မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်းနှင့် မိတ်ဆွေကောင်းဇနီးမောင်နှံ ( ဂျပန်နိုင်ငံဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe နှင့် Madame Akie Abe )

Type
77

 

သံအမတ်ကြီး ဦးလှမြင့်(ငြိမ်း)

 

၂၀၂၂ ခုနှစ်  ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်း၌ သတင်းစတင်ကြားခဲ့ရပါသည်။ ဂျပန်နိုင်ငံဝန်ကြီး ချုပ်ဟောင်း Mr.Shinzo Abe သေနတ်နှင့် အပစ်ခံရ ခြင်းပါ။ ဂျပန်နိုင်ငံ နာရာမြို့၌ သူ၏ LDP ပါတီ အထက်လွှတ်တော်အမတ်လောင်းအတွက် ကူညီ  မဲဆွယ်ပေးနေစဉ် လက်လုပ်သေနတ်နှင့်  အပစ်ခံရ သည်ဟု  သတင်းစတင်ကြားကြားချင်း  လက်နက် ကိုင်ဆောင်ခွင့်စည်းကမ်း  အလွန်တင်းကျပ်လှပြီး ဤကဲ့သို့ဖြစ်စဉ်မျိုး ဖြစ်လေ့ဖြစ်ထမရှိသော ဂျပန် နိုင်ငံ၌     ဖြစ်ခဲ့သဖြင့်   အထူးတုန်လှုပ်ချောက်ချား ကြေကွဲဝမ်းနည်းခဲ့ရပါသည်။  အသက်ရှင်သန်ပါစေ ဟု ဆုတောင်းခဲ့ပါသော်လည်း မပြည့်ခဲ့ပါ။ ထိုနေ့  ညနေပိုင်း၌မူ     ကွယ်လွန်သွားခဲ့ရရှာပါသည်။ ကျွန်တော်တို့အနေဖြင့် သူကွယ်လွန်မှုအပေါ် နှမြော တသ    ဝမ်းနည်းကြေကွဲရပါလျှင်   သူတို့နိုင်ငံသူ နိုင်ငံသားများအတွက်ကတော့   ပြောဆိုဖွယ်ရာ မကုန်နိုင်တော့ပါ။

 


သူသည် ကျွန်တော်တို့မြန်မာနိုင်ငံ၏မိတ်ဆွေ  ဟောင်းနှင့်  မိတ်ဆွေကောင်းပါ။ သူတစ်ဦးတည်း ဆိုလားတော့မဟုတ်ပါ။ သူ့ဇနီး Madame Akie  Abe   သည်လည်း   ကျွန်တော်တို့မြန်မာနိုင်ငံ၏ မိတ်ဆွေဟောင်းနှင့်  မိတ်ဆွေကောင်းပါ။


x x x x x

 


၂၀၀၅ ခုနှစ် ဇူလိုင်လ ၁၂ ရက်နေ့  (လွန်ခဲ့သော  ၁၇ နှစ်)၌     ကျွန်တော်သည်   ဘရာဇီးနိုင်ငံမှ  ဂျပန်နိုင်ငံသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ရပါ သည်။ ထိုစဉ်က ဂျပန်နိုင်ငံဝန်ကြီးချုပ်မှာ မစ္စတာ ကိုအီဇုမိပါ။   သူက   အမေရိကန်ရုပ်ရှင်မင်းသား ရစ်ချက်ဂီရီဆံပင်ပုံစံနှင့် ဟန်ပန်ဆင်သည်။ သို့သော် သူ့မျက်နှာက  မရယ်မပြုံးနှင့်   အနေတည်သည်။ အပြုံးနိုင်ငံမှလာသော  ကျွန်တော်တို့အတွက်က စိမ်းလွန်းလှသည်ဟု ခံစားမိပါသည်။

 


သူနှင့်  ထိုစဉ်က   အမေရိကန်သမ္မတ ဘုရှ်တို့ အလွမ်းသင့်ပုံရပါသည်။ ဧည့်ခံပွဲမှာ  အတူတွဲပြီး  ဒန့်စ် (က) ကြသည်အထိ   ခင်မင်ရင်းနှီးကြသည့် ဆက်ဆံရေးမျိုးရှိကြပါသည်။

 


သူ့လက်ထက်တွင် ကုလသမဂ္ဂ၌ ကျွန်တော်တို့ နိုင်ငံအား Resolution တင်ရာ၌ မူလက ကြားနေ ခဲ့သော ဂျပန်သည် ဒီတစ်ခါတော့ ဆန့်ကျင်ဘက်  ဖြစ်လာခဲ့သည်။

 


ထိုအခါ ဘယ်လိုလုပ် ကျွန်တော်တို့  နှစ်နိုင်ငံ အကြားဆက်ဆံရေးက အဆင်ပြေနိုင်ပါ့မလဲ။
ဒီတော့ ဂျပန်ရောက် ကျွန်တော်တို့သံတမန် များအဖို့ မလွယ်ပါလေ။
x x x x x

 


မြန်မာနှင့်ဂျပန်နိုင်ငံကြား ဆက်ဆံရေးသမိုင်းကြောင်း


ကျွန်တော်တို့နိုင်ငံနှင့်  ဂျပန်နိုင်ငံတို့အကြား ဆက်ဆံရေးသမိုင်းကြောင်းက  ရှည်လျားလွန်းလှပါ သည်။ လက်လှမ်းမီသလောက်ပြောရပါလျှင် ဗိုလ်ချုပ် အောင်ဆန်းအပါအဝင်       ရဲဘော်သုံးကျိပ်ဝင်တို့ ဟိုင်နန်ကျွန်း - စန်းယ၌ ဂျပန်ဘုရင့်တပ်မတော်က  စစ်ပညာသင်ကြားပေးမှုနှင့်     အစတည်ခဲ့သည်။ ထို့နောက်    အင်္ဂလိပ်ကို     ပူးပေါင်းတိုက်ခိုက်ရန် ဘန်ကောက်၌ ဘီအိုင်အေတပ်မတော်ကို စတင် တည်ထောင်ခဲ့သည်။ ဂျပန်နှင့်အတူ  အင်္ဂလိပ်ကို  အင်ဖာအထိ    တိုက်ထုတ်နိုင်ခဲ့သည်။  အမည်ခံ  လွတ်လပ်ရေးဖြင့် ဂျပန်တို့ သုံးနှစ်တာ အုပ်ချုပ်ခဲ့ရပါ သည်။   ဂျပန်ခန့်   အဓိပတိ   ဒေါက်တာဘမော် ဖြစ်တည်လာခဲ့သည်။

 


ထိုခေတ်၌    ဂျပန်ဘုရင့်တပ်မတော်     စစ် တက္ကသိုလ်များသို့   မြန်မာနိုင်ငံမှ   လူငယ်များ တက်ရောက်ပြီး    စစ်ပညာများသင်ကြားပေးခဲ့ပါ သည်။ ကာကွယ်ရေးဦးစီးချုပ် (လေ)ဟောင်း ဗိုလ်ချုပ် သောင်းဒန်သည်       ဂျပန်ဘုရင့်တပ်မတော်  စစ်တက္ကသိုလ်ဆင်းတစ်ဦးပါ။ ထို့အတူ အရှေ့တောင် တိုင်း စစ်ဌာနချုပ်  တိုင်းမှူးနှင့်   စက်မှုဝန်ကြီးဟောင်း ဗိုလ်ချုပ်တင့်ဆွေသည်လည်း ဂျပန်ဘုရင့်တပ်မတော် စစ်တက္ကသိုလ်ဆင်းတစ်ဦးပါ။ ကျွန်တော်သိသည့်  ဂျပန်ဘုရင့်တပ်မတော် စစ်တက္ကသိုလ်ဆင်းနှစ်ဦး ပါ။ ကျန်ပုဂ္ဂိုလ်ကြီးများလည်း ရှိနေကြပါသေးသည်။

 


ဂျပန်စစ်ပညာနှင့် လေ့ကျင့်ပေးခဲ့မှု ကျွန်တော် တို့ တပ်မတော်၌   မည်မျှကျန်ရှိနေသေးသည်ကို မသိပါသော်လည်း သူတို့ ဂျပန်များအမွေပေးခဲ့သည့် ဟန်းကောခေါ် ထမင်းချိုင့်ကတော့ အသုံးတည့် လွန်းလှပါသည်။ ဂျပန်လို ထမင်းချိုင့်ကို ဟန်းကော ဟု ခေါ်ပါသည်။ ကျွန်တော်တို့တပ်ထဲရောက်သည့် အချိန်ထိ  ဟန်းကောဟုခေါ်နေဆဲ၊   သုံးနေဆဲပါ။ ထိုဟန်းကောများသည်လည်း ဂျပန်နိုင်ငံ ဒိုင်းမရူးမှ မှာယူတင်သွင်းခဲ့သော Made In Japan စစ်စစ်ကြီး တွေပါ။ ထိုဟန်းကောနှင့် ရှေ့တန်း၌ ထမင်း၊  ဟင်း ချက်ရသည်။ ချောင်း၌ရေခပ်ချိုးနိုင်သည်။ ထိုကဲ့သို့  ကိစ္စများသာမက      ရှေ့တန်းရိက္ခာထုတ်ဝေရာ၌ ခြင်တွယ်ရာတွင်အသုံးတည့်လှသည်။  ဟန်းကော အပေါ်မှ   လက်နှစ်ဆစ်ကွာလျှင်    ဆန်တစ်ပြည်၊ လက်သုံးဆစ်ကွာလျှင် ဆီတစ်ပိဿာဟု စီကြူကြီး  များနှင့် စတိုးမင်းများအကြား သဘောတူညီကြသည်။ ဂျင်းတဲလ်မင်း အဂိရီမန့်ပါ။

 


ဟီရိုရှီးမားနှင့် နာဂါဆာကီမြို့အား အမေရိကန် တို့ အဏုမြူဗုံးနှစ်လုံး ကမ္ဘာပေါ်၌ ပထမဆုံး ကြဲချခဲ့ ပြီးနောက်  ဂျပန်တို့  လက်နက်ချအညံ့ခံခဲ့ကြရ ပါသည်။ ထို့အတူ မြန်မာပြည်ရောက် ဂျပန်စစ်သား များသည်လည်း သုံ့ပန်းအဖြစ် အဖမ်းခံရ၊ အညံ့ခံခဲ့  ကြရပါသည်။   အချို့က   လွတ်ရာလွတ်ကြောင်း တတ်နိုင်သမျှ    ထွက်ပြေးတိမ်းရှောင်ကြရသည်။ ထိုအခါ          စိတ်ထားနှလုံးသားဖြူစင်ကြသော ကျွန်တော်တို့ မြန်မာနိုင်ငံသားများသည်  ရက်စက် ကြမ်းကြုတ်စွာ  အုပ်ချုပ်ခံခဲ့ရပါသော်လည်း ထိုသို့ သော ဂျပန်စစ်သားများကို မိမိတို့ကိုယ်တိုင် ချို့တဲ့ ချို့ငဲ့သည့်ကြားမှ အစားအစာ ခိုးကျွေးသည်။ ရရာ ဆေးဝါးနှင့် ကုသပေးသည်။ အသက်အန္တရာယ်ကြား မှ တတ်နိုင်သရွေ့ အဖမ်းမခံရအောင် ပုန်းဝှက်ပေးပါ သည်။  ကျွန်တော်တို့လူမျိုးများသည်  စိတ်ထား ဖြူစင်ခြင်း၊ သနားကြင်နာတတ်ခြင်း၊ ခွင့်လွှတ်လွယ် ခြင်း အရည်အချင်းများနှင့် ပြည့်စုံကြသည့် လူမျိုးများ ပါလား။

 


ဒေါက်တာဘမော် အထိမ်းအမှတ်ပြတိုက်


ဂျပန်များကလည်း ကျွန်တော်တို့မြန်မာနိုင်ငံ ၏   အဓိပတိဟောင်းကြီး    ဒေါက်တာဘမော်အား  ဂျပန်နိုင်ငံသို့ခေါ်ဆောင်သွားပါသည်။ နီဂတပြည်နယ်  Yakusho   Temple  ၌  ဝှက်ထားပေးပါသည်။ စောင့်ရှောက်ပေးထားပါသည်။ နောက်မှ မဟာမိတ် တို့ထံ အညံ့ခံလိုက်ရပါသည်။   ထိုဘုရားကျောင်း၌  ဒေါက်တာဘမော် အထိမ်းအမှတ်ပြတိုက် ပြုလုပ် ထားရှိပါသည်။
စစ်ကြီးပြီးသောအခါ ဂျပန်နိုင်ငံသည် အဏုမြူ ဗုံးဒဏ်ကြောင့်လည်းကောင်း၊ တစ်နိုင်ငံလုံး  အနှံ့ အပြား ဗုံးဒဏ်၊ မီးကြီးလောင်ကျွမ်းဒဏ် တို့ကြောင့်  လည်းကောင်း တစ်နိုင်ငံလုံး စိစိညက်ညက်ကျေပြီး  ပျက်စီးဆုံးရှုံးခဲ့ရသည်။ အထူးသဖြင့် စက်မှုလုပ်ငန်း ဒေသအများစုမှာ အကြီးအကျယ်   အထိနာခဲ့ရပါ သည်။ ထို့အပြင် ကမ္ဘာစစ်ပွဲကြီးကို ပါဝင်ဆင်နွှဲရမှု သုံးစွဲကုန်ကျစရိတ်ကြောင့်လည်း  လတ်တလော    သူတို့ ဆင်းရဲသွားခဲ့ရပါသည်။    အိုးရှင်းဇာတ်ကား ထဲကလို  ထမင်းလုံးအိုနီဂရီကို  နှစ်ခြမ်းခွဲ၍   လူ နှစ်ယောက်စားရသည့်ဘဝ ရောက်ခဲ့ရသည်။ ထိုစဉ်  ကျွန်တော်တို့နိုင်ငံမှ  ဆန်တန်ချိန်  နှစ်သိန်းလား၊ မည်မျှတော့ အတိအကျမသိသော်လည်း ဂျပန်နိုင်ငံ သို့ လှူဖူးသည်ဟု တစ်ဆင့်စကား  တစ်ဆင့်နားဖြင့် ကြားဖူးထားပါသည်။

(မှတ်တမ်းမှတ်ရာများကို ရှာဖွေ ပြုစုထားသင့်ပါကြောင်း အကြံပြုအပ်ပါသည်။)


ထို့အပြင်  စစ်ရှုံးနိုင်ငံတို့၏   ထုံးစံအတိုင်း မြန်မာနိုင်ငံကိုလည်း စစ်လျော်ကြေးပေးရပါသည်။  ကျွန်တော်တို့၏ စစ်လျော်ကြေးကော်မရှင်ဥက္ကဋ္ဌက ဂျပန်တို့ကို စာနာနားလည်မှုနှင့် လျှော့လျှော့ပေါ့ပေါ့ ပင် သူတို့ပေးနိုင်သမျှကို ယူခဲ့သဖြင့်  အပြင်းအထန်  ဝေဖန်ခံခဲ့ရကြောင်း ကြားဖူးပါသည်။

 


ဂျပန်ထုတ်အသုံးအဆောင်ပစ္စည်းများ


ထိုစစ်လျော်ကြေးငွေနှင့် တည်ဆောက်ခဲ့သော  လောပိတရေအားလျှပ်စစ်က ယနေ့ထက်တိုင် သုံးစွဲ နေရဆဲပါ။ ဟီးနိုး၊ မာဇဒါ၊ တီအီးကားတို့  တပ်ဆင် ထုတ်လုပ်လာနိုင်ခဲ့သည်။ နေရှင်နယ်ထမင်းပေါင်းအိုး၊ မီးဖိုအိုး၊ နေရှင်နယ်မတ်ဆုရှီတာ မီးချောင်းများ၊  ဓာတ်ခဲများ၊ မီးခလုတ်ထုတ်လုပ်မှုတို့လည်း ပါသည်။ ထိုခေတ်ထိုအခါက ကျွန်တော်တို့အားထားသုံးစွဲခဲ့ ရသည့် အသုံးအဆောင်ပစ္စည်းများဖြစ်ပါသည်။

 


တစ်ခါက မတ်ဆုရှီတာဥက္ကဋ္ဌကြီးက မြန်မာ နိုင်ငံကို    လာလည်ပါသည်။    သူတည်းခိုသည့် ဟိုတယ်တွင်ရှိသော သူတို့၏ နေရှင်နယ်မီးခလုတ်က နှစ်ပေါင်း ၂၀  ကျော်ပေမယ့်  တစ် - တောက်နှင့် အသုံးပြုနိုင်ဆဲဆိုတော့ တော်တော်ပဲ အင်ပရက်စစ်  ဖြစ်သွားပုံရပါသည်။   စာအုပ်စာရွက်များ    တစ်ပုံ တစ်ပင်ကြီးနှင့် လက်ဝင်လှသော်လည်း ကျွန်တော် ဂျပန်ရောက်ချိန်အထိ သူတို့၏ နေရှင်နယ်မီးခလုတ် ကို  နှစ်ခြိုက်စွာ  အသုံးပြုခဲ့သော  ကျွန်တော်တို့ နိုင်ငံကို တင်သွင်းနေဆဲပါ။

 


ကွယ်လွန်သူ  ဂျပန်စစ်သည်များ၏
အရိုးကောက်ယူရေးလုပ်ငန်း


ဂျပန်နိုင်ငံသည် စစ်ကြီးပြီးဆုံးသွားသော်လည်း စစ်နှင့်ပတ်သက်သော ဒုက္ခဝေဒနာများက သက်ဆိုင် သူများအကြား  ရှိနေဆဲပါ။  စစ်ကြီးအတွင်း အာရှ  တစ်ခွင်၌    သူတို့ဂျပန်စစ်သားများ  အကြောင်း အမျိုးမျိုးကြောင့် သေဆုံးခဲ့ရာ နေရာဒေသအနှံ့  အပြား၌ နည်းမျိုးစုံဖြင့် မြှုပ်နှံသင်္ဂြိုဟ်ခဲ့ကြရပါသည်။ သူတို့ဓလေ့ထုံးတမ်းစဉ်လာ၌ ကွယ်လွန်သူများ၏  အရိုးပြာအုတ်ဂူများ၌ တစ်နှစ်တစ်ကြိမ် သွားရောက် ဆုတောင်းပေးမှသာ  ကောင်းမွန်သောဘုံဘဝသို့ ရောက်ကြသည်ဟု ယုံကြည်ထားပါသည်။ ထို့ကြောင့် အာရှတစ်ခွင် ဒေသအနှံ့အပြား၌ မြှုပ်နှံထားသော  ဂျပန်စစ်သည်များ၏ မိဘညီအစ်ကိုမောင်နှမ ဆွေမျိုး သားချင်းအတွက် အရိုးများကို ကောက်ယူပြီး ဂျပန် နိုင်ငံသို့    ယူဆောင်လာကာ    မြှုပ်နှံသင်္ဂြိုဟ်၍ ဆုတောင်းပွဲများ ပြုလုပ်ရေးသည်  အရေးကြီးဆုံး ကိစ္စရပ်ဖြစ်လာသည်။ 

 


သက်ဆိုင်ရာနိုင်ငံ   အစိုးရများနှင့်   ညှိနှိုင်း ဆက်သွယ်ပြီး ကွယ်လွန်သူ  ဂျပန်စစ်သည်များ၏  အရိုးကောက်ယူရေးလုပ်ငန်းကို   သက်ရှိထင်ရှား ဂျပန်စစ်ပြန်ကြီးများနှင့်ပတ်သက်သော ပုဂ္ဂိုလ်ကြီး များ ဦးဆောင် ဆောင်ရွက်ခဲ့ကြရပါသည်။
ထိုသို့သော    မြန်မာနိုင်ငံမှ   ကွယ်လွန်ဂျပန် စစ်သည်များ၏ အရိုးကောက်လုပ်ငန်းကို ဆောင်ရွက် ခဲ့ဖူးသော  စစ်ပြန်ကြီးတစ်ဦးဖြစ်သည့်  မစ္စတာ အီမအီဇုမိ (အီမအီဇုမိ အထိမ်းအမှတ် ပညာရည်ချွန် ဆုအဖွဲ့၊ ဥက္ကဋ္ဌ)က သူ၏အတွေ့အကြုံကို  ပြန်ပြော ရှာပါသည်။

 


“ကျွန်တော်တို့ မြန်မာပြည်က မြို့ငယ်လေးရဲ့ ဘူတာရုံနားမှာ အရိုးကောက်ဖို့ တဲထိုးပြီး နေခဲ့ကြ ရတယ်။ ကျွန်တော်တို့မှာ မဝံ့မရဲနဲ့ပါ။  မကြာခင် မြို့ထဲကလူတွေ   ကျွန်တော်တို့ကို   တွေ့သွားပြီး    ဂျပန်အရိုးကောက်အဖွဲ့ဆိုတာ   သိသွားကြပါတယ်။   လှိုက်လှိုက်လှဲလှဲ  အားတက်သရော လိုလိုချင်ချင် ကျွန်တော်တို့လုပ်ငန်းကို  အကူအညီပေးကြတယ်။ အချို့စားစရာ အသီးအနှံ၊   ဟင်းသီးဟင်းရွက်တွေ တောင် လက်ဆောင်ပေးကြပါတယ်။ ကျွန်တော်တို့ အလွန်ပဲအံ့ဩဝမ်းသာမိရပါတယ်။ အခြားနိုင်ငံကို  သွားကြတဲ့    အရိုးကောက်အဖွဲ့တွေကို   ဒေသခံ တွေက မလိုလားကြဘူး၊ မကြည်ဖြူကြဘူး၊ ရန်လို ကြတဲ့အထိ    ဖြစ်ရပါတယ်။  ဒီမြန်မာမှာလည်း ကျွန်တော်တို့က   အဲဒီလိုများ   ဖြစ်မလားလို့ဆိုပြီး အစက စိုးရိမ်နေမိကြပါတယ်။ ဒီလိုစိတ်ထားဖြူစင် ပြီး  ကူညီလိုစိတ်အပြည့်ရှိတဲ့   သည်းခံစိတ်၊ သနား ကြင်နာစာနာတတ်တဲ့ မြန်မာတွေရဲ့စိတ်ဓာတ်တွေ ကို ကျွန်တော်တို့အံ့ဩလေးစားမိခဲ့ရပါတယ်။”

 


သို့သော်   ယခုအချိန်မှာ    ကျွန်တော်တို့ကို စစ်ပညာသင်ကြားပေးခဲ့သောဂျပန်များ၊ ကျွန်တော် တို့ မြန်မာနိုင်ငံသားများက  စစ်ရှုံး၍  စစ်သုံ့ပန်း ဖြစ်လုနီးနီးမှာ ကူညီစောင့်ရှောက်ပေးခဲ့သည့် ဂျပန် များ၊   စစ်ကြီးပြီး၍   သူတို့ဒုက္ခရောက်ချိန်မှာ ကျွန်တော်တို့ ဆန်ပေးပို့ကူညီခဲ့သည်ကို  သိသည့် ဂျပန်များ၊ စစ်လျော်ကြေးကို လျှော့လျှော့ပေါ့ပေါ့  ရယူခဲ့မှုကိုသိသော ဂျပန်များ၊ မြန်မာနိုင်ငံတစ်လွှား မှာ ကွယ်လွန်သေဆုံးခဲ့ကြရသည့်  ဂျပန်စစ်သည် များ၏  အရိုးများကို   ကြည်ကြည်ဖြူဖြူ   ကူညီ  ကောက်ယူခွင့်ပေးခဲ့သည်ကိုသိခဲ့သော   ဂျပန်များ  ယခုအချိန်အခါ၌ လက်ချိုးရေ၍ ရလောက်အောင်ပင် ကျန်တော့သည်ဟု ထင်မိပါသည်။


ဒါက ကျွန်တော်တို့နိုင်ငံနှင့် သူတို့နိုင်ငံအကြား အပြန်အလှန်  ဆက်ဆံရေးသမိုင်းကြောင်း  ပုံရိပ် ခပ်ကြမ်းကြမ်းကြီးပါ။          

 


နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် 
ကောင်းမွန်ခိုင်မြဲရေး


ကျွန်တော် ဂျပန်ကိုရောက်ခဲ့သည့်   ၂၀၀၅ ခုနှစ်၌ မြန်မာ-ဂျပန် နှစ်နိုင်ငံအကြားသမိုင်းကြောင်း ကိုသိသော နိုင်ငံရေးလောကနှင့် စီးပွားရေးလောကမှ ပုဂ္ဂိုလ်ကြီးအချို့ကျန်နေသေးသည်ကို  တွေ့ရပါသည်။ ထိုသို့သော  မြန်မာနိုင်ငံအား   အထူးသံယောဇဉ် ရှိနေဆဲ  အသက်(၈၀)ကျော်  ပုဂ္ဂိုလ်ကြီးများ၏ အကူအညီဖြင့် နှစ်နိုင်ငံဆက်ဆံရေး ပိုမိုတိုးတက် ကောင်းမွန်ခိုင်မြဲရေးအတွက်    သံတမန်တစ်ဦး အနေဖြင့် အစွမ်းကုန်ကြိုးပမ်းခဲ့ရပါသည်။

 


ကျွန်တော်သည်   ၁၇-၅-၂၀၀၆   ရက်နေ့ နေ့လယ်ပိုင်း၌ ဂျပန်နိုင်ငံ အာဏာရပါတီမှ ဝန်ကြီး အဖွဲ့ အထွေထွေအတွင်းရေးမှူးချုပ် Mr.Shinzo  Abe အား တိုကျိုမြို့ Hotel Okura တွင် နေ့လယ် စာဖြင့် တည်ခင်းဧည့်ခံနိုင်ခဲ့ပါသည်။ Mr.Shinzo  Abe သည် စက်တင်ဘာလတွင် ကိုအိဇုမိ နုတ်ထွက် ပြီးနောက်  LDP   ဥက္ကဋ္ဌ    ရွေးချယ်ယှဉ်ပြိုင်ပွဲ၌  ဝင်ရောက်ယှဉ်ပြိုင်မည့်သူဖြစ်ပြီး   လူထုစစ်တမ်း များအရ ပြိုင်ဘက်များအနက် ထိပ်ဆုံးမှ “ တစ်”  ပြေးနေသူတစ်ဦးဖြစ်ပါသည်။  Mr.Shinzo Abe နှင့်အတူ ၎င်း၏ ညီဖြစ်သူ အောက်လွှတ်တော်အမတ် Kishi Nobuo ၊ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး Shiozaki Yasuhisa နှင့် အောက်လွှတ်တော် အမတ် Nishimura Yasutoshi စုစုပေါင်းလေးဦး တက်ရောက်ခဲ့ပါသည်။ နှစ်နိုင်ငံအကြား  ဆက်ဆံ ရေးတိုးတက်စေရန်နှင့် ပွင့်လင်းစွာ ဆွေးနွေးနိုင်ခဲ့ ပါသည်။

 


ဒီမတိုင်မီက သူ၏ဇနီးဖြစ်သူ  Madame Akie   Abe  မြန်မာနိုင်ငံသို့   သွားရောက်လည်ပတ်ရန် ဗီဇာလျှောက်ထားခဲ့ပါသည်။ သို့သော်   ထိုဧည့်ခံပွဲ၌ သူ့ဇနီး မြန်မာနိုင်ငံသို့သွားမည့်အကြောင်း တစ်စွန်း  တစ်စမျှ မပြောရှာခဲ့ပါ။ Chief Cabinet Secretary ဆိုသည်မှာ ဂျပန်အစိုးရအဖွဲ့၌ ဝန်ကြီးချုပ်ပြီးလျှင် အာဏာအရှိဆုံးပါ။ သူသည် နုပျိုလန်းဆန်းတက်ကြွ ဖော်ရွေမှုအပြည့်ပါရှိသည့်     အပြုံးမျက်နှာထား ပိုင်ရှင်ပါ။  အပြုံးရှိသူချင်း  စကားများပြောကြား ရသည်က ကြည်နူးဝမ်းသာဖြစ်ခဲ့ရသည်မှာ အမှန်ပါ။

 


Mr.Shinzo Abe ၏အဘိုးနှင့်အဖေ


Mr.Shinzo Abe ၏အဘိုးသည် စစ်ကြိုခေတ်၌  ဝန်ကြီးချုပ် နိုဘူဆူကီကီရှီ ဖြစ်ပါသည်။ အဖေ ဖြစ်သူမှာ နိုင်ငံခြားရေးဝန်ကြီး ရှင်တာရာရိုအာဘေး ဖြစ်ပါသည်။ သူ့အဖေနိုင်ငံခြားရေးဝန်ကြီး မြန်မာ နိုင်ငံခရီးစဉ်၌   Mr.Shinzo Abe  သည် ကိုယ်ရေး အရာရှိအဖြစ်  လိုက်ပါဖူးသည်ဟု   ဆိုပါသည်။ ထိုစဉ်က  လမ်းစဉ်ပါတီခေတ်   ဝန်ကြီးအချို့မှာ ဂျပန်စာတတ်သလို     ဂျပန်စကားပြောလည်း ကျွမ်းကြပါသည်။  ဧည့်ခံပွဲ၌  ဂျပန်လို  စကားများ ဖောင်ဖွဲ့အောင် ပြောကြသည့်အပြင် ဂျပန်သီချင်း များကို အကျအနဆိုပြလိုက်သောအခါ နိုင်ငံခြားရေး ဝန်ကြီး ရှင်တာရာရိုအာဘေးသည်  ကျွန်တော်တို့  မြန်မာများအပေါ် အလွန်ပင်အသည်းခိုက်သွားပုံရပါ သည်။ ထိုစဉ်က  သူ့အဖေအနား၌   ရှိနေသော Mr.Shinzo Abe အားလည်း မြန်မာတို့၏ စိတ်ရင်း များက ကူးသွားစေခဲ့သည်မှာဧကန်မလွဲပါ။

 


သူတို့ GMI NGO တည်ထောင်ရန် စိတ်ကူး ကြစဉ်က Mr.Shinzo Abe က  သူ့ဇနီး   Madame Akie Abe အား မြန်မာနိုင်ငံကို  အရင်သွားကြည့် ပါလားဟု အကြံပြုဖူးခဲ့သည်ကို ကြားသိရခြင်းက သက်သေခံပါသည်။
x x x x x

 


Madame Akie Abe ၏ 
ပထမဆုံးမြန်မာနိုင်ငံခရီးစဉ်


Madame Akie Abe ၏ ပထမဆုံးမြန်မာနိုင်ငံ ခရီးစဉ်က ပုဂ္ဂိုလ်ရေးဆန်ပါသည်။ ရန်ကုန်ရှိ သူတို့ ဂျပန်သံရုံးကိုပင်   အသိမပေးပါ။   ဒီတော့လည်း ကျွန်တော့်အနေဖြင့် ပိုမိုလွတ်လပ်မှုရှိစေရန် MOFA သို့လည်း   အကြောင်းမကြားခဲ့တော့ပါ။   ခရီးစဉ် ချောချောမောမောဖြစ်ရန်သာ ဆုတောင်းရပါသည်။

 


ပြန်လာမှပင် အတူလိုက်ပါသွားသော GMI မှ  ကိုစိန်ဇော်သန်း၏ ခရီးစဉ်အကြောင်း ပြောပြမှပင် ရင်အေးရပါသည်။
“အစ်မကြီးက  လွတ်လွတ်လပ်လပ်သွားချင် တာပါ၊ Formal ဆိုရင် ကြိုတင်မွမ်းမံပြင်ဆင်ထား ကြမှာ။ အမှန်ကို မသိနိုင်ဘူးလေ။ အခုတော့ သူသွား ချင်တဲ့နေရာ သူသွားတယ်၊  သူစားချင်တဲ့နေရာမှာ စားတယ်၊ သူကြည့်ချင်တာကို  သွားကြည့်တယ်၊  သူတည်းခိုချင်တဲ့နေရာကို      သွားတည်းတယ်၊ ဂျင်းဘောင်းဘီဝတ်ပြီး ကမ္ဘာလှည့်ခရီးသည်တစ်ဦး လို  လွတ်လွတ်လပ်လပ်ကြီးကို   သွားဖြစ်တာ၊ ကျွန်တော်တို့မြန်မာနိုင်ငံရဲ့   ရှုခင်းနဲ့စိတ်ရင်းကို ပကတိအတွင်းတွေ့မြင်ခွင့်၊ သိရှိခွင့်၊ နားလည်ခွင့် ရအောင် လုပ်ပေးခဲ့တာပါ။”

 


မှန်ပါသည်။ ကျွန်တော်တို့က  လမ်းကြောင်း အတိုင်း ပို့ပေးပြီး ပကတိအတိုင်း ပြသသော်လည်း  သူတို့က ယုံချင်မှယုံမှာကိုး။ ကျွန်တော်တို့ကလည်း သတင်းကြားသည်နှင့် မလိုလေးလိုလေး   ကြိုတင် ပြင်ဆင်မှု အလွန်လုပ်တတ်သည့်လူမျိုးကိုး။ ဒီတော့   စိတ်ကြိုက်လွတ်လွတ်လပ်လပ် ထိတွေ့ခံစားသိမြင်  စေပြီးမှ  သူတို့၏  ထင်မြင်သုံးသပ်ချက်ပေးမှုက ပိုပြီးလက်တွေ့ကျပါသည်။  သမာသမတ်ကျပါသည်။ 

 


ကျွန်တော်တို့   မြန်မာနိုင်ငံ၏    ကိုယ်ပိုင် အမျိုးသားရေးသွင်ပြင် စရိုက်လက္ခဏာဖြစ်သော ဖော်ရွေမှု၊ စေတနာရှိမှု၊ စိတ်ကောင်းရှိမှု၊ ယဉ်ကျေး သိမ်မွေ့   ပွင့်လင်းရိုးသားမှု၊    စိတ်ရှည်သည်းခံမှု၊ ကူညီရန် စိတ်ဆန္ဒပြင်းပြမှုတို့ကို  Madame Akie  Abe သည် အလွန်တရာပင်  သဘောကျအလေး  ထားခဲ့ပုံရပါသည်။ ထိုမြန်မာနိုင်ငံခရီးစဉ်မှ စတင် အကြောင်းပြု၍  Madame  Akie  Abe  သည် အခေါက်ပေါင်းများစွာ မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ခဲ့ပါသည်။  ၎င်း၏  GMI NGO အဖွဲ့ အစည်းသည် မြန်မာနိုင်ငံ၌  ဘုန်းတော်ကြီးသင် ပညာရေးကျောင်းအဆောက်အအုံများ ဆောက်လုပ်  လှူဒါန်းခဲ့ပါသည်။ ၎င်းအပြင် သူမဟာဘွဲ့တက်ရောက် ရာ၌ ဘွဲ့အတွက် Thesis တင်ရာ၌ မြန်မာ့ဘုန်းတော် ကြီးသင်ပညာရေးစနစ်အကြောင်းကို  ရေးသားပြုစု တင်သွင်းခဲ့သည်ဟု ကြားသိရဖူးပါသည်။

 


နိုင်ငံရေးသမားပီသ


ပထမအကြိမ် ဂျပန်နိုင်ငံဝန်ကြီးချုပ်အဖြစ်  Mr.Shinzo Abe သည် ၂၆-၉-၂၀၀၆ ခုနှစ်မှ  ၁၆-၉-၂၀၀၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါသည်။  ဝန်ကြီးချုပ်မှအနားယူသော်လည်း    လွှတ်တော် အမတ်ထိုင်ခုံ၌ သွားထိုင်ပြီး    နိုင်ငံရေးသမားပီသစွာ    တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ထို့အတူ Madame Akie Abe သည်လည်း ကျွန်တော်တို့ မြန်မာနိုင်ငံ သံရုံး၌ ပြုလုပ်ကျင်းပသည့် အမျိုးသမီးပွဲများကို လည်း  အားတက်သရော    တက်ရောက်ချီးမြှင့်လေ့ရှိပါ သည်။ ALFS အမျိုးသမီးအဖွဲ့အစည်းက ကျင်းပ သည့်  နိုင်ငံစုံအကပြပွဲမျိုးဖြစ်သည်။   ၎င်းအပြင် ကျောင်းဆရာကြီး မစ္စတာမတ်စုအီ၏ အိုကာဇာကီ မြို့၌ ပြုလုပ်ကျင်းပသည့် မြန်မာနှင့်ဆိုင်ရာ ပွဲတော် များ၊ မြန်မာနိုင်ငံသို့ မီးသတ်ကားများ  လှူဒါန်းပွဲများ သို့ မြန်မာနိုင်ငံအား  ချစ်သည့်စိတ်နှင့်   တက်ရောက် ပေးခဲ့သည်ကိုလည်း   တွေ့ရပါသည်။  ၎င်းသည် ဒေသခံဂျပန်များ၊  ကျွန်တော်တို့တစ်တွေနှင့် ဗန်သို ထမင်းဘူးမျိုးကို   အတူတကွ   ခင်မင်ရင်းနှီးစွာ စားသောက်တတ်သူတစ်ဦးဖြစ်သည်။    ကိန်းကြီး ခန်းကြီး ဟန်ကြီးပန်ကြီးလုပ်တာမျိုးမတွေ့ရပါ။

 


နာဂစ်မုန်တိုင်းကာလ 
Madame Akie Abe ၏ အကူအညီများ


ကျွန်တော်တို့နိုင်ငံတွင် နာဂစ်မုန်တိုင်းက ၂၀၀၈  ခုနှစ် မေလ ၂ ရက်နှင့် ၃ ရက်၌ သမိုင်း၌ မကြုံစဖူး သဘာဝဘေးအန္တရာယ်ဆိုးကြီးအဖြစ် ကျရောက်ခဲ့ ရပါသည်။ လူပေါင်း ၇၇၇၃၈ ဦး သေဆုံးကာ ၅၅၉၁၇ ဦး ပျောက်ဆုံးပြီး ၁၉၃၉၅ ဦး  ဒဏ်ရာရရှိခဲ့ပါသည်။

 


ထိုသဘာဝဘေးအန္တရာယ်  နာဂစ်မုန်တိုင်း သင့်ဒေသကယ်ဆယ်ရေးကို    အကြောင်းပြု၍ နိုင်ငံပေါင်းစုံမှ အကြောင်းအမျိုးမျိုး၊ ရည်ရွယ်ချက် အမျိုးမျိုးနှင့် ကူညီမည်ဟု တောင်းဆိုလာသည်ကို  တွေ့ခဲ့ရပါသည်။ ကျွန်တော်တို့က ဂျပန်နိုင်ငံမှ  ကယ်ဆယ်ရေးအဖွဲ့များ၊    ကြက်ခြေနီအဖွဲ့များ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ        ဒုတိယဝန်ကြီးတို့ကို မြန်မာနိုင်ငံသို့ သွားရောက်နိုင်ရန် ဗီဇာများထုတ်ပေး ခြင်းများ ကူညီဆောင်ရွက်ပေးပါသည်။

 


ထိုကြားထဲ မြန်မာနိုင်ငံကို သံယောဇဉ်ကြီးလှ သော Madame Akie Abe သည် နာဂစ်ဖြစ်ပွားရာ  ဒေသများသို့     သွားရောက်လှူဒါန်းလိုကြောင်း ပြောဆိုလာပါသည်။ ထိုအချိန်၌ သူက အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်ဇနီးမဟုတ်တော့ပါ။ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ဟောင်း၏ဇနီးဖြစ်နေပါပြီ။  သို့သော်  Mr.Shinzo Abe ဝန်ကြီးချုပ်အဖြစ်မှ နားသည်မှာ ရှစ်လခန့်ပင်ရှိပါသေးသည်။ ထုံးစံအတိုင်း  သူက  Personal သွားမည်ဖြစ်ပြီး  ရန်ကုန်ရှိ ဂျပန်သံရုံး ကိုပင် အသိမပေးပါ။ ဒီတော့လည်း ကျွန်တော်တို့က  MOFA  ကိုလည်း  အကြောင်းမကြားတော့ပါ။  သူ၏  စိတ်ရင်းစေတနာကို      သိထားယုံကြည်ထားပြီး ဖြစ်ပါသည်။ သူက  ပုဂ္ဂိုလ်ရေးအမွှမ်းတင်လိုသူ၊  မည်သည်ကိုမျှ အကျိုးအမြတ်ထုတ်လိုသူတစ်ဦး မဟုတ်ပါ။ ထို့ကြောင့်လည်း မြန်မာနိုင်ငံသို့သွားသည့် အခေါက်တိုင်း Low Profile နှင့်သွားခြင်းဖြစ်သည်။

 


ပြန်လာမှပင် သူ၏ခရီးစဉ်အကြောင်းကို လိုက်ပါ သွားသူများမှတစ်ဆင့် မေးခဲ့ရပါသည်။ ထိုစဉ်က  မုန်တိုင်းသင့်ထားသည်မှာ ပူပူနွေးနွေးမို့  ထိုဒေသသို့ ရောက်ရန်  ခရီးလမ်းက  ကြမ်းတမ်းလှပါသည်။ ကားတစ်တန်၊ ပဲ့ထောင်စက်လှေတစ်တန်၊ ခြေကျင်  တစ်တန်  ခရီးကြမ်းကို  စွန့်စွန့်စားစားသွားခဲ့ရပါ သည်။   သို့သော်   သူ၏မှတ်ချက်စကားများကို တစ်ဆင့်ပြန်လည်ကြားရသည့်အခါ ကျွန်တော်တို့၏  မြန်မာစိတ်ရင်းအတွက် အတိုင်းမသိ ဝမ်းမြောက် ဝမ်းသာ ဂုဏ်ယူခဲ့ရသည်မှာ အမှန်ပါ။

 


“ကျွန်မရောက်သွားတဲ့အိမ်က  လယ်ကွက်ထဲ မှာပါ။ အဲဒီအိမ်မှာ ပတ်ဝန်းကျင်ကအိမ်တွေ ပျက်စီး ပြီး ဒုက္ခရောက်နေကြတဲ့သူတွေ စုပြီးနေကြတာပါ။ ကျပ်ကျပ်တည်းတည်း မလုံမလဲနဲ့ပါ။ ဒါပေမယ့် ကျွန်မ တို့အဖွဲ့ကို သူတို့မှာရှိတဲ့ဆန်လေးတွေနဲ့ ထမင်းတွေ ချက်ကျွေးကြတယ်၊   ငါးဟင်းတွေလည်းပါတယ်၊    ခြံထွက်ဟင်းသီးဟင်းရွက်တွေနဲ့ပါ၊ ကျွန်မတို့အပြန် မှာ ပုစွန်ခြောက်လိုဟာမျိုးတွေ လက်ဆောင်အဖြစ်နဲ့ ပေးသေးတယ်၊   ကူညီဖို့သွားတဲ့သူတွေကို   ဒုက္ခ ရောက်နေတဲ့သူတွေက ရှိတာလေးနဲ့ ထမင်းဟင်း ချက်ကျွေးဧည့်ခံပြီး အပြန်မှာ  လက်ဆောင်တောင် ပေးသေးတယ်ဆိုတာ ရှင်တို့မြန်မာနိုင်ငံပဲ ကမ္ဘာ ပေါ်မှာ ရှိတယ်ထင်ပါတယ်” တဲ့။

 


x x x x x
သက်တမ်းအရှည်ကြာဆုံး  ဝန်ကြီးချုပ်
ကျွန်တော်တို့အနေဖြင့် Madame Akie Abe အား သူ၏ GMI  NGO ၏ လှူဒါန်းပွဲနှင့် ဧည့်ခံပွဲများ၌  ဆုံဖြစ်သည်က များပါသည်။ Mr.Shinzo Abe  သည်   တစ်ကျော့ပြန် ၂၀၁၂ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ်အတွင်း၌  ဂျပန်နိုင်ငံ၏ စစ်ပြီးခေတ် သက်တမ်းအရှည်ကြာ ဆုံး  ဝန်ကြီးချုပ်ဖြစ်ခဲ့ပါသည်။  ထိုကာလများ၌ မြန်မာနိုင်ငံသို့ ဝန်ကြီးချုပ်၏ဇနီးအနေဖြင့်  Madame Akie Abe လာရောက်ခဲ့ပါသော်လည်း အချို့ကိစ္စရပ် များမှအပ အတတ်နိုင်ဆုံး Low Profile ပင်နေပါသည်။
ကျွန်တော့်အနေဖြင့်က Mr.Shinzo Abe  နှင့်  ၁၇-၅-၂၀၀၆ ရက်နေ့၌ အစိုးရအဖွဲ့ အတွင်းရေး မှူးချုပ်အနေဖြင့် ပထမဆုံး တွေ့ဆုံခဲ့ရသည်မှအပ  ဂျပန်နိုင်ငံ၌ ထပ်မတွေ့ရတော့ပါ။ ၂၀၁၀ ပြည့်နှစ်  ကုန်ခါနီး၌လည်း   ကျွန်တော်     မြန်မာနိုင်ငံသို့ အငြိမ်းစားယူရန် ပြန်ရောက်ခဲ့ရပါသည်။
သို့သော် ရန်ကုန်၌မူ မှတ်မှတ်ရရ တစ်ကြိမ် တွေ့ဆုံဖြစ်ပါသည်။  သမ္မတကြီး   ဦးသိန်းစိန်၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ ချစ်ကြည်ရေး  ခရီးလာရောက်ခဲ့ပါသည်။
ထိုစဉ်က ဝန်ကြီးချုပ် Mr.Shinzo Abe အား  ရန်ကုန်လေဆိပ်၌ ခရီးဦးကြိုဆိုနှုတ်ဆက်ရသည့် အဖွဲ့၌ အဖွဲ့ဝင်တစ်ဦးအဖြစ် ကျွန်တော်ပါခဲ့ပါသည်။
ကျွန်တော့်အား တွေ့ရသည်နှင့် အံ့ဩဝမ်းသာ ပြုံးရွှင်စွာဖြင့် နှုတ်ဆက်ပါသည်။
“တိုက်ရှိ  (ဂျပန်လို  သံအမတ်ကြီး)၊     တိုက်ရှိ ပါလား”
ယခုထက်တိုင် ကြားယောင်နေဆဲပါ။
x x x x x


ဝန်ကြီးချုပ် Mr.Shinzo Abe  လက်ထက်၌ ကျွန်တော်တို့နိုင်ငံ၏ ဘီလီယံနှင့်ချီသော ကြွေးမြီ တင်ရှိနေမှုများကို လျော်ပေးမှုများ၊ ဖွံ့ဖြိုးရေးဆိုင်ရာ  အထောက်အပံ့များ၊ Soft Loan  များ  စသည်တို့ မြောက်မြားစွာ ရရှိခဲ့ပါသည်။ အသေးစိတ်ဖော်ပြ  ရေးသားရန် လတ်တလောအချိန်မပေးနိုင်သေးသည့် ကျွန်တော့်အား နားလည်ခွင့်လွှတ်ပေးစေလိုပါသည်။

 


အဓိကမှာ  ကျွန်တော်တို့  နှစ်နိုင်ငံအကြား သမိုင်းကြောင်းရှည်လျားသော ချစ်ကြည်ရင်းနှီးမှု  နှင့် နက်ရှိုင်းစွာရှိသည့် ဆက်ဆံရေးကို  အတွင်း ကျကျသိရှိကြသော ပုဂ္ဂိုလ်ကြီးများ သက်ရှိထင်ရှား  ကျန်ရှိသည့် အရေအတွက်က နည်းပါးလှပါသည်။ ထိုသို့သောနှစ်နိုင်ငံအကြားဆက်ဆံရေးကို  မျိုးဆက်  အဆင့်ဆင့်အကြားလက်ကမ်းသယ်ဆောင်ပေးမည့် ပုဂ္ဂိုလ်ကြီးမျိုးများလည်း  အထူးလိုအပ်လှပါသည်။

 


ထိုသို့သောပုဂ္ဂိုလ်များအနက် Mr.Shinzo Abe သည် အထင်ကရပုဂ္ဂိုလ်တစ်ဦးဟု ဆိုနိုင်ပါသည်။ အဘိုး ဝန်ကြီးချုပ်ခေတ်မျိုးဆက်၊ အဖေ နိုင်ငံခြား ရေးဝန်ကြီးခေတ်မျိုးဆက်၊   သူတို့မျိုးဆက်များ အကြား၌ ကျွန်တော်တို့နှစ်နိုင်ငံအကြား ချစ်ကြည်  ရင်းနှီးသောဆက်ဆံရေးကို ကွင်းဆက်များသဖွယ် ပေါင်းကူးတည်ဆောက်ခဲ့သူတစ်ဦးဆိုလျှင်လည်း မမှားပါ။

 


ထို့ကြောင့်  ထိုသို့သောပုဂ္ဂိုလ်ကြီးဖြစ်သည့် ဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe  ကွယ်လွန် သွားမှုအပေါ် ကျွန်တော်တို့အနေဖြင့် မိသားစုနှင့် အတူ ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါသည်။

 


ဝန်ကြီးချုပ်ဟောင်း Mr.Shinzo Abe ကြိုးပမ်း ဆောင်ရွက်ခဲ့သော   ဂျပန်-မြန်မာချစ်ကြည်ရေး အဓွန့်ရှည်ခိုင်မြဲပါစေဟု ဆန္ဒပြုရပါသည်။

 


ထို့အတူ သူတို့လေးစားတန်ဖိုးထား  အသိ အမှတ်ပြုခဲ့သည့်   ကျွန်တော်တို့   မြန်မာနိုင်ငံ၏ စစ်မှန်သော ကိုယ်ပိုင်အမျိုးသားသွင်ပြင် ယဉ်ကျေးမှု စရိုက်လက္ခဏာများကို      ထာဝရထိန်းသိမ်း စောင့်ရှောက်နိုင်ကြပါစေဟုလည်း ထပ်ဆင့်ဆန္ဒပြု ရပါသည်။          ။