့တဲ့ ကိုလိုနီလက်အောက်ခံဘဝရဲ့ အကျိုးဆက်များအပါအဝင် ရှုပ်ထွေးတဲ့ ပြဿနာများ ဖြစ်ပါ တယ်။ ဒါပေမယ့် အဆိုပါ အချက်များဟာ ယခုကြားနာမှုနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
၁၂။ မြန်မာနိုင်ငံအစိုးရအနေဖြင့် ဤရှုပ်ထွေးလှသော ပြဿနာအား ငြိမ်းချမ်းသော နည်းလမ်းဖြင့် စေ့စပ်ညှိနှိုင်းအဖြေရှာ၍ ပြေလည်မှု ရရှိစေရေးအတွက် ကြိုးစားလျက်ရှိပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်နှင့် တရုတ် (၃) နိုင်ငံအကြား သုံးပွင့်ဆိုင် သံတမန် ဆွေးနွေးပွဲများ ကျင်းပလျက် ပြန်လည်လက်ခံရေးကိစ္စရပ်များကို ဆောင်ရွက်လျက်ရှိပါတယ်။ တစ်ချိန်တည်းမှာပဲ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့၏ လုပ်ငန်းအဖွဲ့များမှ နှစ်နိုင်ငံ သဘောတူညီ ချက်အရ မိမိဆန္ဒအလျောက် နေရပ်ပြန်လိုသည့် လူဦးရေစာရင်း ကို ပြုစုရာတွင် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်လျက်ပါတယ်။ ပြန်လည်လက်ခံရေးအတွက် ကနဦးလုပ်ငန်းစီမံကိန်းများကို လည်း မြန်မာနိုင်ငံအစိုးရမှ ပြင်ဆင်ဆောင်ရွက်ထားပြီးဖြစ်ပါ တယ်။ မြန်မာနိုင်ငံရဲ့ နယ်နိမိတ်အတွင်း၊ ရခိုင်ပြည်နယ်ရှိ IDP စခန်းတွေမှာ နေထိုင်လျက်ရှိသူများကို အခြားနိုင်ငံသားများ နည်းတူ Covid-19 ရောဂါ ကာကွယ်ဆေးထိုးနှံ ပေးလျက်ရှိပါ တယ်။ ဒါ့အပြင် နေရပ်စွန့်ခွာသူများအား ၎င်းတို့၏ မူရင်းဒေသများ ကို ပြန်လည်ပို့ဆောင်နိုင်ရေးနဲ့ IDP စခန်းများ ပိတ်သိမ်းနိုင်ရေးကိစ္စများမှာလည်း ဆောင်ရွက်နေဆဲဖြစ်ပါတယ်။ လတ်တလော ဖြစ်ပေါ်တိုးတက်မှုအခြေအနေများကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံ အစိုးရအနေနဲ့ လက်ရှိပြဿနာအပေါ် ထိရောက်ပြီး မှန်ကန်တဲ့ ကုစားမှုရရှိနိုင်ရေး အလေးထားမှု ဆန္ဒမှန်ကို သိရှိမှာ ဖြစ်ပါတယ်။
၁၃။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ စတင်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်၏ တာဝန်များကို ရယူပြီးနောက်မှာလည်း အိမ်စောင့်အစိုးရအသစ်အနေဖြင့် ယခုအမှုအပေါ် ယခင်အစိုးရမှ ထားရှိခဲ့တဲ့ တာဝန်များကို ဆက်လက်လက်ခံ လိုက်နာလျက်ရှိပါ တယ်။ တာဝန်ရှိအဖွဲ့အစည်းအနေဖြင့် တရားရုံးမှချမှတ်ခဲ့သော ကြားဖြတ် စီမံဆောင်ရွက်ချက်အမိန့်အား အစွမ်းကုန် အကောင် အထည်ဖော်လျက်ရှိပြီး ပုံမှန် တင်သွင်းရမည့် အစီရင်ခံစာများကို ဆက်လက်တင်သွင်းလျက်ရှိပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊
၁၄။ မြန်မာနိုင်ငံအနေနဲ့ ကနဦးကန့်ကွက်လွှာမှာ အချက် (၄) ချက်ကို တင်သွင်းခဲ့ပါတယ်။ အဆိုပါကန့်ကွက်ချက်များနဲ့ သက်ဆိုင်တဲ့ လျှောက်လဲချက်များကို မြန်မာနိုင်ငံက တင်ပြခဲ့တဲ့ စာဖြင့်ရေးသားလျှောက်လဲချက်များမှာ အပြည့်အစုံပါဝင်ထားပြီးဖြစ်ကာ အဆိုပါ အချက်များကို ဆက်လက်မှီငြမ်းလျှောက်လဲသွားမှာ ဖြစ်လို့ တရားရုံးအနေဖြင့်လည်း ဆက်လက်မှီငြမ်းနိုင်ပါရန် လေးစားစွာ တင်ပြပါတယ်။ တရားရုံး၏ နည်းဥပဒေများနဲ့ ကျင့်ထုံးလမ်းညွှန်များနှင့်အညီ မြန်မာနိုင်ငံရဲ့ ကိုယ်စားပြုရှေ့နေ များမှ လိုအပ်သည့် အချက်အလက်များအပေါ် အဓိကထား တင်ပြသွားမှာဖြစ်ပါတယ်။
၁၅။ ယနေ့ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့ လျှောက်လဲချက်များကို အောက်ဖော်ပြပါ အစီအစဉ်အတိုင်း ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။ ပထမဦးစွာ Dr. Staker မှ မြန်မာနိုင်ငံရဲ့ ကနဦးကန့်ကွက် လွှာ ပထမအချက်ကို လျှောက်လဲမှာ ဖြစ်ပါတယ်။ ကနဦး ကန့်ကွက်လွှာ ဒုတိယအချက်ကို Professor Talmon က လည်း ကောင်း၊ တတိယအချက်ကို Professor Kolb ကလည်းကောင်း အသီးသီး လျှောက်လဲကြမှာဖြစ်ပြီး ကနဦးကန့်ကွက်လွှာ နောက်ဆုံးအချက်ကို Dr. Staker မှ ဆက်လက်လျှောက်လဲသွားမှာ ဖြစ်ပါတယ်။
ဥက္ကဋ္ဌကြီးနဲ့ ဂုဏ်သရေရှိတရားသူကြီးမင်းများခင်ဗျား၊
၁၆။ စိတ်ပါဝင်စားစွာ နားထောင်ပေးမှုအတွက် ကျေးဇူးတင်ရှိပါ တယ်။ ဆက်လက်၍ မြန်မာနိုင်ငံ၏ ရှေ့နေ Dr. Staker အား လျှောက်လဲခွင့်ပြုပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ကျေးဇူးတင်ပါ တယ်။