
နေပြည်တော် ဇန်နဝါရီ ၂၉
မြန်မာနိုင်ငံဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်း၏ ပထမအကြိမ် ဗဟိုကောင်စီအစည်းအဝေး (၁/၂၀၂၁) ကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အစည်းအဝေးတွင် မြန်မာနိုင်ငံ ဆေးကောင်စီ နာယက၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက မြန်မာနိုင်ငံ ဆေးကောင်စီသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ဆောင်မှု ကဏ္ဍ အဆင့်အတန်း မြင့်မားစေရေးနှင့် ဆေးပညာရှင်များ ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးမြှင့်တင်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဆေးပညာ ကဏ္ဍနှင့် ဆရာဝန်ထုတစ်ခုလုံးအတွက် အရေးကြီးသော အဖွဲ့ကြီးဖြစ်ပါကြောင်း။
လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာ
မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို ၂၀၁၅ ခုနှစ်တွင် အသစ်ပြဋ္ဌာန်းခဲ့ပြီး လွန်ခဲ့သောလေးနှစ်တာ သက်တမ်း၌ ဆောင်ရွက်ခဲ့သော လုပ်ငန်းအရပ်ရပ်ကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍ တိုးတက်မှုများရှိလာသည်ကို တွေ့ရ ပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီဝင်ဟောင်းများကို မှတ်တမ်းတင်ဂုဏ်ပြုကျေးဇူးတင်ရှိပါကြောင်း၊ မြန်မာ နိုင်ငံဆေးကောင်စီဥပဒေကို ၂၀၂၀ ပြည့်နှစ်တွင် ပြင်ဆင် ပြဋ္ဌာန်းခဲ့ပြီး နာယက သုံးဦး၏ ကြီးကြပ်မှုဖြင့် အဖွဲ့ဝင် ၆၅ ဦး၊ အလုပ်အမှုဆောင်အဖွဲ့ဝင် ၂၀ တို့ဖြင့် ယခု ဖွဲ့စည်းခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် လာမည့် လေးနှစ်တာသက်တမ်းတွင် ဆရာဝန်များ၏ ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေး၊ အဆင့်အတန်း ကို ထိန်းသိမ်းမြှင့်တင်ရန် စံချိန်စံညွှန်းများ သတ်မှတ်ခြင်း နှင့် ဆန်းစစ်ခြင်း၊ နိုင်ငံပိုင်ဆေးရုံများနှင့် ပုဂ္ဂလိကဆေးရုံ များ ကျန်းမာရေးစောင့်ရှောက်မှုအဆင့်အတန်း ထိန်းသိမ်း မြှင့်တင်ရန်အတွက် စံချိန်စံညွှန်းများ သတ်မှတ်ထုတ်ပြန် ခြင်းနှင့် ဆန်းစစ်ခြင်း၊ ဆေးပညာသင်ကြားမှု အဆင့် အတန်းမြင့်မားစေရေးနှင့် အရည်အသွေးပြည့်ဝသော ဆေးပညာရှင်များ ပိုမိုပေါ်ပေါက်စေရေးအတွက် ပြောင်းလဲ လာသော ဆေးပညာသင်ကြားရေးစနစ်များကို လေ့လာ သုံးသပ်ပြီး ဆေးတက္ကသိုလ်များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်းနှင့် အကြံပြုခြင်း၊ ဆေးပညာစဉ်ဆက် မပြတ် သင်ကြားရေးကိစ္စရပ်များအတွက် ဝန်ကြီးဌာန၊ ဆေးတက္ကသိုလ်များ၊ မြန်မာနိုင်ငံ ဆေးပညာရှင်အသင်း၊ မြန်မာနိုင်ငံဆရာဝန်အသင်းနှင့် ဆေးပညာ ဘာသာရပ် ဆိုင်ရာအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ခြင်း၊ ဆရာဝန်များလိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်သိက္ခာ များအား လိုက်နာရန်ကြီးကြပ်ခြင်း စသည့်လုပ်ငန်းများကို ဦးစားပေး၍ ပိုမိုဆောင်ရွက်စေလိုပါကြောင်း။
အဆိုပါ လုပ်ငန်းကိစ္စရပ်များကို ဆောင်ရွက်ရန် သက်ဆိုင်ရာကော်မတီ ၁၀ ခု၏ အဖွဲ့ဝင်များကို ရွေးချယ် ဖွဲ့စည်းရာတွင် ဆေးတက္ကသိုလ် ငါးခုအပါအဝင် ဝန်ကြီး ဌာနရှိ တက္ကသိုလ် ၁၆ ခုနှင့် ဝန်ကြီးဌာနရှိ ဦးစီးဌာန ခုနစ်ခုတို့မှ ပညာရှင်များပါဝင်စေရန် သေချာစွာစိစစ် ရွေးချယ်ဖွဲ့စည်းစေလိုပါကြောင်း၊ ထိုသို့ စိစစ်ရွေးချယ်ရာ တွင် လုပ်ငန်းအမှန်တကယ် စိတ်ပါဝင်စားမှုရှိပြီး ရှေ့သို့ မျှော်မှန်း တွေးဆနိုင်စွမ်းရှိသူ၊ ကျိုးကြောင်းဆီလျော်စွာ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိသူ၊ လက်တွေ့မြေပြင်အခြေအနေ များကို သိရှိသူ၊ ဆန်းသစ်သော အတွေးအမြင်များဖြင့် ဆောင်ရွက်နိုင်သူ၊ အခြေအနေအရပ်ရပ်ကို သိမြင်တွက်ဆ နိုင်စွမ်းရှိသူနှင့် ပရဟိတစိတ်ရှိသူများကို ရွေးချယ်စေလိုပါ ကြောင်း။
မြန်မာနိုင်ငံဆေးကောင်စီကို အတွေ့အကြုံ အလွန် မြင့်မားသည့် ပညာရှင်ကြီးများဖြင့် ဖွဲ့စည်းထားသည်ဖြစ် ၍ ဆေးလောကကို ယခုထက်ပိုမိုတိုးတက်ပြောင်မြောက် စေရေးနှင့် ဆေးပညာရှင်များ ကျင့်ဝတ်များကို ပိုမိုသိရှိ လိုက်နာစေရေးတို့ကို ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊ ဆရာဝန် ကျင့်ဝတ်များကို အမြဲတမ်းနှလုံးသွင်း လိုက်နာစေရန်အတွက် ဝန်ကြီးဌာနအနေဖြင့် နည်းမျိုးစုံဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဆေးပညာလောကအခြေအနေ
မြန်မာနိုင်ငံဆေးကောင်စီ၊ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီဥပဒေကို အပြန်ပြန်အလှန်လှန် ကျေညက်စွာဖတ်ရှုခြင်းနှင့် ဆွေးနွေးခြင်းတို့ဖြင့် မိမိတို့၏ အခန်းကဏ္ဍနှင့် လုပ်ဆောင်ရမည့် လုပ်ငန်းများကို ပိုမိုသိရှိကာ ကောင်စီ၏လုပ်ငန်းများကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်မည်ဟု မိမိယုံကြည်ပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီ၏ လုပ်ငန်းများသည် ဖွံ့ဖြိုးပြီးနိုင်ငံကြီး များတွင် ဆောင်ရွက်နေသည့် ပုံစံများအတိုင်းဆောင်ရွက်၍ မရနိုင်ဘဲ မြန်မာနိုင်ငံ၏ အရင်းအမြစ်များ အခြေအနေ၊ မြန်မာနိုင်ငံ ဆေးပညာလောကတွင် ဖြစ်ပေါ်နေသော အခြေအနေအရပ်ရပ်တို့နှင့် ကိုက်ညီမှုရှိစေရန်ကိုလည်း သတိပြုရမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံဆေးကောင်စီ ၏ ဆေးကုသခွင့် လိုင်စင်အမျိုးအစားအလိုက် လိုင်စင် ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းနှင့် အခြားလုပ်ငန်းများ အားလုံးကို ခေတ်မီအီလက်ထရွန်နစ်စနစ်၊ အင်တာနက် ကွန်ရက်တို့ကိုအသုံးပြုကာ ဆောင်ရွက်စေလိုပါကြောင်း။
သက်ဆိုင်ရာ ဆေးပညာဘာသာရပ်အလိုက် ပညာရှင် များပါဝင်ဖွဲ့စည်းထားသော ဘုတ်အဖွဲ့များမှ ဆေးပညာ ဘာသာရပ်အလိုက် အသိအမှတ်ပြု (board certified) အထူးကုဆရာဝန်များအဖြစ် သတ်မှတ်နိုင်ရေးကိုလည်း အမြန်ဆုံး ဝိုင်းဝန်းဆွေးနွေးပြီး ဆောင်ရွက်စေလိုပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီသည် ပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပိုမိုအရည်အသွေးမြင့်မား စေရေးကို ဦးတည်ဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးပညာ ရှင်များ အရည်အသွေးပြည့်ဝမှုနှင့် ကျင့်ဝတ်လိုက်နာ ဆောင်ရွက်မှုတို့ကို ထိန်းသိမ်းမြှင့်တင်နေခြင်းဖြစ်သဖြင့် နိုင်ငံတော်၊ ပြည်သူများနှင့် ဝန်ကြီးဌာနတို့အတွက် အကျိုး ရှိ၍ အရေးကြီးသည့် အဖွဲ့ကြီးဖြစ်ပါကြောင်း၊ ကျန်းမာ ရေးစောင့်ရှောက်မှု အရည်အသွေးနှင့် အဆင့်အတန်းကို ထိန်းသိမ်းမြှင့်တင်ခြင်းမှ တစ်ဆင့် ဆေးပညာလောကကြီး တစ်ခုလုံး ယခုထက်ပိုမိုတိုးတက် ကောင်းမွန်စေရေးအတွက် စည်းလုံးညီညွတ်စွာဖြင့် ဆက်လက်ဆောင်ရွက်သွားစေလို ကြောင်း ပြောကြားသည်။
ထို့နောက် မြန်မာနိုင်ငံဆေးကောင်စီ နာယကအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာအက်စ်ကျော်လှက မြန်မာနိုင်ငံ ဆေးကောင်စီ ဒုတိယလေးနှစ်သက်တမ်းအတွက် ကောင်စီ အဖွဲ့ဝင်များနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ ရွေးချယ် ခြင်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး နာယကအဖွဲ့ဝင် ပါမောက္ခ ဒေါက်တာမောင်မောင်ဝင့်က မြန်မာနိုင်ငံ ဆေးကောင်စီ ဒုတိယ လေးနှစ်သက်တမ်းအတွက် ရွေးချယ် ခြင်းခံရသော အလုပ်အမှုဆောင်အဖွဲ့ဝင်များ၏ အမည် စာရင်းကို ဖတ်ကြားသည်။
ယင်းနောက် မြန်မာနိုင်ငံ ဆေးကောင်စီ ဒုတိယ လေးနှစ်သက်တမ်းအတွက် ဥက္ကဋ္ဌအဖြစ် ရွေးချယ်ခန့် အပ်ခြင်းခံရသူ ပါမောက္ခ ဒေါက်တာခင်မောင်အေးက နှုတ်ခွန်းဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ ဆေး ကောင်စီ၏ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ် များကို အကျဉ်းချုပ် ရှင်းလင်းတင်ပြရာ မြန်မာနိုင်ငံ ဆေးကောင်စီက ဆောင်ရွက်နေသော အဓိကလုပ်ငန်း များတွင် ဆရာဝန်များအတွက် အထွေထွေရောဂါကု လိုင်စင်နှင့် အထူးကုလိုင်စင်များ ထုတ်ပေးခြင်း၊ ပြည်ပ မှ ဆေးပညာဘွဲ့ရရှိသူများကို ဆေးကုသခွင့်လိုင်စင် ထုတ်ပေးနိုင်ရန်အတွက် Myanmar Medical Licensing Examination ကို တစ်နှစ် နှစ်ကြိမ် အနည်းဆုံး ကျင်းပ ပြုလုပ်ပေးခြင်း၊ ကျင့်ဝတ်နှင့်ပတ်သက်သော တိုင်ကြား စာများ လက်ခံရရှိပါက (သို့မဟုတ်) ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက လွှဲပြောင်းပေးပို့သော ကျင့်ဝတ် သိက္ခာဆိုင်ရာ ပြဿနာကိစ္စရပ်များကို မှန်/ မမှန် စုံစမ်း စစ်ဆေးရခြင်းနှင့် လိုအပ်သလို အရေးယူ ဆောင်ရွက် ဖြေရှင်းပေးရခြင်းတို့အပြင် ဆေးပညာသင်ကြားရေးနှင့် ကုသရေးလုပ်ငန်းများ စံချိန်စံညွှန်း ပြည့်မီစေရေးအတွက် တရားဝင် အသိအမှတ်ပြုရေးကော်မတီ (Accreditation Committee) ဖွဲ့စည်းဆောင်ရွက်နေပါကြောင်း။
ဆေးကုသခွင့်လိုင်စင်
မြန်မာနိုင်ငံဆေးကောင်စီသည် ဆေးပညာလောက နှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ညီနောင်အသင်းများဖြစ်သည့် မြန်မာနိုင်ငံဆေးပညာရှင် အဖွဲ့နှင့် မြန်မာနိုင်ငံ ဆရာဝန်အသင်းတို့နှင့် အဓိက ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ မြန်မာနိုင်ငံ ဆေးကောင်စီအနေဖြင့် လာမည့်ကာလများတွင် အခြား နိုင်ငံများနည်းတူ ဆေးကုသခွင့်လိုင်စင်ထုတ်မပေးမီတွင် စဉ်ဆက်မပြတ် ဆေးပညာသင်ကြားရေး အစီအစဉ်များ (Continuing Medical Education)ကို တက်ရောက် သင်ကြားပြီးစီးမှု အဆင့်အမှတ် (credit) များဖြင့် ဆန်းစစ် ပြီး ထုတ်ပေးသည့်စနစ်ကို ကျင့်သုံးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသော မြန်မာနိုင်ငံ ဆေးကောင်စီအဖွဲ့ဝင်များက အထွေထွေကိစ္စရပ်များကို ဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးက မိမိအနေဖြင့် မြန်မာနိုင်ငံဆေးကောင်စီကို အထူးအားကိုးယုံကြည် လေးစားသကဲ့သို့ အလုပ်အမှုဆောင်များနှင့် ဆေးကောင်စီ အဖွဲ့ဝင်များအနေဖြင့် မြန်မာနိုင်ငံ ဆေးလောကတစ်ခုလုံး ကို တိုးတက်အောင် ဆောင်ရွက်နေခြင်းဟူသော အသိ စိတ်ဓာတ်ကိန်းဝပ်ကာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ဖြင့် ဆက်လက်ဆောင်ရွက်စေလိုပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပါက နောက်ဆုံးအကျိုးကျေးဇူးရှိမည့်သူများမှာ ပြည်သူများဖြစ်ပြီး ပြည်သူများအားလုံးသည် အရည် အသွေးပြည့် ကျန်းမာရေးဝန်ဆောင်မှုများကို ရရှိမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။ သတင်းစဉ်