
ရန်ကုန် မေ ၁၅
မြန်မာနိုင်ငံစာရေးဆရာအသင်း တတိယအကြိမ် ညီလာခံကို မေ ၂၁ ရက်နှင့် ၂၂ ရက်များတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် သိမ်ဖြူ လမ်း အမှတ် (၂၂၈) ရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပမည်ဖြစ်သည်။
အဆိုပါ ညီလာခံကျင်းပရန်အတွက် အလှူရှင်များက ငွေလှူဒါန်း ကြရာ စာရေးဆရာ ချစ်နိုင် (စိတ်ပညာ) မိသားစုက အလှူငွေကျပ် နှစ်သိန်း၊ ဒေါက်တာ မျိုးသန့်တင်၊ ကဗျာဆရာ သူရဇော်-ခင် (တိုင်းရင်း မေ) စာပေမောင်နှံမိသားစု၊ ပခုက္ကူစာပေဆုရ စာရေးဆရာ ဆွေဇင် ညွန့်၊ ဒေါ်မီမီကို (အလှရပ်ဝန်း) နှင့် သာကေတမြို့နယ် စာရေးဆရာ အသင်းတို့က အလှူငွေကျပ် တစ်သိန်းစီ၊ ကွယ်လွန်သူ ဦးသန်းလှိုင် (တက္ကသိုလ်သင်္ခ) မိသားစုနှင့် မြောက်ဥက္ကလာပမြို့နယ် စာရေးဆရာ အသင်းတို့က ငွေကျပ် ငါးသောင်းစီ ပေးအပ်လှူဒါန်းကြရာ ဘဏ္ဍာငွေ ရှာဖွေရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အသင်းအတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ-ကြို့ပင်ကောက်) နှင့် ဗဟိုအမှုဆောင်ကော်မတီဝင်များက လက်ခံရယူကြကြောင်း သိရသည်။
သတင်းစဉ်