မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့ သဘောထားထုတ်ပြန်ချက်

 

၁၃၈၄ ခုနှစ်၊ နယုန်လဆန်း ၃ ရက်
၂၀၂၂ ခုနှစ်၊ ဇွန်လ ၁ ရက်၊ ဗုဒ္ဓဟူးနေ့


နိုင်ငံတော်အစိုးရအနေဖြင့် မိမိတို့၏အနာဂတ်မျိုးဆက်သစ်များ၏ ပညာရေးနောက်ကျမှုမရှိစေရန် အခြေခံပညာကျောင်းများအား ဇွန်လ ၂ ရက်တွင် စတင်ဖွင့်လှစ်နိုင်ရေး စီမံဆောင်ရွက်ပေးလျက်ရှိရာ မေလ ၂၅ ရက်မှစတင်၍ ကျောင်းအပ်နှံမှုများအား စတင်လက်ခံဆောင်ရွက်ခြင်း၊ ကျောင်းဝတ်စုံ၊ ဖတ်စာအုပ်အပါအဝင် ကျောင်းသုံးစာရေးကိရိယာများကို အခမဲ့ထောက်ပံ့ပေးခြင်းတို့ကို တာဝန်ရှိသူ များက အင်တိုက်အားတိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။

 


ထိုသို့ဆောင်ရွက်လျက်ရှိစဉ် NUG အမည်ခံ အကြမ်းဖက်အဖွဲ့နှင့် ၎င်း၏ လက်အောက်ခံ PDF အမည်ခံ အကြမ်းဖက်သမားများက မေလ ၃၁ ရက် မွန်းလွဲ ၂ နာရီခန့်တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့၊ မြို့နယ်ပညာရေးမှူးရုံး၊  နှစ်ထပ်ကျောင်းဆောင် အစည်းအဝေးခန်းမအား မိုင်းထောင် ဖောက်ခွဲဖျက်ဆီးခဲ့ကြောင်းသိရှိရပြီး အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းအုပ်ကြီး ၃ ဦး မိုင်းစထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်းနှင့် လက်ထောက်မြို့နယ်ပညာရေးမှူးအပါအဝင် ကျောင်းအုပ်၊ ဆရာ၊ ဆရာမ   ၄ ဦးနှင့် အရပ်သားဝန်ထမ်း ၁ ဦးတို့ ဒဏ်ရာများရရှိခဲ့ကြောင်း၊ ဒဏ်ရာရသူများအား ပြင်ဦးလွင် မြို့ရှိ တပ်မတော်ဆေးရုံသို့ပို့ဆောင်၍ ဆေးဝါးကုသပေးလျက်ရှိရာ ကျောင်းအုပ်ဆရာမကြီးတစ်ဦးမှာ ရရှိဒဏ်ရာများဖြင့် သေဆုံးသွားကြောင်းသိရှိရပါသည်။

 


နိုင်ငံနှင့်လူမျိုးဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေးသည် အဓိကကျသည့် အခြေခံအုတ်မြစ်ဖြစ်သဖြင့် လုံခြုံအေးချမ်းစွာပညာသင်ကြားနိုင်ရေးကို အနှောင့်အယှက်အဟန့်အတားပြုလုပ်သည့်အပြင် အပြစ်မဲ့ ပြည်သူများ၏ အသက်ခန္ဓာများ  ဆုံးပါးပျက်စီးအောင်ပြုလုပ်သည့်      မည်သည့်အဖွဲ့အစည်းကိုမဆို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့က  ပြင်းထန်စွာပြစ်တင်ရှုတ်ချပါကြောင်း သဘောထား ထုတ်ပြန်ကြေညာအပ်ပါသည်။


မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့