
နေပြည်တော် စက်တင်ဘာ ၂၂
ပြည်တွင်းစားသုံးမှု ဖူလုံမှုရှိစေရန်အတွက် ကြက်၊ ဝက်များကို ခေတ်မီနည်းစနစ်များဖြင့် ပေါင်းစပ် မွေးမြူရန်နှင့် ပြည်ပသို့ အေးခဲအသားများအဖြစ် တင်ပို့နိုင်ရေး ဆောင်ရွက်သွားရန် နိုင်ငံတော်၏ လမ်းညွှန်မှုနှင့်အညီ လက်ရှိ ငါး/ အသား အေးခဲ တင်ပို့မှုအခြေအနေနှင့် ပြည်ပပို့ကုန်တိုးမြှင့်နိုင်မှု အလားအလာများကိုသုံးသပ်၍ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်း အစီအစဉ် Action Plan ရေးဆွဲဆောင်ရွက်သွားမည် ဖြစ်ကြောင်း ယနေ့နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံး၌ ကျင်းပသည့် တိရစ္ဆာန်၊ အသား၊ ငါးကဏ္ဍ ပို့ကုန်မြှင့်တင်ရန် Action Plan ရေးဆွဲဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။
အစည်းအဝေးသို့ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်နှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက် ရောက် ဆွေးနွေးခဲ့ကြသည်။
မြန်မာ့ရေထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၄၅ နိုင်ငံသို့ နှစ်စဉ်တင်ပို့လျက်ရှိပြီး အသားကဏ္ဍ အနေဖြင့် လက်ရှိတွင် တိရစ္ဆာန်အရှင်များကိုသာ အိမ်နီးချင်းနိုင်ငံသို့ နယ်စပ်ကတစ်ဆင့် အဓိက တင်ပို့လျက်ရှိကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်သည့်အချက် အလက်များအရ ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာ ၃ ရက်အထိ ရေထွက်ပစ္စည်းတန်ချိန် ၅ ဒသမ ၃ သိန်းတင်ပို့မှုမှ ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၇၂၄ ဒသမ ၁၁၄ သန်း ရရှိခဲ့ပြီး တိရစ္ဆာန်ထွက်ပစ္စည်း တင်ပို့မှုအနေဖြင့် ၂၀၂၀ အောက်တိုဘာလမှ ၂၀၂၁ စက်တင်ဘာ ၃ ရက် အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၈ ဒသမ ၆၁ သန်း ရရှိခဲ့ကြောင်း၊ ကမ္ဘာအနှံ့ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ ကပ်ရောဂါရဲ့ သက်ရောက်မှုများကြောင့် အသွားအလာ ကန့်သတ်မှုများ၊ လမ်းခရီးအချိန် ကန့်သတ်မှုများ၊ ကွန်တိန်နာအခက်အခဲ၊ ငွေကြေး လည်ပတ်မှု အခက်အခဲများကြောင့် မွေးမြူရေးနှင့် ရေထွက်ပစ္စည်း ပို့ကုန် တင်ပို့မှုများအပေါ် သက်ရောက်နေမှုများကို အကောင်းဆုံး ရင်ဆိုင် ကျော်လွှားနိုင်ရေးအတွက် ငါး/ အသား အေးခဲတင်ပို့ မှုနှင့် ပြည်ပပို့ကုန် တိုးမြှင့်နိုင်မှု အလားအလာများကို သုံးသပ်၍ အစိုးရပိုင်းနှင့် ပုဂ္ဂလိကကဏ္ဍများက ဆောင်ရွက်ရမည့် လုပ်ငန်းအစီအစဉ် Action Plan ရေးဆွဲဆောင်ရွက်နိုင်ရန် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာနက ကြိုးပမ်းလျက်ရှိ ကြောင်း သိရသည်။
သတင်းစဉ်