မြန်မာနိုင်ငံ၏ ငလျင်ဘေးအန္တရာယ်

Type
၅

 

ဒေါက်တာယဉ်မျိုးမင်းထွေး-မိုး/ဇလ

 

မြန်မာနိုင်ငံသည်   ငလျင်၊     ဆူနာမီ၊ ရေကြီးရေလျှံမှု၊ မြေပြိုမှု၊ ဆိုင်ကလုန်း မုန်တိုင်း၊ မိုးကြိုးပစ်ခြင်း၊ မိုးခေါင်ရေရှား ခြင်း စသော သဘာဝဘေးအန္တရာယ်များ ကြောင့် ပျက်စီးဆုံးရှုံးမှုများကို တွေ့ကြုံ ခံစားနေရ၍   နိုင်ငံတော်၏  စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုများကို ထိခိုက်နစ်နာစေ လျက်ရှိပါသည်။  သို့ဖြစ်ပါ၍   သဘာဝ ဘေးအန္တရာယ်များ  ကျရောက်နိုင်ခြေရှိ သည့်     နေရာဒေသများကို    ဆန်းစစ် လေ့လာထားပြီး ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားခြင်းဖြင့်  ပျက်စီးဆုံးရှုံး မှုများ          လျော့နည်းသွားအောင် ဆောင်ရွက်ရမည်ဖြစ်ပါသည်။  သဘာဝ ဘေးအန္တရာယ်တစ်ခုဖြစ်သော    ငလျင် လှုပ်ရှားမှုသည် လူနေမှုဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်ဘေးအန္တရာယ် ကို  အထူးဂရုပြုကြရန် လိုအပ်ပါသည်။ ဘူမိဗေဒ  အထောက်အထားများအရ မြန်မာနိုင်ငံသည်   ငလျင်လှုပ်ရှားမှုကို တွေ့ကြုံခံစားနေရသော နိုင်ငံတစ်နိုင်ငံ ဖြစ်ပြီး       အတိတ်ကာလကလည်း အင်အားပြင်းငလျင်ကြီးများ လှုပ်ရှားခဲ့ ခြင်းနှင့်      ကမ်းရိုးတန်းဒေသများတွင် ဆူနာမီရေလှိုင်း     ရိုက်ခတ်ခြင်းများ တွေ့ကြုံခံစားခဲ့ရပါသည်။  သို့ဖြစ်ပါ၍ ပြည်သူများအား  ငလျင်ဆိုင်ရာ  အသိ ပညာပေးလုပ်ငန်းများနှင့်   ကြိုတင် ပြင်ဆင်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးခြင်း၊  ငလျင်လှုပ်ရှားနိုင် သည့် အလားအလာများကို သုတေသနပြု လေ့လာဆန်းစစ်မှုများ ဆောင်ရွက်ခြင်း တို့ဖြင့်    ငလျင်ဘေးအန္တရာယ်လျော့ပါး ရေးများ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

 


မြန်မာနိုင်ငံတွင်  ငလျင်လှုပ်ရှားမှု များကို    ဖြစ်ပေါ်စေသော   အဓိက အကြောင်းရင်းကြီး နှစ်ရပ်ရှိရာ  ပထမ အကြောင်းရင်းမှာ    မြောက်-အရှေ့ မြောက်ဘက်သို့ ရွေ့လျားနေသည့် အိန္ဒိယ မြေထုချပ် (India Plate)သည် ယူရေးရှား မြေထုချပ်    (Eurasian Plate) ၏ အောက်သို့ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် လေးစင်တီမီတာမှ ခြောက်စင်တီမီတာ နှုန်းဖြင့် ငုပ်လျှိုးဝင်ရောက်နေပြီး အဆိုပါ ငုပ်လျှိုးဝင်ရောက်နေသည့် Subduction Zone အစပိုင်းတစ်လျှောက်ရှိ   Arakan Trench ၊ Andaman Trench ၊ Sumatra Trench နှင့် Java Trench များကြောင့်နှင့် ဒုတိယအကြောင်းရင်းမှာ အနောက်ဘက် ချင်းတောင်တန်း၊     ရခိုင်ရိုးမဒေသမှ အရှေ့ဘက် စစ်ကိုင်းပြတ်ရွေ့အကြားရှိ မြန်မာမြေထုချပ်ငယ်သည်     ကပ္ပလီ ပင်လယ်ရှိ        ဖြန့်ကြက်ဗဟိုရပ်ဝန်း (Andaman Spreading Zone)မှ ပျမ်းမျှ ခြင်းအားဖြင့် တစ်နှစ်လျှင်  ၂ ဒသမ ၅ မှ    ၃ ဒသမ ၀  စင်တီမီတာနှုန်းဖြင့်    မြောက်ဘက်သို့ ဘေးတိုက်ရွေ့လျားမှု    ဖြစ်စဉ်ကြောင့် စစ်ကိုင်းပြတ်ရွေ့နှင့်အတူ    ဆက်စပ်ဖြစ်ပေါ်သော       ဘေးတိုက် ပြတ်ရွေ့ (Strike-slip fault)များ ဖြစ်ပေါ် ခဲ့ခြင်းတို့ကြောင့် ဖြစ်ပါသည်။ 

 


မြန်မာနိုင်ငံတွင်    ငလျင်လှုပ်ရှားမှု ကို  ဖြစ်ပေါ်စေသော အဓိကသက်ရှင် ပြတ်ရွေ့ကြီးအဖြစ်   စစ်ကိုင်းပြတ်ရွေ့ အပြင် ကဘော်ပြတ်ရွေ့၊ ကျောက်ကြမ်း ပြတ်ရွေ့၊ မိုးမိတ်ပြတ်ရွေ့၊ နန်းမပြတ်ရွေ့၊ ရွှေလီပြတ်ရွေ့၊ ဖာပွန်ပြတ်ရွေ့၊ မြောက်ဦး ပြတ်ရွေ့    စသည့်   ပြတ်ရွေ့များနှင့် ပြတ်ရွေ့ငယ်များစွာ တည်ရှိနေပါသည်။ 

 


၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ် အတွင်း  လှုပ်ရှားခဲ့သော ငလျင်များကို ပြန်လည်ဆန်းစစ်ကြည့်ရာ   စုစုပေါင်း ၈၅၇ ကြိမ်    လှုပ်ရှားခဲ့ပြီး   အင်အား အနည်းငယ်ရှိသောငလျင်  ၇၆၂ ကြိမ်၊ အင်အားအသင့်အတင့်ရှိသော  ငလျင် ၈၈ ကြိမ်နှင့်    အင်အားပြင်းထန်သော ငလျင် ခုနစ်ကြိမ် လှုပ်ရှားခဲ့ရာ စစ်ကိုင်း တိုင်းဒေသကြီးသည်         အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်များထက် ငလျင်လှုပ်ရှားမှု ပိုမိုကြုံတွေ့နေရသည့် အပြင် မန္တလေးတိုင်းဒေသကြီး၊ မကွေး တိုင်းဒေသကြီး၊       ပဲခူးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်း ပြည်နယ်တို့တွင်လည်း ငလျင်လှုပ်ရှားမှု များ    များပြားနေခြင်းနှင့်  တနင်္သာရီ တိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် ငလျင်လှုပ်ရှားမှု အလွန်နည်းပါးသည်ကို တွေ့ရှိရပါသည်။ 

 


စစ်ကိုင်းပြတ်ရွေ့သည် မြန်မာနိုင်ငံ ၏   မြို့ကြီးများဖြစ်သည့်  စစ်ကိုင်း၊ မန္တလေး၊ မိတ္ထီလာ၊ သာစည်၊ ရမည်းသင်း၊ ပျဉ်းမနား၊ နေပြည်တော်၊ တောင်ငူ၊ ဖြူး နှင့်   ပဲခူးမြို့များကို   ဖြတ်သန်းသွား၍ အဆိုပါမြို့ကြီးများနှင့် အနီးတစ်ဝိုက်တွင် ငလျင်လှုပ်ရှားမှုကို  တွေ့ကြုံခံစားရနိုင် ပါသည်။   အတိတ်ကာလ၏  သမိုင်း မှတ်တမ်းများအရ    စစ်ကိုင်းပြတ်ရွေ့ ကြောင့် လှုပ်ရှားခဲ့သော ငလျင်များသည် အင်အားများ၍ မြေပြင်ဗဟိုချက်အနက် တိမ်သောကြောင့် အခြားသောငလျင်များ နှင့် နှိုင်းယှဉ်လျှင် ပျက်စီးမှု ပိုမိုများပြား ပါသည်။ စစ်ကိုင်းပြတ်ရွေ့တစ်လျှောက် တွင်    မြေပြင်ဗဟိုချက်အနက်တိမ်၍ အပျက်အစီးများသော သမိုင်းဝင်ငလျင်  ကြီးများ လှုပ်ရှားခဲ့ပြီး ၂၀၂၂ ခုနှစ် ဇူလိုင် လ ၁၆ ရက်နေ့တွင် ကျောက်ဆည်မြို့ အနီး အင်အားရစ်(ချ်)တာစကေး ၄ ဒသမ ၈ ဖြင့်     လှုပ်ရှားခဲ့သော   ငလျင်ငယ် သည်လည်း      စစ်ကိုင်းပြတ်ရွေ့ကြောင့် လှုပ်ရှားခဲ့ရခြင်းဖြစ်ပြီး မြေပြင်ဗဟိုချက် အနက်တိမ်ခြင်း၊ လူနေထိုင်မှုများသော နေရာနှင့်  နီးခြင်းတို့ကြောင့်     ငလျင် လှုပ်ရှားခြင်းကို လူအများသတိပြုမိပြီး ပျက်စီးမှုလည်း အနည်းငယ်ရှိခဲ့ပါသည်။

 


မြန်မာနိုင်ငံတွင်    ငလျင်လှုပ်ရှားမှု ကို  ပြတ်ရွေ့များ ရွေ့လျားမှုဖြစ်စဉ်များ ကြောင့် ဖြစ်ပေါ်သည်သာမက အိန္ဒိယ မြေထုချပ်သည်      မြန်မာမြေထုချပ် အောက်သို့ တိုးဝင်မှုဖြစ်စဉ်များကြောင့် လည်း ဖြစ်ပေါ်နိုင်ရာ မြေထုချပ်(Plate)ဟုခေါ်သော ကျောက်သားထုချပ်နှစ်ခု သည် တစ်ခုနှင့်တစ်ခု တွန်းတိုက်မိရာမှ တစ်ခုက အခြားတစ်ခုအောက်သို့ ငုပ်လျှိုး ဝင်ရောက်ပြီး အပေါ်တစ်ခုသည် တွန်းတိုက် ခံရသည့်အတွက်    တွန့်ခေါက်လာ၍ အဆိုပါ    တွန်းတိုက်သည့်နေရာတွင် အားများ တဖြည်းဖြည်းစုစည်းမိလာကာ တစ်ချိန်တွင်   စုစည်းမိသောအားများ (စွမ်းအင်များ) ရုတ်တရက် ရုန်းကန်၍ အဘက်ဘက်သို့       ပြန့်ထွက်သွားရာ လမ်းကြောင်းတစ်လျှောက်ရှိ ကြားခံ အရာများအားလုံး တုန်ခါ၍ ငလျင်လှုပ် ခြင်းကို ဖြစ်ပေါ်စေပါသည်။ 
မြေထုချပ်တိုးဝင်မှုကြောင့် ဖြစ်ပေါ် သော ငလျင်များ၏ မြေပြင်ဗဟိုချက်သည် နက်သောကြောင့် ပြတ်ရွေ့များ ရွေ့လျား ပြီး   လှုပ်ရှားသော  ငလျင်များလောက် ပျက်စီးမှုမရှိနိုင်သော်လည်း ဆောက်လုပ် ထားသော   အဆောက်အအုံများသည် ဆောက်လုပ်ထားသည့် သက်တမ်းကြာ မြင့်ခြင်းနှင့်   ကြံ့ခိုင်မှုအားနည်းခြင်းတို့ ကြောင့်        မြေပြင်ဗဟိုချက်အနက် နက်သော အင်အားပြင်းငလျင်အချို့ တွင် ပျက်စီးမှုများ    ရှိနိုင်ပါသည်။   ငလျင် လှုပ်ရှားမှုသည် အခြားသော သဘာဝဘေး များကဲ့သို့ ကြိုတင်သိရှိနိုင်ခြင်း၊ သတိပေး နိုင်ခြင်း မရှိသည့်အတွက် မိမိတို့နေထိုင် သောဒေသများတွင်       ငလျင်ဒဏ်ခံနိုင် သည့်   အဆောက်အအုံများ   တွက်ချက် ဆောက်လုပ်သင့်ပါသည်။ 

 


ငလျင်သည်   ကြိုတင်မခန့်မှန်းနိုင် သော  သဘာဝဘေးတစ်မျိုးဖြစ်သော် လည်း  ယနေ့အချိန်တွင်  ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ငလျင်ကြောင့် အတိတ်ကာလက ဖြစ်ပေါ်ခဲ့သောဖြစ်စဉ် များကို    ပြန်လည်လေ့လာတွက်ချက် သည့် နည်းပညာ(Paleoseismology)ဖြင့် ငလျင်လှုပ်ရှားနိုင်သည့် အလားအလာအား လေ့လာနိုင်သည်ဖြစ်၍ ၂၀၁၁ ခုနှစ်တွင် မိုးလေဝသနှင့်    ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနသည်     မြန်မာနိုင်ငံငလျင် ကော်မတီ၊ ဂျပန်နိုင်ငံ  ကျိုတိုတက္ကသိုလ် တို့နှင့် ပူးပေါင်း၍ ၁၉၃၀ ပြည့်နှစ်တွင် အင်အားပမာဏ ၇ ဒသမ ၃ ဖြင့် လှုပ်ရှား ခဲ့သော ပဲခူးငလျင်ဖြစ်စဉ်ကို သုတေသန ပြုလေ့လာခဲ့ကြရာ    နှစ်ပေါင်း  ၁၆၀ အတွင်း         တစ်ကြော့ပြန်လှုပ်ရှားနိုင် ကြောင်း တွေ့ရှိခဲ့ရာ ယခုအခါ ငလျင် လှုပ်ခတ်ပြီးခဲ့သည်မှာ  နှစ်ပေါင်း  ၉၀ ကျော်ကြာလာပြီဖြစ်၍  အဆိုပါ  ပဲခူး ငလျင်ဖြစ်စဉ်ကို  သိရှိထားပြီး ကြိုတင် ပြင်ဆင်မှုများ  ဆောင်ရွက်ထားသင့်ပါ သည်။

 


၁၉၃၀ ပြည့်နှစ်   ငလျင်လှုပ်ရှားခဲ့စဉ် က  ပဲခူးမြို့တွင်  လူဦးရေ  ၅၀၀ ခန့် သေဆုံးခဲ့ပြီး    လူနေအိမ်အများအပြား ပြိုကျ၍  ရန်ကုန်မြို့တွင်လည်း အဆိုပါ ပဲခူးငလျင်ကြောင့်     လူနေအိမ်အချို့ ပျက်စီးကာ လူငါးဦးခန့်   သေဆုံးခဲ့၍   ရန်ကုန်မြို့အနေဖြင့်လည်း      ပဲခူးငလျင် ဖြစ်စဉ်၏ တစ်ကြော့ပြန်လည်လှုပ်ရှား နိုင်သည့် အလားအလာအား သိရှိထားပြီး ကြိုတင်ပြင်ဆင်မှုများ    ဆောင်ရွက်ထား သင့်သကဲ့သို့ ရခိုင်ပြည်နယ် စစ်တွေမြို့ အနီးတွင်လည်း    သမိုင်းအထောက် အထားများအရ ၁၇၆၂ ခုနှစ်က အင်အား ပြင်းထန်သော   ငလျင်ကြီးတစ်ခုလှုပ်ရှား ခဲ့ပြီး အဆိုပါငလျင်ကြီးကြောင့် ဆူနာမီ ရေလှိုင်းများလည်း   ဖြစ်ပေါ်ခဲ့ကြောင်း လေ့လာသိရှိရ၍ ယခုအခါ အဆိုပါနေရာ တွင် ငလျင်လှုပ်ရှားခဲ့သည်မှာ နှစ်ပေါင်း ၂၆၀  ခန့်ရှိပြီဖြစ်၍     အဆိုပါဒေသ အနီးတစ်ဝိုက်တွင်လည်း ၁၇၆၂ ခုနှစ်က လှုပ်ရှားခဲ့သည့်       ငလျင်ဖြစ်စဉ်ကို သိရှိထားပြီး    ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားသင့်ပါသည်။ သို့ဖြစ်၍ ငလျင်လှုပ်ရှားနိုင်သည့်ဒေသ (သို့မဟုတ်) ငလျင်ပြတ်ရွေ့   တည်ရှိရာဒေသတွင် နေထိုင်ကြသူများအဖို့  ငလျင်သတိ အမြဲရှိနေကြရန်နှင့်    ငလျင်လှုပ်ရှားမှု ကြောင့် ထိခိုက်ဆုံးရှုံးမှုများ မရှိရစေရန် ကြိုတင်ပြင်ဆင်ထားမှုများ ပြုလုပ်ထား ကြရမည်ဖြစ်၍ ငလျင်မလှုပ်မီ၊ ငလျင် လှုပ်စဉ်နှင့်   ငလျင်လှုပ်ပြီးချိန်များတွင် ပြုလုပ်ကြရမည်များကို သိရှိထားရန် လိုအပ်ပါသည်။

 


ငလျင်ကြီးများမလှုပ်မီ         သဘာဝ အလျောက် ကြိုတင်သိရှိနိုင်သည့်အခြေအနေများ


(၁)    ငလျင်မလှုပ်မီ  တိရစ္ဆာန်များသည်   ပုံမှန်မဟုတ်သော      အပြုအမူ များ  ပြုမူအော်ဟစ်တတ်သည်ကို မြင်တွေ့ရခြင်း၊
(၂)    ဆိုးဝါးသော အနံ့များရခြင်း၊
(၃)    ရေတွင်းများ    ပုံမှန်မဟုတ်ဘဲ ရေခန်းသွားခြင်း၊ ရေမျက်နှာပြင် မြင့်တက်လာခြင်းနှင့်     အပူချိန် တိုးလာခြင်း၊
(၄)    အကြိုငလျင်ငယ်များ လှုပ်ခြင်း၊
(၅)    ငလျင်လှုပ်မည့်    ဒေသအနီးတွင် တော်လဲသံများ   ကြိုတင်ဖြစ်ပေါ် ခြင်း။

 


ငလျင်မလှုပ်မီ 
ဆောင်ရွက်ရန်အချက်များ    


(၁)    အခန်းတိုင်းတွင် လုံခြုံသောနေရာ ကို သိထားရမည်၊
(၂)    လုံခြုံသောနေရာသို့ ဝင်ရန်၊ အကာ အကွယ်ယူရန်၊   ဆွဲကိုင်ထားရန် တို့ကို လေ့ကျင့်ထားရမည်၊
(၃)    အန္တရာယ်ရှိသော   နေရာများကို သိထားရမည်၊
(၄)    အိမ်ပြင်တွင်ရှိလျှင် လုံခြုံစိတ်ချရ သောနေရာများကို သိထားရမည်၊
(၅)    ထွက်ပြေးရန် လမ်းကြောင်းများ၊ အရန်ထွက်လမ်းများကို   လေ့လာ မှတ်ထားရမည်၊
(၆)    ရေ၊ ဓာတ်ငွေ့နှင့် လျှပ်စစ်မီးတို့ကို အရေးပေါ် ဖြတ်တောက်နိုင်မည့် နေရာများကို သိထားရမည်။
အရေးပေါ် လိုအပ်မည့်ပစ္စည်းများ
(၁)    စားစရာနှင့် သောက်ရေ၊
(၂)    ရှေးဦးသူနာပြုပစ္စည်းနှင့် အရေး ပေါ်ဆေးများ၊
(၃)    ဓာတ်မီးနှင့် ဓာတ်ခဲအပိုများ၊
(၄)    ခရီးဆောင်ရေဒီယိုနှင့် အရန်ဓာတ်ခဲ။

 


ငလျင်လှုပ်ရှားစဉ် 
လုပ်ဆောင်ရန်အချက်များ


(၁)    မြေကြီး(သို့မဟုတ်) အဆောက်အအုံ တုန်ခါခြင်းကြောင့်      ပြိုကျလာ သည့် အကျိုးအပဲ့များ ထိခိုက်မည့် အန္တရာယ်မှ     လွတ်ကင်းအောင်  စာရေးခုံ၊    စားပွဲအောက်တွင်  ချက်ချင်းအမြန်ဆုံးဝင်၍ ပုန်းလျှိုး နေရပါမည်၊
(၂)    ပြိုကျနေသည့် အကျိုးအပဲ့များ၊ မြင့်မားသည့်   ပရိဘောဂများ၊ ကြမ်းပြင်ပေါ်တွင်  လျှောကျနိုင် သော (သို့မဟုတ်) မှောက်လဲနိုင် သော    လေးလံသည့်    အရာဝတ္ထု များကို သတိထားပါ၊
(၃)    အပြင်ထွက်သော   တံခါးပေါက်၊ ပြတင်းပေါက်များမှ         ဝေးဝေး နေပါ၊
(၄)    ငလျင်လှုပ်စဉ်        အိမ်အပြင်သို့ ထွက်မပြေးပါနှင့်၊
(၅)    မိမိသည် တိုက်အမြင့်ကြီး၌ နေထိုင် ပါက လှေကားများ (သို့မဟုတ်) ဓာတ်လှေကားများတွင်  တိုးဝှေ့ ခြင်းမပြုပါနှင့်၊
(၆)    မိမိသည် လမ်းပေါ်သို့ ရောက်နေ ပါက အဆောက်အအုံများ၊ လျှပ်စစ် ကြိုးများနှင့်      ဝေးကွာသော ကွင်းပြင်သို့ ရောက်ရှိရန် ကြိုးပမ်း ရမည်၊
(၇)    မိမိသည် ကားအတွင်းတွင်ရှိနေ လျှင် ကားကိုစက်သတ်ရပ်ထား၍ ကားအတွင်း၌ပင်  ဆက်နေပြီး တံတားများ၊ အဆောက်အအုံများ နှင့် ဝေးဝေးနေရမည်၊
(၈)    ပင်လယ်ကမ်းခြေ၊       နိမ့်သော မြစ်ကမ်းပါးတို့မှ   ဝေးနိုင်သမျှ ဝေးဝေးနေပါ။ ဆူနာမီရေလှိုင်းကြီး များ ဝင်ရောက်လာနိုင်ပါသည်။

 


ငလျင်လှုပ်ပြီးလျှင် 
လုပ်ဆောင်ရန်အချက်များ


(၁)    မိမိကိုယ်ကို  အနာတရဖြစ်၊  မဖြစ် စစ်ဆေးပါ၊
(၂)    နောက်ဆက်တွဲ    ဖြစ်နိုင်သည့် အန္တရာယ်တို့ကို ကာကွယ်ပါ၊
(၃)    ရှေးဦးသူနာပြုစုနည်းများဖြင့် ပြုစု ပါ၊
(၄)    အဆောက်အအုံတွင်    ထိခိုက်မှု ပမာဏကို စစ်ဆေးပါ၊
(၅)    မီးဘေးအန္တရာယ်ကို တွက်ဆပါ၊
(၆)    မီးခြစ် မသုံးပါနှင့်၊ မီးခလုတ်များကို ပိတ်ထားပြီး ဓာတ်မီးနှင့် ဘက်ထရီ မီးတို့ကို သုံးပါ၊
(၇)    ဓာတ်ငွေ့နံ့၊   ဓာတ်ဆီနံ့  စသည့် လောင်စာနံ့ရပါက          အမြန်ဆုံး ထွက်ခွာပါ၊
(၈)    နောက်ဆက်တွဲငလျင်များ လှုပ်နိုင် သည်ကို သတိပြုပြင်ဆင်ပါ။

 


ငလျင်လှုပ်ပြီးနောက်  
နောက်ဆက်တွဲဘေးအန္တရာယ်များ


(၁)    နောက်ဆက်တွဲငလျင်များ၊
(၂)    မြို့ပြမီးဘေးအန္တရာယ်၊
(၃)    ရေကာတာကြီးများ ကျိုးပျက်၍ ရေကြီးခြင်း၊
(၄)    တောင်ပြိုခြင်း၊ မြေပြိုခြင်း၊
(၅)    ရွှံ့မီးတောင်များ   ပေါက်ကွဲပန်း ထွက်ခြင်း၊
(၆)    ဆူနာမီရေလှိုင်း ဖြစ်ပေါ်ရိုက်ခတ် ခြင်း၊
(၇)    ကောလာဟလ      သတင်းလွှင့် ခြင်း။

 


ငလျင်သည်   အခြားသော  သဘာဝ ဘေးများကဲ့သို့ ဖြစ်ပေါ်နိုင်သောအချိန်၊ ကာလ၊ ရာသီမရှိဘဲ   အချိန်အခါမရွေး ရာသီမရွေးဖြစ်ပေါ်နိုင်သော   သဘာဝ ဘေးတစ်မျိုးဖြစ်၍ တွေးကြောက်နေရန် မလိုဘဲ  အမှန်တကယ် ငလျင်လှုပ်ရှားမှု နှင့်   ရင်ဆိုင်ကြုံတွေ့ရပါက   ရင်ဆိုင် ဖြေရှင်းနိုင်ရန်   ကြိုတင်ပြင်ဆင်မှုအစီ အမံများ ဆောင်ရွက်ထားရန် လိုအပ်ပါ သည်။  သို့ဖြစ်ပါ၍  ငလျင်လှုပ်ရှားမှုကို ဖြစ်ပေါ်စေသည့်    ပြတ်ရွေ့များအနီး တစ်ဝိုက်နှင့် မြေထုချပ်တိုးဝင်မှုဖြစ်စဉ် များ ဖြစ်ပေါ်စေနိုင်သော ဒေသများတွင် နေထိုင်သူများအနေဖြင့်        ငလျင်နှင့် ပတ်သက်၍         ကြိုတင်ပြင်ဆင်မှု များ ဆောင်ရွက်ထားသင့်ပါကြောင်းနှင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနသည်လည်း ငလျင်ဘေးလျော့ပါးရေး နှင့်ပတ်သက်၍ ငလျင်ဆိုင်ရာ ဟောပြော ပို့ချမှုများ၊ ကြိုတင်ဇာတ်တိုက်လေ့ကျင့် မှုများ      ဆောင်ရွက်နေသည့်အပြင် နိုင်ငံတကာနှင့်လည်း ပူးပေါင်း၍ ငလျင် ဆိုင်ရာ သုတေသန စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း   ရေးသား ဖော်ပြအပ်ပါသည်။       ။