
နေပြည်တော် မတ် ၁
မြန်မာနိုင်ငံစာရင်းကောင်စီက ကြီးမှူးကျင်းပသည့် ဒီပလိုမာစာရင်းကိုင် (Diploma In Accounting- DA) (ဒုတိယပိုင်း) သင်တန်းအမှတ်စဉ်- ၄၀ သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး စုပေါင်းခန်းမ၌ ကိုဗစ်-၁၉ စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ ကျင်းပသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် မြန်မာနိုင်ငံစာရင်းကောင်စီ ဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာကံဇော်က အမှာစကားပြောကြားရာတွင် ယခုသင်တန်းကို နိုင်ငံ၏စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုကို အထောက်အကူပြုနိုင်သည့် စာရင်းပညာ ကျွမ်းကျင်သူများ စဉ်ဆက်မပြတ်မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း၊ ပြည်ထောင်စု စာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း အနေဖြင့် စာရင်းပညာရပ်ဆိုင်ရာ သင်တန်းများကို စဉ်ဆက်မပြတ် ဖွင့်လှစ်ခြင်းဖြင့် နိုင်ငံတွင် စာရင်း အင်းအချက်အလက်မှန်ကန်မှု၊ စနစ်ကျနမှုတို့အတွက် အထောက်အပံ့ပေးနိုင်ရန် ရည်ရွယ်ပါကြောင်း၊ DA သင်တန်းသည် စာရင်းပညာရှင်အဆင့် (၂) သို့ တက်လှမ်းနိုင်သည့် သင်တန်းလည်းဖြစ်၍ အလေး အနက်ထားဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း၊ DA သင်တန်းများကို ရန်ကုန်မြို့ မြန်မာနိုင်ငံစာရင်း ကောင်စီတွင် ၁၉၇၃ ခုနှစ်မှ စတင်ဖွင့်လှစ်ခဲ့ပြီး နေပြည်တော်တွင် ၂၀၀၉-၂၀၁၀ မှစ၍ စတင်ဖွင့်လှစ် ခဲ့ကြောင်း။
ပညာရပ်များ၏ အစဉ်တိုးတက်ပြောင်းလဲနေ သည့် အခြေအနေများကို လက်လှမ်းမီစေရန် သင်တန်းသားများအနေဖြင့် ထိုတိုးတက်ပြောင်းလဲမှုများနှင့်အညီ စဉ်ဆက်မပြတ် လေ့လာဆည်းပူးရန် လိုအပ်ပါကြောင်း၊ မိမိရွေးချယ်မှုအတွက် တတ်မြောက် ကျွမ်းကျင်ပြီး အရည်အချင်းပြည့်မီသည့် စာရင်းပညာ ရှင်များဖြစ်စေရန် အမြဲကြိုးစားလေ့လာကြရန်နှင့် သင်တန်းစည်းကမ်းများကို လိုက်နာပြီး နိုင်ငံတော် အတွက် အားကိုးရသည့် စာရင်းပညာကျွမ်းကျင်သူ များ ဖြစ်လာစေရန် ကြိုးပမ်းကြစေလိုကြောင်း မှာကြားသည်။
ဒီပလိုမာစာရင်းကိုင်(ဒုတိယပိုင်း) သင်တန်းကို သင်တန်းခန်းတက်ရောက် (Face to Face)ပို့ချခြင်း ဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံစာရင်းကောင်စီ (MAC)၊ ရန်ကုန်သင်တန်းကျောင်းမှ သင်တန်းသား များကို Online ဖြင့်လည်းကောင်း ယနေ့မှစ၍ ၁၀ လကြာ ပြန်လည်ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်