မြန်မာနိုင်ငံအတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ် ကျင်းပ

 

နေပြည်တော်   ဩဂုတ်    ၁၅
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေစီမံကိန်း(၂၀၂၀)ဖြင့် ဆောင်ရွက်သော မြန်မာနိုင်ငံ အတွင်းရှိ MSMEs များအား စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာများ ပြန်လည်ဖြန့်ဝေရေးအစီအစဉ်(၁)ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ သိပ္ပံနှင့်နည်းပညာ ဝန်ကြီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပသည်။
 အခမ်းအနားတွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မျိုးသိန်းကျော်က အမှာစကားပြောကြားပြီး    သုတေသနနှင့် တီထွင် ဆန်းသစ်မှုဦးစီးဌာန      ညွှန်ကြားရေးမှူးချုပ်က နည်းပညာဖြန့်ဝေပေးခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
အခမ်းအနားသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် အခြားသက်ဆိုင်ရာဝန်ကြီးဌာနများမှ ပညာရှင် များ၊ ပြည်ထောင်စုနယ်မြေနေပြည်တော်နှင့် အထက် မြန်မာပြည် MSMEs လုပ်ငန်းများမှ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု အထူး ရန်ပုံငွေစီမံကိန်းဖြင့်  မဲခေါင် - လန်ချန်းနိုင်ငံများ အချင်းချင်းဖလှယ်ထားသော နည်းပညာ ခြောက်မျိုး ဖြစ်သည့်  ချဉ်ပေါင်ဖူးဖျော်ရည်ထုတ်လုပ်ခြင်းနှင့် ချဉ်ပေါင်ဖူးမှ အခြားထုတ်ကုန်များ  ထုတ်လုပ်ခြင်း၊ သရက်သီး  ဂျယ်လီဖျော်ရည်ထုတ်လုပ်ခြင်း၊  ပဲနို့ ထုတ်လုပ်ပြီး  ကျန်သောအနှစ်များမှ   ကွတ်ကီး ထုတ်လုပ်ခြင်း၊ Freezed- Dried နည်းပညာဖြင့် စိုက်ပျိုးရေးထွက် တန်ဖိုးမြှင့်ထုတ်ကုန်များပြုလုပ် ခြင်း၊ Vacuum-Fried  နည်းပညာဖြင့်   အသီးအနှံ အခြောက်ထုတ်ကုန်များပြုလုပ်ခြင်းများကို စာတွေ့ လက်တွေ့  သင်ကြားပေးမည်ဖြစ်ပြီး  စံချိန်စံညွှန်း ပြည့်မီ၍ ကျန်းမာရေးနှင့် ညီညွတ်သော တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန် အမယ်သစ်များ စနစ်တကျ ထုတ်လုပ်နိုင်ရန်     ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ် ကြောင်း သိရသည်။
နိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင် ရာတွင် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွား ရေးလုပ်ငန်းများတိုးတက်ခြင်းသည် အဓိကမောင်းနှင် အားများဖြစ်သည့်အတွက် အသေးစား၊ အငယ်စား နှင့် အလတ်စား စီးပွားရေးလုပ်ငန်း လုပ်ဆောင်နေသူ များအား နည်းပညာများ စာတွေ့လက်တွေ့သင်ကြား ဖြန့်ဝေခြင်းကို    သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှုဦးစီးဌာနသည် စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စိစစ်ရေး ဦးစီးဌာန၊ သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီး ဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး    နည်းပညာပြန်လည် ဖြန့်ဝေရေးအစီအစဉ်  (၁) တွင်   နေပြည်တော် ပြည်ထောင်စုနယ်မြေနှင့်   အထက်မြန်မာပြည်မှ MSMEs လုပ်ငန်းရှင်  ၁၀၀ ကို  ဩဂုတ် ၁၅ ရက်နှင့် ၁၆ ရက်  နှစ်ရက်တာ   နည်းပညာပြန်လည်မျှဝေ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။                 
သတင်းစဉ်