မြန်မာနိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth)နှင့် လွှမ်းမိုးနေသော အချက်များ

Type
5

 

ဆေးဝန်ထမ်းတစ်ဦး

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့          (World  Health Organization) အပါအဝင်   နိုင်ငံတကာ   အဖွဲ့ အစည်းတွေ၊ နိုင်ငံတွင်းမှာရှိတဲ့  ကျန်းမာရေးဆိုင်ရာ အဖွဲ့အစည်းတွေဟာ       သက်ဆိုင်ရာနိုင်ငံရဲ့ ကျန်းမာရေးအဆင့်အတန်း     တိုးတက်လာမှု၊ ဆုတ်ယုတ်လာမှုတွေကို မျက်ခြည်မပြတ် လေ့လာ စောင့်ကြည့်နေကြလေ့ရှိတယ်။   ဒီလိုလေ့လာ စောင့်ကြည့်ရခြင်းဟာ  အစိုးရတစ်ရပ်ရဲ့ မဖြစ်မနေ လုပ်ဆောင်ရမယ့်   အချက်တစ်ခုလည်းဖြစ်တယ်။ ဒီလိုစောင့်ကြည့်တဲ့အခါမှာ  အဓိကထား အသုံးပြု တိုင်းတာကြတာတွေကတော့ ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်း    (Health Indicators)   တွေပဲ   ဖြစ် တယ်။   ဒီအညွှန်းကိန်းတွေကို   သာမန်အားဖြင့် ကဏ္ဍကြီး (၈) ခုခွဲပြီး  လေ့လာနိုင်တယ်။ အဲဒါတွေ ကတော့    သေဆုံးမှုဆိုင်ရာ     အညွှန်းကိန်းများ (Mortality Indicators)၊  ရောဂါဖြစ်ပွားမှုဆိုင်ရာ အညွှန်းကိန်းများ     (Morbidity Indicators)၊ ကျန်းမာရေးအဆင့်အတန်းဆိုင်ရာ အညွှန်းကိန်း များ (Health Status Indicators)၊  မသန်စွမ်းမှု ဆိုင်ရာ  အညွှန်းကိန်းများ (Disability Indicators)၊ အာဟာရ အဆင့်အတန်းဆိုင်ရာ အညွှန်းကိန်းများ (Nutrition Indicators)၊ လူမှုရေးနှင့်    စိတ်ပိုင်း ဆိုင်ရာ    အညွှန်းကိန်းများ    (Social and Mental Indicators)၊ ကျန်းမာရေးစနစ်ဆိုင်ရာ အညွှန်းကိန်း များ (Health System Indicators)နဲ့ ကျန်းမာရေး စနစ်အပေါ်  လွှမ်းမိုးနေသော အချက်များ (Health Determinants) တွေပဲ ဖြစ်ကြတယ်။   ဒီလို   တွက် ချက်တဲ့ အခါတိုင်းမှာ မပါမဖြစ်   ထည့်သွင်းတွက် ချက်ရမယ့် အညွှန်းကိန်းတစ်ခုကတော့ သေဆုံးမှု အညွှန်းကိန်းထဲမှာပါဝင်တဲ့    နိုင်ငံရဲ့   မျှော်မှန်း သက်တမ်း (Life Expectancy at Birth) ပဲ   ဖြစ် တယ်။ 

 


မျှော်မှန်းသက်တမ်းဆိုတာဘာလဲ


ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့   အဓိပ္ပာယ်ဖွင့်ဆိုချက် အတိုင်း    အတိအကျ    ပြောရမယ်ဆိုရင်တော့ မျှော်မှန်းသက်တမ်းဆိုတာဟာ  လက်ရှိတိုင်းပြည်ရဲ့ သေဆုံးမှုနှုန်းတွေအတိုင်း   အနာဂတ်မှာ  ဆက်ဖြစ် နေမယ်ဆိုရင်   ဒီနှစ်အတွင်းမှာ   မွေးဖွားလာမယ့် ကလေးတစ်ယောက်ရဲ့   ပျမ်းမျှသက်တမ်းပဲ ဖြစ် တယ်လို့ဆိုရမယ်။  ဒါကြောင့် တိုင်းပြည်တစ်ပြည်ရဲ့ မျှော်မှန်းသက်တမ်းဆိုတာဟာ        တိုင်းပြည်ထဲ မှာရှိနေတဲ့  လူဦးရေတစ်ရပ်လုံးရဲ့ သေဆုံးမှုနှုန်းကို ရောင်ပြန်ဟပ်တယ်လို့     အကြမ်းဖျင်းဆိုနိုင်တယ်။ ဒီမှာပြောနေတဲ့      သေဆုံးမှုထဲမှာ   ကလေး၊ ဆယ်ကျော်သက်၊ အရွယ်ရောက်ပြီးသူ၊   သက်ကြီး ရွယ်အို အစရှိတဲ့အသက်အရွယ်အားလုံးရဲ့ သေဆုံးမှု နှုန်းကို   ပြောခြင်းဖြစ်တယ်ဆိုတာကို   နားလည် ထားရမယ်။ မျှော်မှန်းသက်တမ်းကို ပြောတဲ့အခါမှာ နိုင်ငံတွေအနေနဲ့ လူဦးရေတစ်ရပ်လုံးရဲ့ မျှော်မှန်း သက်တမ်းကို    ပြောလေ့ရှိသလို    အမျိုးသားနဲ့ အမျိုးသမီးကို   ခွဲခြားပြီးလည်း   ပြောလေ့ရှိတယ်။ သာမန်အားဖြင့်တော့ အမျိုးသမီးတွေရဲ့ မျှော်မှန်း သက်တမ်းဟာ  အမျိုးသားတွေထက် ပိုလေ့ရှိတာကို တွေ့ရမှာဖြစ်တယ်။ 

 


မျှော်မှန်းသက်တမ်းကို ဘယ်လိုတွက်ချက်ကြသလဲ


မျှော်မှန်းသက်တမ်းကို      တွက်ချက်နိုင်တဲ့ ပုံသေနည်း (Formula) တွေ မျိုးစုံရှိပါတယ်။  ပုံသေ နည်းတစ်ခုနဲ့တစ်ခု ကွဲပြားကြတဲ့အတွက် ထွက်လာ တဲ့အဖြေတွေဟာလည်း  အနည်းငယ်ကွာခြားမှုတွေ ရှိနိုင်ပါတယ်။   ဒါကြောင့်   မျှော်မှန်းသက်တမ်းကို ပြောတဲ့အခါတိုင်းမှာ   တူညီတဲ့ပုံသေနည်းက ရရှိ လာတဲ့ အချက်တွေကိုပဲ  ပြောဆိုရန် လိုပါတယ်။ 

 


မျှော်မှန်းသက်တမ်းကို    တွက်ချက်ဖို့ဆိုရင် နိုင်ငံတိုင်းဟာ    သက်ရှိဇယား   (Life Table) ကို ဖော်ဆောင်ထားဖို့လိုတယ်။ ဒီဇယားထဲမှာ  အသက် အုပ်စုတစ်ခုချင်းစီရဲ့ သေဆုံးနှုန်း၊ အသက်ရှင်သန်မှု နှုန်း၊ သေဆုံးနိုင်ခြေ အစရှိတဲ့ အချက်အလက်တွေ ပါဝင်တယ်။ ဒီအချက်အလက်တွေကို ဘယ်ကနေ ရသလဲဆိုရင် တစ်နှစ်အတွင်း    နိုင်ငံတစ်ဝန်းလုံးမှာ မွေးဖွား၊   သေဆုံးခဲ့တဲ့သူတွေရဲ့   အချက်အလက် တွေကနေ ရတယ်လို့ပဲ  ဆိုရမယ်။ ဒါတွေကို ဆေးရုံ၊ ဆေးခန်းတွေ၊ သုသာန်တွေကနေရတဲ့ မွေးစာရင်း၊ သေစာရင်းတွေကနေ ရနိုင်တယ်။    ဒီလိုရပြီဆိုရင် တော့ ဒါကို အခြေခံပြီးတော့   မျှော်မှန်းသက်တမ်းကို တွက်လို့ရပြီဖြစ်တယ်။    ဒီလိုမျိုး   မွေးဖွားနှုန်း၊ သေနှုန်းတွေကို ထည့်သွင်းတွက်ချက်လိုက်တဲ့အခါ မှာ လက်ရှိမြန်မာနိုင်ငံရဲ့   မျှော်မှန်းသက်တမ်းဟာ ၆၇ ဒသမ ၈ နှစ်  ဖြစ်တယ်လို့ဆိုတယ်။  သဘောက တော့ ယခင်မွေးဖွားပြီးသောသူများနှင့်   မသက်ဆိုင် ဘဲ ၂၀၂၁ ခုနှစ်အတွင်းမှာ  မြန်မာနိုင်ငံမှာ  မွေးဖွား လာတဲ့ ကလေးတစ်ယောက်ရဲ့ ပျမ်းမျှသက်တမ်းဟာ ၆၇ ဒသမ ၈ နှစ်    ဖြစ်တယ်လို့ဆိုရမှာဖြစ်တယ်။ ဒီထက်ပိုပြီး   ရှင်းလင်းရမယ်ဆိုရင်    ဒီနိုင်ငံ၊    ဒီရေ မြေ၊       ဒီကျန်းမာရေးစောင့်ရှောက်မှုစနစ်နဲ့   စားသောက်နေထိုင်မှု     ပုံစံအခြေအနေမျိုးမှာ   မွေးဖွားလာမယ့်      ကလေးတစ်ဦးရဲ့     အသက်ရှင် နေထိုင်ရန်     မျှော်မှန်းနိုင်မယ့်   သက်တမ်းဟာ ၆၇ ဒသမ ၈ နှစ်ဖြစ်ပါတယ်။

 


မျှော်မှန်းသက်တမ်းရဲ့ သဘောသဘာဝ


ယခင် ကြေးခေတ်၊ သံခေတ်မှာရှိတဲ့  ကမ္ဘာ့ လူသားတွေရဲ့ မျှော်မှန်းသက်တမ်းကို ကြည့်လိုက်တဲ့ အခါမှာ (၂၆) နှစ်ပဲရှိတယ်ဆိုတာကို တွေ့ရမှာဖြစ် တယ်။ ယခုအခါမှာတော့   တစ်ကမ္ဘာလုံး   အတိုင်း အတာအနေနဲ့   လူတစ်ဦးချင်းစီရဲ့    မျှော်မှန်း သက်တမ်းဟာ (၆၇) နှစ်အထိကို    တိုးတက် လာတာကို   တွေ့ရမှာဖြစ်တယ်။  ကမ္ဘာ့နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို    နှစ်ကာလတွေအလိုက် လေ့လာကြည့်တဲ့အခါမှာ   နိုင်ငံတွေရဲ့ မျှော်မှန်း သက်တမ်းဟာ   ကြေးခေတ်၊ သံခေတ်ကနေ ၁၈၅၀ ခုနှစ်အထိ     သိသာထင်ရှားတဲ့  ပြောင်းလဲမှု  မရှိခဲ့ တာကို    တွေ့ရမယ်။   ၁၈၅၀ နောက်ပိုင်းမှာတော့ နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းတွေဟာ လျင်မြန်စွာ တိုးတက်လာခဲ့တာကို တွေ့ရတယ်။   အထူးသဖြင့် အနောက်ဥရောပနိုင်ငံတွေရဲ့  မျှော်မှန်းသက်တမ်း ဟာ  အခြားနိုင်ငံများထက် ပိုမိုလျင်မြန်စွာ တိုးတက် လာခဲ့တယ်။   ဒီလိုဖြစ်ရခြင်းဟာ   စက်မှုတော်လှန် ရေးဖြစ်ပွားပြီးတဲ့နောက်  နိုင်ငံတွေအနေနဲ့ စီးပွား ရေး ဖွံ့ဖြိုးတိုးတက်လာခြင်း၊   ပညာရေးမြင့်မား လာခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုစနစ် တိုးတက် ကောင်းမွန်လာခြင်းနဲ့        ဆေးသိပ္ပံပညာတွေ တိုးတက်လာခြင်းတို့ကြောင့်ပဲ ဖြစ်တယ်။

 


၂၀၂၁ ခုနှစ်အတွင်း  ကမ္ဘာ့နိုင်ငံတွေရဲ့ မျှော်မှန်း သက်တမ်းကို  လေ့လာလိုက်တဲ့အခါမှာ  အာဖရိက တိုက်မှာရှိတဲ့   ဆွာဇီလန်နိုင်ငံ   (Swaziland) ရဲ့ မျှော်မှန်းသက်တမ်းဟာ (၄၉) နှစ်ဖြစ်နေတဲ့ အချိန် မှာ ဂျပန်နိုင်ငံရဲ့  မျှော်မှန်းသက်တမ်းကတော့ (၈၃) နှစ်အထိ ဖြစ်နေတာကို    တွေ့ရမှာဖြစ်တယ်။ ၂၀၂၁ ခုနှစ်မှာရှိတဲ့   ဆွာဇီလန်နိုင်ငံရဲ့      ငါးနှစ်အောက် ကလေး သေနှုန်းကို ကြည့်လိုက်တဲ့ အခါမှာတော့ လူတစ်ထောင်   အရှင်မွေးတိုင်းမှာ ငါးနှစ်အောက် ကလေး ၄၉၄ ဦး သေဆုံးလေ့ရှိပြီး    ဂျပန်နိုင်ငံ ကတော့       လူတစ်ထောင်     အရှင်မွေးတိုင်းမှာ ၂ ဒသမ ၃ ဦးပဲ သေဆုံးမှုရှိတာကို တွေ့ရမှာ ဖြစ် တယ်။ ဒီအချက်က ဘာကို သက်သေပြနေလဲဆိုရင် နိုင်ငံတစ်နိုင်ငံရဲ့  မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေ တဲ့    သေဆုံးနှုန်းတွေ   အများကြီးထဲမှာ အဓိက လွှမ်းမိုးနေတဲ့အချက်ကတော့ နိုင်ငံအတွင်းမှာရှိတဲ့ ငါးနှစ်အောက် ကလေးသေနှုန်းပဲ ဖြစ်တယ်လို့ ဆိုရ မှာ ဖြစ်တယ်။   မြန်မာနိုင်ငံရဲ့    ငါးနှစ်အောက်  ကလေးသေနှုန်းဟာ    UNICEF   ရဲ့    တွက်ချက်မှုအရ ကလေးအရှင်  ၁၀၀၀  မွေးတိုင်း ၄၄ ဒသမ ၇ ဦး ရှိ တယ်ဆိုတာကို သတိပြုဖို့လိုတယ်။ ဒါ့အပြင် မီးဖွားစဉ် ကလေးသေနှုန်းနဲ့   မွေးကင်းစကလေး သေနှုန်းတို့     မြင့်မားခြင်းကလည်း      မျှော်မှန်း သက်တမ်းကို လျော့ကျစေပါတယ်။ 

 

နိုင်ငံတွေရဲ့  မျှော်မှန်းသက်တမ်းဟာ     နိုင်ငံရဲ့ လူသားဖွံ့ဖြိုးတိုးတက်မှု   အညွှန်းကိန်း (Human Development Index)  ကို   တိုင်းတာရာမှာလည်း အရေးကြီးတယ်။   လူသားဖွံ့ဖြိုးတိုးတက်မှု အညွှန်း ကိန်းကို   တိုင်းတာတဲ့အခါမှာ   အကြောင်းအရာ သုံးခုကို အခြေပြုတိုင်းတာလေ့ရှိတယ်။ အဲဒါတွေ ကတော့ နိုင်ငံသားတွေရဲ့    သက်ရှည်ကျန်းမာမှု အခြေအနေ (Long and Healthy Life)၊ ပညာရေး အခြေအနေ (Education) နဲ့ နေထိုင်မှု   အဆင့် အတန်း (Standard of Living) တို့ပဲဖြစ်ကြတယ်။ အဲဒီအထဲက နိုင်ငံသားတွေရဲ့ သက်ရှည်ကျန်းမာမှုကို ဖော်ပြတဲ့အခါမှာ   နိုင်ငံရဲ့   မျှော်မှန်းသက်တမ်းနဲ့ ပြောလေ့ရှိတာကို တွေ့ရမှာဖြစ်တယ်။ ဒါကြောင့် နိုင်ငံရဲ့      မျှော်မှန်းသက်တမ်းကို    မှန်ကန်စွာ တွက်ချက်ခြင်းနဲ့ သိရှိခြင်းဟာ မူဝါဒရေးဆွဲသူများ အတွက် အလွန်အရေးကြီးတဲ့ အချက်ဖြစ်တယ်ဆို တာကို ဂရုပြုဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံရဲ့ ကျန်းမာ  ရေးကဏ္ဍတွေကို စီမံခန့်ခွဲတဲ့နေရာမှာ မှန်ကန်တဲ့ မူဝါဒတွေကို ဖော်ဆောင်နိုင်မှာ ဖြစ်တယ်။ 

 


မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေတဲ့ အချက်များ


နိုင်ငံတွေရဲ့ မျှော်မှန်းသက်တမ်းကို လွှမ်းမိုးနေ တဲ့ အချက်တွေ  များစွာရှိတယ်။   အဲဒီအချက်တွေက တော့     နိုင်ငံရဲ့   လူမှုစီးပွား   အဆင့်အတန်း (Socioeconomic Status)၊ ကျန်းမာရေးပြုစုစောင့် ရှောက်မှုစနစ် (Healthcare System)၊ နိုင်ငံတွင်း မှာရှိတဲ့ လူတွေရဲ့ ကျန်းမာရေးဆိုင်ရာ အပြုအမူ၊ အနေအထိုင် (Health Behaviors)၊ မျိုးဗီဇ အချက် အလက် (Genetic Factors) နဲ့    ပတ်ဝန်းကျင် ဆိုင်ရာအချက်အလက် (Environmental Factors) တို့ပဲ ဖြစ်ကြတယ်။  

 


ဒီအထဲက လူမှုစီးပွား အဆင့် အတန်းထဲမှာဆိုရင် အလုပ်အကိုင်ရရှိမှုနှုန်း၊ တစ်ဦး ချင်းဝင်ငွေ၊  လျှပ်စစ် မီးရရှိမှု၊  ပညာရေးနဲ့ စီးပွားရေးဆိုင်ရာ   အခြေအနေ တွေ   ပါဝင်ကြမှာဖြစ်တယ်။    ကျန်းမာရေးဆိုင်ရာ အပြုအမူထဲမှာဆိုရင်    ဆေးလိပ်၊ အရက်သောက် သုံးမှုနှုန်း၊     အာဟာရချို့တဲ့မှုနဲ့ ကိုယ်လက်လှုပ်ရှားမှု စတဲ့အခြေအနေတွေ   ပါဝင်မှာ ဖြစ်တယ်။ ပတ်ဝန်း ကျင်ဆိုင်ရာ အချက်အလက်ထဲမှာတော့  ရာသီဥတု သမမျှတမှု၊    လူနေသိပ်သည်းမှု၊    သန့်ရှင်းသော    သောက်သုံးရေရရှိမှု၊        လေထုအရည်အသွေးနဲ့ ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေတွေ  ပါဝင် မှာဖြစ်တယ်။  


(ဆက်လက်ဖော်ပြပါမည်)