
နေပြည်တော် စက်တင်ဘာ ၁၀
(၁၃) ကြိမ်မြောက် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ် (စီအယ်လ်အမ်ဗွီ) စီးပွားရေးဝန်ကြီးများအစည်းအဝေးကို ယနေ့တွင် video conference စနစ်ဖြင့် ကျင်းပရာ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေးဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်နှင့်တာဝန်ရှိသူများ တက်ရောက် ကြပြီး ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး က အစည်းအဝေးသဘာပတိအဖြစ် ဆောင်ရွက် သည်။
အစည်းအဝေး၌ ၂၀၂၁ ခုနှစ်အတွင်း မြန်မာနိုင်ငံ က အလှည့်ကျသဘာပတိအဖြစ် ဆောင်ရွက်သည့် ကာလအတွင်း စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်း ဆောင်ရွက်မှု အခြေအနေများကို စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေး၏ သဘာပတိဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်း အတွင်းဝန် ဒေါက်တာဝါဝါမောင်က ဝန်ကြီးများထံ တင်ပြသည်။
ပူးပေါင်းဆောင်ရွက်ရေး လမ်းညွှန်ခဲ့
အမြဲတမ်းအတွင်းဝန် ဒေါက်တာဝါဝါမောင်က ၂၀၂၁ ခုနှစ်အတွင်း စီအယ်လ်အမ်ဗွီ အဆင့်မြင့် စီးပွားရေးအရာရှိများ အစည်းအဝေးကျင်းပနိုင်မှု၊ စီအယ်လ်အမ်ဗွီ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ် အရ ဆောင်ရွက်ခဲ့သည့် လုပ်ငန်းများ၊ ဆောင်ရွက်ဆဲ လုပ်ငန်းများ အခြေအနေ၊ ဂျာမန်ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့နှင့် စွမ်းဆောင်ရည် မြှင့်တင်မှု လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်မှု အခြေအနေ၊ စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်မည့် လုပ်ငန်း အစီအစဉ်ရေးဆွဲမည့် လုပ်ငန်းလမ်းညွှန်ကို အတည် ပြုနိုင်မှု အခြေအနေများကို စီးပွားရေးဝန်ကြီးများထံ တင်ပြခဲ့ရာ ဝန်ကြီးများက အဆင့်မြင့်စီးပွားရေး အရာရှိများအား စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ အရ လုပ်ငန်းများ ဆက်လက် အကောင် အထည်ဖော်ရေး၊ စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ အားသာချက်ဖြစ်သည့် စိုက်ပျိုးရေးကို အခြေခံသည့် လုပ်ငန်းများကို ကိုဗစ်-၁၉ ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များတွင် ထည့်သွင်းဆောင်ရွက်ရေး၊ အီလက်ထရွန်နစ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်း များတွင် စီအယ်လ်အမ်ဗွီ နိုင်ငံများအကြား ပူးပေါင်း ဆောင်ရွက်မှု ပိုမိုမြှင့်တင်ရေး၊ အာဆီယံနိုင်ငံများ အကြား ဖွံ့ဖြိုးမှု ကွာဟချက် ကျဉ်းမြောင်းစေရေးနှင့် အခြား အာဆီယံနိုင်ငံများ၊ ဖွံ့ဖြိုးမှု မိတ်ဖက်များနှင့် ပူးပေါင်းဆောင်ရွက်ရေးတို့ကို လမ်းညွှန်ခဲ့ကြ သည်။
ထို့နောက် စီအယ်လ်အမ်ဗွီ နိုင်ငံများရှိ အရာထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင်ရန် ကမ္ဘော ဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့က ဗီယက်နမ်နိုင်ငံ သို့ တစ်နိုင်ငံလျှင် ပညာသင် (၂၀) စေလွှတ်ခြင်း အစီ အစဉ်အတွက် ဗီယက်နမ်နိုင်ငံ၏ ပံ့ပိုးပေးမှုကို မှတ်တမ်းတင်ခဲ့သည်။
အစည်းအဝေးတွင် စီးပွားရေးဝန်ကြီးများက စီအယ်လ်အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်ကို အကောင်အထည်ဖော်ရန် လုပ်ငန်းအစီအစဉ်ရေးဆွဲ မည့် စီမံချက်ကို ဆက်လက်ဆွေးနွေးခဲ့ရာ စီမံချက် အတွက် ပံ့ပိုးကူညီပေးသည့် သြစတြေးလျနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်ပြီး၊ စီအယ်လ် အမ်ဗွီ ဖွံ့ဖြိုးတိုးတက်မှု မူဘောင်သည် ၂၀၃၀ပြည့်နှစ် တွင် စီအယ်လ်အမ်ဗွီနိုင်ငံ ပြည်သူများအား အလယ် အလတ်ဝင်ငွေရှိသည့် အခြေအနေသို့ရောက်ရှိစေရန် ရည်ရွယ်ထားသည့်အတွက် စီမံချက်ကို ၂၀၂၁ ခုနှစ် အတွင်း အချိန်မီပြီးစီးစေရေး မဲခေါင်သုတေသနအဖွဲ့၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးတို့နှင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ရန် အဆင့်မြင့်အရာရှိများအား လမ်းညွှန်ခဲ့သည်။
ပူးတွဲသတင်းထုတ်ပြန်ချက်အတည်ပြု
ထို့နောက် စီးပွားရေးဝန်ကြီးများက ဂျာမန်ဖွံ့ဖြိုး တိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့မှ ဆောင်ရွက်လျက်ရှိသည့် စီအယ်လ်အမ်ဗွီ နိုင်ငံများ၏ ယှဉ်ပြိုင်မှုနှင့် ဝန်ဆောင်မှုဆိုင်ရာ ပိုမိုတိုးတက်စေ ရေး ပံ့ပိုးဆောင်ရွက်ပေးသည့်လုပ်ငန်း စီမံချက် အကောင်အထည်ဖော်မှု အခြေအနေများ၊ နိုင်ငံ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်မှု အခြေအနေများနှင့် ဒေသအတွင်း ကိုဗစ်-၁၉ ကာလအလွန် စီးပွားရေး ပြန်လည်ကောင်းမွန်စေ ရန် ဆောင်ရွက်မှုများ၊ ဒေသခွဲအတွင်းတွင် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရေးနှင့် ပေါင်းစပ်ဆက်သွယ်မှု တိုးတက်ရေးတို့အတွက် ဒစ်ဂျစ်တယ် ကုန်သွယ်ရေး ကို တိုးမြှင့်ရေး၊ ငွေကြေးဝန်ဆောင်မှုများ ဖွံ့ဖြိုး တိုးတက်ရေးနှင့် ခရီးသွားကဏ္ဍ ပြန်လည် ဖွံ့ဖြိုးလာ စေရေးကိစ္စများကို ဆွေးနွေးခဲ့ကြပြီး (၁၃) ကြိမ် မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက်ကို အတည်ပြုခဲ့သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံ က ၂၀၂၁ ခုနှစ်အတွင်း ဦးဆောင်ဆောင်ရွက်ခဲ့သည့် စီအယ်လ်အမ်ဗွီ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု များတွင် ပံ့ပိုးဆောင်ရွက်ပေးသည့်အတွက် ကမ္ဘော ဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့အား ကျေးဇူး တင်ရှိကြောင်း ပြောကြားပြီး ၂၀၂၂ ခုနှစ်တွင် အလှည့် ကျ စီအယ်လ်အမ်ဗွီ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု များကို ဦးဆောင်ရန် ဗီယက်နမ်နိုင်ငံအား လွှဲပြောင်း ပေးအပ်သည်။
သတင်းစဉ်