
နေပြည်တော် မေ ၂၆
အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးဗဟိုကော်မတီ အစည်း အဝေး (၁/၂၀၂၂)ကို ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ကျောက် စိမ်းခန်းမ၌ကျင်းပရာ အမျိုးသားခရီး သွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟို ကော်မတီဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွား လုပ်ငန်းဆိုင်ရာ တတ်သိပညာရှင်များ၊
အသင်းအဖွဲ့များနှင့် တာဝန်ရှိသူများက ဗီဒီယို ကွန့်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူး ကြီး စိုးဝင်း အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်စတင်လည်ပတ်နိုင်ရန်၊ ခရီးသွားလုပ်ငန်း မှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုး တိုးတက်မှုကို အထောက်အပံ့ဖြစ်စေရန်နှင့် ကြုံတွေ့ လာနိုင်သည့် စိန်ခေါ်မှုများနှင့် အခက်အခဲများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားနိုင်ရေး ဗဟို ကော်မတီဝင်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ကျင်းပရခြင်းဖြစ်ကြောင်း၊ ယခုအစည်း အဝေးသည် ၂၀၂၂ ခုနှစ်အတွက် ပထမဆုံးအကြိမ် ကျင်းပသည့် အစည်းအဝေး ဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၈ ရက်တွင် ပထမအကြိမ် အစည်းအဝေး (၁/ ၂၀၂၁ ) ကို ကျင်းပခဲ့ကြောင်း။
နိုင်ငံတကာခရီးသွားလုပ်ငန်း
ကမ္ဘာ့ခရီးသွားလုပ်ငန်းကောင်စီ (WTTC) ၏ သုတေသနစစ်တမ်းများအရ ခရီးသွားလုပ်ငန်းသည် ၂၀၁၉ ခုနှစ်တွင် ကမ္ဘာ့ဂျီဒီပီ၏ ၁၀ ဒသမ ၄ ရာခိုင်နှုန်း ပါဝင်နိုင်ခဲ့ပြီး ခရီးသွားကန့်သတ်ချက်များနှင့် ခရီး သွားလုပ်ငန်းများ ရပ်ဆိုင်းခဲ့ရမှုကြောင့် ၂၀၂၁ ခုနှစ် တွင် ကမ္ဘာတစ်ဝန်း အလုပ်အကိုင် ၆၂ သန်းကျော် ဆုံးရှုံးခဲ့ရသည်ဟု သိရှိရကြောင်း၊ ထို့ပြင် ကမ္ဘာ့ခရီး သွားလုပ်ငန်း အဖွဲ့ချုပ်(UNWTO)၏ စာရင်းဇယား များအရ ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည် ဝင်ရောက်မှု အခြေအနေသည် ၂၀၂၀ ပြည့်နှစ်နှင့် နှိုင်းယှဉ်ကြည့်ပါက (၄)ရာခိုင်နှုန်း တိုးတက်လာ သော်လည်း ကပ်ရောဂါမဖြစ်ပွားမီကာလဖြစ်သည့် ၂၀၁၉ ခုနှစ်ထက် (၇၂) ရာခိုင်နှုန်း လျော့နည်းသည်ကို တွေ့ရှိရကြောင်း၊ ကပ်ရောဂါမဖြစ်ပွားမီကာလ ၂၀၁၉ ခုနှစ်တွင် နိုင်ငံတကာခရီးသည် ၁ ဒသမ ၅ ဘီလီယံဝင်ရောက်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် နိုင်ငံတကာ ခရီးသည် ၄၁၅ သန်းသာ ဝင်ရောက်ခဲ့ကြောင်း။
မြန်မာနိုင်ငံခရီးသည်ဝင်ရောက်မှု
မြန်မာနိုင်ငံ၏ ၂၀၁၉ ခုနှစ်တွင် ခရီးသည် ဝင်ရောက်မှု ၄ ဒသမ ၃၆ သန်းနှင့် ခရီးသွား လုပ်ငန်းမှ ဝင်ငွေအမေရိကန်ဒေါ်လာ ၂၈၁၈ ဒသမ ၇၅ သန်းရရှိခဲ့သည်ကို တွေ့ရှိရကြောင်း၊ ကိုဗစ်-၁၉ ရောဂါကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာခဲ့သည့် နောက်ပိုင်းတွင် ခရီးသွားလုပ်ငန်း အားလုံးနီးပါး ရပ်တန့်ခဲ့သည့်အတွက် ၂၀၂၀ ပြည့်နှစ်တွင် မြန်မာ နိုင်ငံသို့ ခရီးသည် ၀ ဒသမ ၉၀ သန်းသာ ဝင်ရောက် ခဲ့ပြီး ၂၀၁၉ ခုနှစ်နှင့် နှိုင်းယှဉ်ပါက (၇၉)ရာခိုင်နှုန်း လျော့နည်းခဲ့ကြောင်း၊ ၂၀၂၁ ခုနှစ်တွင် လည်း မြန်မာ နိုင်ငံသို့ ခရီးသည် ၀ ဒသမ ၁၃ သန်းသာ ဝင်ရောက် ခဲ့ကြောင်း။
ကမ္ဘာ့နိုင်ငံများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန် ခရီးသွားကန့်သတ်ချက်များ ချမှတ် ထားခြင်းသည် ခရီးသွားလုပ်ငန်း၏ အသက်သွေး ကြောကို ဖြတ်တောက်လိုက်သကဲ့သို့ဖြစ်ပြီး အဆိုပါ ကန့်သတ်ချက်များကြောင့် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင်များသာမက စီးပွားရေးနှင့် ရေရှည် တည်တံ့ဖွံ့ဖြိုးတိုးတက်မှုများအတွက် ကောင်းကျိုး ထက်ဆိုးကျိုးကိုပိုမိုဖြစ်စေသည်ဟု ကမ္ဘာ့ခရီးသွား လုပ်ငန်းအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၂၂ ခုနှစ် ဇန်နဝါရီတွင် ကျင်းပခဲ့သည့် ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၏ (၁၀) ကြိမ်မြောက် နိုင်ငံတကာ ကျန်းမာရေး အရေးပေါ်တုံ့ပြန်မှုမူဝါဒကော်မတီ အစည်းအဝေးတွင် ထည့်သွင်းပြောကြားခဲ့ကြောင်း၊ ယခုအခါတွင် ကမ္ဘာ့နိုင်ငံအသီးသီးသည် ရောဂါ ကူးစက်မှုများကို ထိန်းချုပ်လာနိုင်သည်နှင့်အမျှ ခရီးသွားလုပ်ငန်းများ ပြန်လည်စတင်ဆောင်ရွက်နေ ကြပြီဖြစ်ကြောင်း။
မြန်မာနိုင်ငံသို့ နိုင်ငံတကာမှ ခရီးသွားများ အဆင်ပြေစွာ လာရောက်နိုင်ရေးအတွက် ကျန်းမာ ရေးဆိုင်ရာ ကန့်သတ်ချက်များကို တဖြည်းဖြည်း ဖြေလျှော့ပေးခဲ့ရာ ဧပြီ ၁၇ ရက်၊ မြန်မာနှစ်ဆန်း (၁)ရက်မှစတင်ကာ နိုင်ငံတကာပုံမှန်လေကြောင်းခရီးစဉ်များကို စတင်ပျံသန်းပြေးဆွဲခွင့်ပြုခဲ့ကြောင်း၊ မေ ၂၅ ရက်ထိ နိုင်ငံတကာပုံမှန်လေကြောင်းလိုင်း များဖြင့် ပြည်တွင်းခရီးသည် ၂၀၆၅၇ ဦးနှင့် နိုင်ငံခြား သားခရီးသည် ၅၅၆၁ ဦး ဝင်ရောက်ခဲ့သည်ကို တွေ့ရှိ ရကြောင်း၊ တစ်ရက်လျှင် ပျမ်းမျှလေကြောင်းလိုင်း ၉ လိုင်း၊ လေယာဉ်ခရီးစဉ် ၂၈၂ ခေါက် ဆင်းသက် ပျံသန်းလျက်ရှိကြောင်း၊ ခရီးသွားလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လုပ်ကိုင် ဆောင်ရွက် နိုင်ကြမည့် အလားအလာကောင်းများရှိလာကြောင်း။ ခရီးသွားလုပ်ငန်းဆိုင်ရာများနှင့်စပ်လျဉ်း၍ မြန်မာ နိုင်ငံတွင် ခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင် သည့် အလားအလာများစွာရှိကြောင်း၊ မြန်မာနိုင်ငံ ၏ရာသီဥတု၊ ကမ်းရိုးတန်းများ၊ ရေအောက်သန္တာ ကျောက်တန်းများ၊ ရေနေသတ္တဝါများ၊ လန်ပိကျွန်းကဲ့ သို့သော သဘာဝဥယျာဉ်ကြီးများ၊ အနုပညာနှင့် ဆောက်လုပ်ရေးနည်းပညာများကို လေ့လာနိုင်သည့် ရှေးဟောင်းယဉ်ကျေးမှု ပုဂံဒေသကဲ့သို့သော ယူနက် စကို အသိအမှတ်ပြုနေရာဒေသများ၊ အညာဒေသ ခရီးစဉ်များ၊ ကချင်ပြည်နယ် ပူတာအိုဒေသရှိ ရေခဲတောင်ခရီးစဉ်များ၊ မွန်ပြည်နယ် သံဖြူဇရပ်မြို့ရှိ သေမင်းတမန် ရထားလမ်း စသည်တို့သည် ပြည်တွင်း ပြည်ပခရီးသွားလုပ်ငန်းအတွက် လူတန်းစား အလွှာအသီးသီးကို ဆွဲဆောင်နိုင်မည်ဖြစ်ကြောင်း၊ ထို့အတူ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးတမ်းများနှင့် ရိုးရာအစားအစာများသည် လည်း ခရီးသွားလုပ်ငန်းအတွက် စိတ်ဝင်စားဖွယ် ဆွဲဆောင်နိုင်သည့် အရာများဖြစ်ကြောင်း၊ ထိုသို့ရှိပြီး သော စိတ်ဝင်စားဖွယ်ဆွဲဆောင်မှုအရာများကို နေရာ ဒေသအလိုက် အမိအရ ဖမ်းဆုပ်နိုင်ရန်လိုကြောင်း။
ကာကွယ်ဆေးထိုးနှံမှု
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမှု များကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မေ ၂၅ ရက်ထိ လူဦးရေ စုစုပေါင်း ၃၃ ဒသမ ၃ သန်း ကျော် ကာကွယ်ဆေး ထိုးနှံပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၆ သန်း ကျော်၊ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံပြီးစီးသူ ၁ ဒသမ ၉ သန်းကျော်နှင့် ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေကြသူ ၀ ဒသမ ၂၈ သန်း ကျော်ကို ကာကွယ်ဆေး အပြည့်အဝထိုးနှံ ခဲ့ပြီးဖြစ်ကြောင်း၊ ကာကွယ်ဆေးအပြည့်အဝ ထိုးနှံ ပြီးစီးမှု တိုးတက်လာသည်နှင့်အမျှ ရောဂါကူးစက်မှု နှုန်းများ လျော့ကျလာပြီး ခရီးသွားကန့်သတ်ချက်များ ဖြေလျှော့ကာ ခရီးသွားလာမှုများ၊ ခရီးသွားနှင့် ဆက်စပ်လုပ်ငန်းများ အမြန်ဆုံးပြန်လည်စတင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်း များကို ရောဂါကာကွယ်ရေး စည်းမျဉ်း/စည်းကမ်း များနှင့်အညီ လုပ်ဆောင်နိုင်ရန် ဆောင်ရွက်ကြရ မည်ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံတကာခရီးသွားဧည့်သည်များ မြန်မာနိုင်ငံသို့ နယ်စပ်ဝင်ပေါက်များမှတစ်ဆင့် လာရောက်လည်ပတ်ကြသည့်အတွက် နယ်စပ်ဝင် ပေါက်များ ပြန်လည်ဖွင့်လှစ်သွားနိုင်ရန် စဉ်းစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ အနေဖြင့် ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း များ ပြန်လည်စတင်ဆောင်ရွက်နိုင်ရန် နိုင်ငံတကာ နှင့် ဒေသတွင်းအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင် ရွက်လျက်ရှိပြီး ASEAN Tourism Recovery Plan တွင်ပါဝင်သည့် ကိုဗစ်-၁၉ရောဂါကြောင့် ဒေသတွင်း သက်ရောက်မှုများ ကုစားဖြေလျှော့ရေးနှင့် ပြန်လည် တိုးတက်ကောင်းမွန်ရေးအတွက် အာဆီယံအဆင့် ဆောင်ရွက်ရမည့် မူဝါဒများချမှတ်ခြင်း၊ Common Health Guideline များ ရေးဆွဲဖော်ဆောင်ခြင်း၊ ASEAN Travel Corridor များ ဖော်ဆောင်ခြင်း၊ အာဆီယံအဆင့် Travel Pass နှင့် Safety Protocol များရေးဆွဲ၍ အပြန်အလှန် အသိအမှတ်ပြုခြင်း အစရှိသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်လျက် ရှိကြောင်း။
ခရီးသွားလုပ်ငန်း၏အလားအလာ
ကိုဗစ်ကာလအလွန် ခရီးသွားလုပ်ငန်း၏ အလား အလာကို လေ့လာကြည့်မည်ဆိုလျှင် ယခင်က နိုင်ငံတကာခရီးသွားများသည် လူနေထူထပ်သည့် မြို့ကြီးပြကြီးများကို သွားလာလည်ပတ်ခြင်း၊ ဈေးဝယ်ထွက်ခြင်းစသည်များကို ရွေးချယ်မှု များပြား ခဲ့ပြီး ယခုအခါတွင် လူနေနည်းပါးပြီး သဘာဝနှင့် နီးစပ်သည့်နေရာများ၊ လေကောင်းလေသန့်ရပြီး ရှုခင်းကောင်းသည့် ကျေးလက်ဒေသများကို ပိုမို နှစ်သက်လာကြသည်ဟု စစ်တမ်းများအရ သိရှိရ ကြောင်း၊ ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံစိတ်ချရမှုကို ဦးစားပေးစဉ်းစားလာကြပြီး ငွေပေးချေရာ၊ ဝန်ဆောင်မှုများ ရယူရာတွင်၊ လူချင်းတိုက်ရိုက် ထိတွေ့မှုအနည်းဆုံး နည်းလမ်းများကို ပိုမိုရွေးချယ် ရယူလိုမှုကိုလည်း တွေ့ရှိရကြောင်း၊ မိမိတို့ဒေသကို လည်ပတ်မည့် ခရီးသွားဧည့်သည်၏ ယုံကြည်စိတ်ချ ရမှုကို ရယူထားနိုင်ရန်ဖြစ်ကြောင်း၊ မိမိတို့ခရီးစဉ် ဒေသသည် COVID Safe Destination ဖြစ်ကြောင်း၊ သတ်မှတ်ထားသည့် Health & Safety Protocol များအတိုင်း ဆောင်ရွက်ထားကြောင်း စသည့်အချက် များသည် မိမိတို့ ခရီးစဉ်ဒေသကို မြှင့်တင်ကြော်ငြာ ဆွဲဆောင်ရာတွင် အထိရောက်ဆုံး Marketing နှင့် Promotion Tools များဖြစ်ကြောင်း။
ကပ်ရောဂါကာလအတွင်း Online နှင့် Digital Platform ကို ယခင်ကထက် ပိုမိုကျယ်ကျယ် ပြန့်ပြန့် အသုံးပြုလာကြပြီး အချိန်တိုအတွင်း အလုပ် များ တွင်တွင်ကျယ်ကျယ် လုပ်ကိုင်ဆောင်ရွက်လာနိုင်ခြင်းကြောင့် ခရီးသွားလုပ်ငန်းတွင် ပါဝင်ဆောင် ရွက်နေကြသူများအနေဖြင့် ပြောင်းလဲတိုးတက်လာသည့်နည်းပညာကို အကောင်းဆုံးအသုံးချကြရမည့် အချိန်လည်းဖြစ်ကြောင်း။
ကြပ်မတ်ဆောင်ရွက်
ထို့ပြင် ပြည်တွင်း ပြည်ပခရီးသွားများ၏ ယုံကြည်မှုကို တည်ဆောက်နိုင်ရန်နှင့် ကျန်းမာရေး၊ ဘေးကင်းလုံခြုံစိတ်ချရမှုကို အာမခံချက်ပေးနိုင် ရန် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ကျန်းမာရေးဝန်ကြီးဌာနအပါအဝင် ခရီးသွားလုပ်ငန်း နှင့် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည့် Enchanting Myanmar Health and Safety Protocol (HSP) အစီအစဉ်များတွင် လိုက်ပါ ဆောင်ရွက်ရန်နှင့် မိမိတို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်ရှိသည့် ဟိုတယ်များ၊ အထူးသဖြင့် နိုင်ငံတကာ ခရီးသွားဧည့်သည်များကို လက်ခံမည့် ဟိုတယ်များကိုလည်း နိုင်ငံအဆင့် (HSP) အသိ အမှတ်ပြုလက်မှတ်ရရှိထားစေရေး၊ ဧည့်သည် တည်းခိုမှုစာရင်းများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင် ရေးနှင့် မလိုအပ်သော စာရွက်စာတမ်းများ လျှော့ချ ရေးအတွက် Guest List Management System-GLMS ကို ဟိုတယ်များအားလုံး လိုက်ပါသုံးစွဲကြစေ ရေးကို ကြပ်မတ်ဆောင်ရွက်သွားကြရန် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဒေသဆိုင်ရာခရီး သွားလုပ်ငန်းကော်မတီဝင်များအားလုံးကို ပြောကြား လိုကြောင်း၊ ဆက်စပ်ဝန်ကြီးဌာနများအနေဖြင့် လည်း အဆိုပါ Guest List Management System ကို ဟိုတယ်များတွင်အသုံးပြုနိုင်ရန် ပူးပေါင်းကူညီ သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံသား စိစစ်ရေးကတ် များ အရှိန်အဟုန်ဖြင့် ထုတ်ပေးနိုင်ရေးဆောင်ရွက် လျက်ရှိရာ ပြည်တွင်း ခရီးသွားများ အလွယ်တကူသွားလာလည်ပတ်နိုင်ရန်နှင့် ပြည်တွင်း ခရီးသွား လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရန် များစွာအထောက် အကူပြုစေမည် ဖြစ်ကြောင်း။
မြန်မာနိုင်ငံ၏ မတူကွဲပြားသည့် ရိုးရာယဉ်ကျေး မှုနှင့် ဓလေ့ထုံးစံများ၊ ကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးဆိုင်ရာ ပွဲတော်အခမ်းအနားများနှင့် တောတောင်ရေမြေသဘာဝ အလှအပများသည် ခရီးသွားလုပ်ငန်းအမျိုးမျိုးကို ဖော်ဆောင်နိုင်သည့်၊ တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်ကောင်းများ ဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ထူးခြားသည့် ရာသီပွဲတော်များ၊ အခမ်းအနားများ၊ အားကစားပြိုင်ပွဲများ၊ ရိုးရာဓလေ့ဖျော်ဖြေပွဲများနှင့် သဘာဝအလှအပများကို ရှာဖွေဖော်ထုတ်ပြီး ပြည်တွင်း ပြည်ပခရီးသွားများ ပိုမိုလာရောက် လည်ပတ်စေရန် အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း။
ဦးစားပေးကဏ္ဍတစ်ရပ်
မြန်မာနိုင်ငံ ဟိုတယ်နှင့်ခရီးသွားကဏ္ဍ ဘက်စုံ ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုဗစ်-၁၉ကြောင့် ထိခိုက် ခဲ့ရသည့် ခရီးသွားလုပ်ငန်း ပြန်လည်ကောင်းမွန်လာ စေရန်နှင့် New Normal အခြေအနေနှင့် လိုက်လျော ညီထွေဖြစ်စေရန် ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများက အဆင့်ဆင့် ကြီးကြပ်ဆောင်ရွက် သွားရမည် ဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းမှ ရရှိလာ မည့် ဆင့်ပွားအကျိုးကျေးဇူးများကြောင့် ဒေသ ဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများအနေဖြင့် မိမိတို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွား လုပ်ငန်းကို ဦးစားပေးကဏ္ဍတစ်ရပ်အဖြစ် သတ်မှတ်ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များ ချမှတ် ရေးဆွဲရာတွင် ထည့်သွင်းအကောင်အထည်ဖော်ဆောင်ရွက်ကြရန် လိုအပ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာရန် အခြေခံအဆောက်အဦလိုအပ်ချက်များကိုလည်း ဦးစားပေးအဆင့်အလိုက် ဖြစ်နိုင်သော နေရာများတွင် ဖြည့်ဆည်းဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း။ ထို့ပြင် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍတွင် နိုင်ငံတော်သို့ပေးသွင်းရမည့် အခွန်အခ များကိုလည်း လုပ်ငန်းရှင်များအနေဖြင့် မပျက်မကွက် ပေးသွင်းနိုင်ရေး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများက ဦးဆောင်ကြပ်မတ်သွားကြရမည် ဖြစ်ကြောင်း။
မသန်စွမ်းသူများအတွက် ဆောင်ရွက်ထား
ခရီးသွားဧည့်သည်များတွင် သက်ကြီးရွယ်အိုနှင့် မသန်စွမ်းခရီးသွားများလည်း ပါဝင်သည့်အတွက် ကမ္ဘာတစ်ဝန်းတွင်ရှိသည့် ခရီးစဉ်ဒေသများတွင် မသန်စွမ်းခရီးသွားများ အဆင်ပြေချောမွေ့စွာ သွားလာနိုင်မည့် အစီအမံများဆောင်ရွက်ထားသည် ကိုလည်း တွေ့ရကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ခရီးစဉ်ဒေသများတွင် မသန်စွမ်းခရီးသွားများ အလွယ်တကူ သွားလာနိုင်ရေးအတွက် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရန်လိုအပ်သကဲ့သို့ မသန်စွမ်း များအတွက် ခရီးသွားလုပ်ငန်းဆိုင်ရာ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီးပေးနိုင်ရန် စဉ်းစားကြရ မည် ဖြစ်ကြောင်း၊ သို့မှသာ မြန်မာနိုင်ငံသည် ခရီးသွား ဧည့်သည်အားလုံးကို လက်ခံနိုင်သည့် ခရီးစဉ်ဒေသ တစ်ခုဖြစ်သည်သာမက အားလုံးပါဝင်ပြီး တာဝန်ယူ မှုရှိသော၊ ရေရှည်တည်တံ့သော ခရီးသွားလုပ်ငန်းကို ဦးတည်ဖော်ဆောင်သွားနိုင်မည်ဖြစ်ကြောင်း။
ခရီးသွားလုပ်ငန်းသည် ဒေသဖွံ့ဖြိုးတိုးတက်ရန် အထောက်အကူပြုသည့် ပင်မစီးပွားရေး ကဏ္ဍတစ်ခု ဖြစ်ပြီး စနစ်တကျဖြင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် ဖော်ဆောင်နိုင်ပါက စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နှင့် အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရာတွင် လည်းကောင်း၊ ယဉ်ကျေးမှုနှင့် သဘာဝသယံဇာတ များ ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရာတွင် လည်းကောင်း၊ နိုင်ငံတကာ ခရီးသွားဧည့်သည်များနှင့် မြန်မာပြည်သူ/ပြည်သားများအကြား ချစ်ကြည် ရင်းနှီးမှု အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်ရာ တွင်လည်းကောင်း အထိရောက်ဆုံး ဆောင်ရွက်နိုင် သည့် ကိရိယာတစ်ခုလည်းဖြစ်သည့်အတွက် မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများနည်းတူ ကမ္ဘာ့ကုလသမဂ္ဂ ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်များ (Sustainable Development Goals)နှင့်အညီ အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မြန်မာနိုင်ငံ၏ ခရီးသွား လုပ်ငန်း ရေရှည်တည်တံ့စေရန်နှင့် အားလုံးပါဝင် ဆောင်ရွက်နိုင်သည့် ကဏ္ဍဖြစ်စေရေး ပုံဖော် ဆောင်ရွက်သွားနိုင်ရန် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် သွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုကော်မတီဒုတိယဥက္ကဋ္ဌ ဟိုတယ် နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာဌေးအောင်က ခရီးသွားလုပ်ငန်း ဆိုင်ရာများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။
အတည်ပြုချက်ရယူ
ယင်းနောက် ဗဟိုကော်မတီ တွဲဖက်အတွင်း ရေးမှူး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ပထမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်များနှင့် မြန်မာနိုင်ငံရှိ ခရီးစဉ်ဒေသများတွင် မသန်စွမ်းသူများအတွက် အတားအဆီးမဲ့ ခရီးသွားလုပ်ငန်းရှေ့ပြေး စီမံကိန်း ဆောင်ရွက်မည့် အစီအစဉ်ကို ရှင်းလင်းတင်ပြပြီး ခရီးသွားလုပ်ငန်းကော်မတီဥက္ကဋ္ဌနှင့်၊ တိုင်းဒေသကြီး နှင့် ပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီများဖွဲ့စည်းမှုနှင့်၊ အစားထိုးပြင်ဆင် ဖွဲ့စည်းဆောင်ရွက်ခဲ့မှုနှင့် ဧည့်စာရင်းစီမံခန့်ခွဲမှု စနစ်အသုံးပြု၍ ပေးပို့ဆောင်ရွက်မှုများကို အတည်ပြု ချက်ရယူသည်။
ရှင်းလင်းဆွေးနွေးတင်ပြ
ထို့နောက် ဗဟိုကော်မတီဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ဦးကိုကိုလှိုင်၊ ဦးမောင် မောင်အုန်း၊ ဦးခင်မောင်ရီနှင့် ဒေါက်တာသက်ခိုင်ဝင်း၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဒေါ်သန်းသန်းလင်း၊ ဦးသန်းအောင်ကျော်၊ ဒေါက်တာမိုးဇော်ထွန်း၊ ဦးအောင်ကျော်ထွန်း၊ ဦးဌေးလှိုင်နှင့် ဦးညွန့်အောင်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင် နိုင်၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်များ၊ ခရီးသွားအဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်း တတ်သိပညာရှင်များက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုး တိုးတက်ရေးနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ ကဏ္ဍများ အလိုက် ရှင်းလင်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး ဌာန ဝန်ကြီးရုံး ညွှန်ကြားရေးမှူးချုပ် ဦးလှိုင်ဦးက Myanmar Tourism Board ဖွဲ့စည်းဆောင်ရွက်ခွင့် နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် အမျိုးသားခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဗဟိုကော်မတီဥက္ကဋ္ဌ နိုင်ငံတော် စီမံ အုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီး ချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဆွေးနွေး တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
သတင်းစဉ်