
နေပြည်တော် မတ် ၆
မြန်မာနိုင်ငံအတွင်းရှိ မြို့နယ်များတွင် ဆူပူအော်ဟစ် ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
အဆိုပါထုတ်ပြန်ချက်တွင် နိုင်ငံတော် တည်ငြိမ်အေးချမ်းသာယာ ရေးနှင့် လုံခြုံမှုရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ တွင် တစ်ဦးတစ်ယောက်၊ တစ်ပါတီအဖွဲ့အစည်းအပေါ် သစ္စာခံကာ အမှန်တရားကို မျက်ကွယ်ပြုပြီး နိုင်ငံတော် မတည်မငြိမ်ဖြစ်စေရေးကို မြေပေါ်/ မြေအောက် အဖွဲ့အစည်းပေါင်းစုံက ငွေကြေးအမြောက်အမြား အကုန်အကျခံကာ နေရာအနှံ့အပြားတွင် (ကွန်ရက်)သဖွယ် လှုံ့ဆော် ဆောင်ရွက်နေသည်ကို တွေ့ရှိရကြောင်း။
နိုင်ငံတော်အတွင်း ယနေ့တွင် လူစုလူဝေးဖြင့် ဆန္ဒပြဖြစ်စဉ်များ၊ လူသွားလမ်းများအား အတားအဆီးများဖြင့် ပိတ်ဆို့မှုဖြစ်စဉ်များ၊ အကြမ်းဖက်မှုဖြစ်စဉ်များ ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အဓိကရုဏ်းနှိမ်နင်းရေးလက်နက်များ၊ အသံမြည်ဗုံး၊ မျက်ရည်ယို ဗုံးများ အသုံးပြု၍ ထိခိုက်ဒဏ်ရာရရှိမှု အနည်းဆုံးဖြစ်အောင် ဦးတည်ဆောင်ရွက်လျက်ရှိကြောင်း။
၂၀၂၁ ခုနှစ်၊ မတ်လ ၆ ရက်တွင် အချို့မြို့နယ်များ၌ ဆူပူအော်ဟစ် ဆန္ဒပြခဲ့သည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့၍ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း။
ဆူပူအော်ဟစ်ဆန္ဒပြခဲ့သည့် ဖြစ်စဉ်များအနေ ဖြင့် ရန်ကုန်တိုင်း ဒေသကြီး မရမ်းကုန်း၊ အလုံ၊ ဗဟန်း၊ ရွှေပြည်သာ၊ အင်းစိန်၊ စမ်းချောင်း၊ သန်လျင်နှင့် သာကေတမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး ချမ်းမြသာစည်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ မကွေးတိုင်း ဒေသကြီး ပခုက္ကူမြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်၊ ထားဝယ်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ်၊ ဧရာဝတီ တိုင်းဒေသကြီး မြန်အောင်မြို့နယ်၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့နယ်၊ ကရင်ပြည်နယ် မြဝတီမြို့နယ်၊ မွန်ပြည်နယ် ကျိုက်ထို မြို့နယ်တို့တွင် ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဥပဒေနှင့် အညီ ဖြိုခွဲထိန်းသိမ်းခဲ့ရကြောင်း။
ဖြစ်စဉ်ဖြစ်ရပ်များကို လေ့လာသုံးသပ်ရာတွင် ဆူပူအုံကြွမှုနည်းပါး သော ဒေသများရှိ လူငယ်များအား နောက်ကွယ်ရှိ တိမ်းရှောင်ပုန်းခို နေသူများက ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကောလာဟလ နည်းမျိုးစုံဖြင့် မခံမရပ်နိုင်အောင် နှိုးဆွခြင်း၊ လူငယ်ထု၏ စိတ်ခံစား မှုကို တက်ကြွလာအောင် ငွေကြေးထောက်ပံ့မှုများ အပါအဝင် နည်းမျိုးစုံအသုံးပြုခြင်းများကို မပြတ်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် ပြည်သူလူထုအနေဖြင့် မိမိတို့၏ သားသမီးများ၏ အနာဂတ်ဘဝများ ပျက်စီးဆုံးရှုံးမှုမရှိစေရေးအတွက် ဆူပူဆန္ဒပြမှု ဖြစ်စဉ်များတွင် ပါဝင်ပတ်သက်မှုမရှိစေရေး ထိန်းသိမ်းကြပ်မတ်သင့် ကြောင်း ဖော်ပြထားသည်။
သတင်းစဉ်