
ရန်ကုန် ဒီဇင်ဘာ ၃၀
မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း ဗဟိုအလုပ်အမှု ဆောင် အဖွဲ့အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ဒီဇင်ဘာ ၂၉ ရက် နံနက်က ရန်ကုန် မြို့သိမ်ဖြူလမ်း အမှတ် (၂၂၈) ရှိ မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်း အစည်းအဝေး ခန်းမ၌ ကျင်းပရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေနှင့် ဗဟိုအလုပ် အမှုဆောင်အဖွဲ့ဝင်များ၊ စာအုပ် အလှူရှင်တက္ကသိုလ် စိုးယဉ် မိသားစုတို့ တက်ရောက်ကြသည်။
ရှေးဦးစွာ စာရေးဆရာ တက္ကသိုလ်စိုးယဉ်က ကိုယ်တိုင် ရေးသားသော တန်ဖိုး ၅၈ သိန်းဖိုး ရှိ သုတရသ စာအုပ်သုံးမျိုး၊ အုပ်ရေ ၉၀၀ ကို လှူဒါန်းရာ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေ က လက်ခံပြီးကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်သည်။ အလှူရှင် တက္ကသိုလ် စိုးယဉ်က စာအုပ် များ လှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် ဗဟိုအလုပ် အမှု ဆောင် အဖွဲ့အစည်းအဝေး ဆက်လက်ဆောင်ရွက်ရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက အမှာစကား ပြောကြားသည်။ အစည်းအဝေး တက်ရောက်သည့် ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်များက တိုင်းဒေသကြီး၊ ပြည်နယ်များ အလိုက် ဆောင်ရွက်ချက်များကို တင်ပြ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်