မြန်မာနိုင်ငံက အိုအိုင်စီမှတင်သွင်းသည့် အဆို(မူကြမ်း)အား လက်မခံပယ်ချကြောင်း

ဂျီနီဗာမြို့၌ ကျင်းပခဲ့သော လူ့အခွင့်အရေးကောင်စီ၏ (၄၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေးကာလအတွင်း ၁၂-၇-၂၀၂၁ ရက်တွင်  အိုအိုင်စီက တင်သွင်းသည့် “ရိုဟင်ဂျာ”ဆိုသူ မွတ်ဆလင်များနှင့် အခြားသောလူနည်းစုများ၏ အခွင့်အရေးအခြေအနေနှင့်ပတ်သက်၍  အဆိုတစ်ရပ်ကို သက်ဆိုင်ရာ မြန်မာနိုင်ငံမပါဝင်ဘဲ အတည်ပြုဆုံးဖြတ် ခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လေ့လာတွေ့ရှိရသည်။  

  
ယင်းဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးများအဖြစ်  အသိအမှတ်ပြုထားခြင်းမရှိသော  “ရိုဟင်ဂျာ” ဆိုသူများနှင့်ပတ်သက်၍ အဓိကဖော်ပြထားသည်။ ထို့အပြင် မမှန်  ကန်သော သတင်းများ၊ တစ်ဖက်သတ်စွပ်စွဲချက်များကို အခြေခံထား ကြောင်းနှင့်  မြန်မာနိုင်ငံက အသိအမှတ်ပြုလက်ခံထားခြင်းမရှိသော မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူ၊ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးယန္တရားနှင့် အချက်အလက်ရှာဖွေရေးအဖွဲ့ စသည့် နိုင်ငံတကာယန္တရားများ၏အခန်းကဏ္ဍများကို အလေးပေးထားကြောင်းလည်း တွေ့ရှိရသည်။  



မြန်မာနိုင်ငံသည် နိုင်ငံတစ်နိုင်ငံအပေါ် နိုင်ငံရေးအရ ရည်ရွယ် ချက်ရှိရှိဖြင့် မျှတမှုမရှိဘဲ ဦးတည်အရေးယူသည့် အဆိုမူကြမ်းများ၊ မိမိတို့၏    ပြည်တွင်းရေးကို   ဝင်ရောက်စွက်ဖက်စေနိုင်သည့် အပြည်ပြည်ဆိုင်ရာ ယန္တရားများကို အစဉ်တစိုက် လက်ခံခဲ့ခြင်း မရှိခဲ့ပါ။ ထို့အပြင် ယခုဆုံးဖြတ်ချက်အဆိုသည် မြန်မာနိုင်ငံအပေါ် ကြိမ်ဖန်များစွာ  ထပ်တလဲလဲအရေးယူသည့်  လုပ်ရပ်ဖြစ်သည့် အတွက်လည်းကောင်း၊  ရခိုင်ပြည်နယ်အရေးကိစ္စနှင့်ပတ်သက်၍ အစိုးရ၏  ကြိုးပမ်းဆောင်ရွက်ချက်များကို  ထင်ဟပ်မှုမရှိသဖြင့် လည်းကောင်း၊        မြန်မာနိုင်ငံအနေဖြင့်     အဆိုတစ်ခုလုံးနှင့် ယင်းအပေါ် ဆွေးနွေးမှုများကို လည်းကောင်း ကန့်ကွက်ပယ်ချ သည်။    ထို့အပြင်    နိုင်ငံရေးရည်မှန်းချက်များဖြင့်   တီထွင် ဖန်တီးထားသည့် “ရိုဟင်ဂျာ”ဟူသည့်   အသုံးအနှုန်းကိုလည်း  မြန်မာအစိုးရနှင့်    ပြည်သူများက   အသိအမှတ်ပြုခြင်းမရှိဘဲ ပယ်ချသည်။ 


မြန်မာနိုင်ငံအနေဖြင့် ရခိုင်ပြည်နယ်အရေးကိစ္စနှင့်စပ်လျဉ်း ၍ အားလုံးပါဝင်သည့်  အလုံးစုံချဉ်းကပ်မှုပုံစံမျိုးဖြင့် ဆောင်ရွက် လျက်ရှိပါသည်။ နေရပ်စွန့်ခွာသူများ   ပြန်လည်လက်ခံရေးနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် နှစ်နိုင်ငံသဘောတူညီချက်များ နှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် နိုင်ငံသားဖြစ်မှု စိစစ်ခြင်းနှင့်ပတ်သက်၍ ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည်ဖြစ်သည်။  
ဆုံးဖြတ်ချက် အဆို(မူကြမ်း)ကို တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံ တို့ကလည်း   သဘောမတူ၊ မထောက်ခံကြောင်း (Dissociate) ပြောကြားခဲ့ပါသည်။


နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
ရက်စွဲ၊ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၁၄  ရက်။