
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ
(၅၄) နှစ်မြောက် အာဆီယံနှစ်ပတ်လည်နေ့တွင် ပြည်သူများသို့
ပေးပို့သည့် သဝဏ်လွှာ
၂၀၂၁ ခုနှစ် ၊ ဩဂုတ်လ ၈ ရက်
ယနေ့သည် အရှေ့တောင်အာရှနိုင်ငံများအသင်း( အာဆီယံ ) ကို တည်ထောင်ခဲ့သည့် (၅၄)နှစ်မြောက် နှစ်ပတ်လည်အခါသမယဖြစ်ပါသည်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှုနှင့် စဉ်ဆက်မပြတ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ အတူတကွသာယာဝပြောမှု၊ လူမှုရေးဖွံ့ဖြိုးတိုးတက်မှုတို့နှင့် ထာဝရပြည့်စုံသော ဒေသတစ်ခုအတွင်း အတူတကွ ပေါင်းစည်းနေထိုင်ကြရန် တူညီသည့်ဆန္ဒဖြင့် အာဆီယံအသင်းကြီးကို တည်ထောင်ခဲ့ခြင်းဖြစ်ပါသည်။ ယခုကဲ့သို့ မင်္ဂလာရှိသည့် အခါသမယတွင် မြန်မာနိုင်ငံအတွင်း မှီတင်း နေထိုင်ကြသော ပြည်သူအပေါင်းနှင့် အာဆီယံဒေသတွင်းရှိ ပြည်သူတစ်ရပ်လုံး ကောင်းကျိုးချမ်းသာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေကြောင်း နှုတ်ခွန်းဆက်သ ဆုတောင်းမေတ္တာပို့သအပ်ပါသည်။
ယခုအချိန်သည် အာဆီယံ၏ အောင်မြင်မှုများနှင့် ယနေ့မိမိတို့ မြင်တွေ့နေရသည့် အာဆီယံ အသင်းကြီးအဖြစ်သို့ ရောက်ရှိအောင် မည်သို့ဖြတ်သန်းခဲ့ရသည်ဆိုသည်ကို မိမိတို့အနေဖြင့် သတိချပ်ရမည့် အချိန်အခါကောင်းဖြစ်ပါသည်။ နိုင်ငံ ( ၅ ) နိုင်ငံဖြင့် ဖွဲ့စည်းခဲ့သည့် “အသင်းအဖွဲ့” တစ်ခုအဖြစ်မှ ယနေ့ အာဆီယံသည် အဖွဲ့ဝင် (၁၀) နိုင်ငံလုံး အပြည့်အဝပါဝင်သည့် ဒေသဆိုင်ရာအဖွဲ့အစည်း “အသိုက်အဝန်း” တစ်ခုအဖြစ်သို့ တိုးတက်ပြောင်းလဲလာခဲ့ပြီးဖြစ်ပါသည်။ အမှန်တကယ်အားဖြင့် ယင်းအခြေအနေသို့ လွယ်လွယ်ကူကူဖြင့် ရောက်ရှိလာခဲ့ခြင်း မဟုတ်ပါ။ အာဆီယံအနေဖြင့် ဖြတ်သန်းခဲ့ရသည့် ခရီးတစ်လျှောက် ငွေကြေးအကျပ်အတည်းပြဿနာမှသည် ယနေ့ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါအထိ အခက်အခဲ စိန်ခေါ်မှုပေါင်းများစွာကို ရင်ဆိုင်ကျော်ဖြတ်ခဲ့ရပါသည်။
ရာစုနှစ်တစ်ဝက်ကျော်ကြာ ဖြတ်သန်းလာခဲ့ပြီးနောက် အာဆီယံသည် အခက်အခဲများကြားမှ အောင်မြင်မှုများစွာကိုလည်း ဆွတ်ခူးနိုင်ခဲ့ပြီး အာဆီယံ၏ စုပေါင်းအင်အားကပင် ယင်းစိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန် အာဆီယံအတွက် နည်းလမ်းများကို ဖော်ဆောင်ပေးနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် မိမိတို့အနေဖြင့် ဆောင်ရွက်ရမည့်တာဝန်များ များစွာကျန်ရှိနေဆဲဖြစ်ပါသည်။ “မတူကွဲပြားမှုများအကြား စည်းလုံးညီညွတ်မှု”ဟူသော အာဆီယံ၏ ဝိသေသလက္ခဏာကို ထိန်းသိမ်းရန်အတွက် အာဆီယံအဖွဲ့ဝင် နိုင်ငံများအကြား စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရမည်ဖြစ်ပါ သည်။
အာဆီယံအသင်းကြီးကို စတင်တည်ထောင်ခဲ့သည့် ၁၉၆၇ ခုနှစ်၊ ဩဂုတ်လ ၈ ရက်နေ့မှစ၍ အာဆီယံ သည် စည်းမျဉ်းကို အခြေခံသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းတစ်ခုအဖြစ် အောင်မြင်စွာတိုးတက်ပြောင်းလဲ လာနိုင်သကဲ့သို့ အာဆီယံပဋိညာဉ်စာတမ်းတွင် ပြဋ္ဌာန်းထားသည့် ရည်မှန်းချက်များ၊ မူဝါဒများကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီ ရပ်တည်နိုင်ခဲ့ပါသည်။ မဟာဗျူဟာအရ ပြိုင်ဆိုင်မှုများ ကြီးမားလာခြင်းနှင့် နိုင်ငံများအကြား အကျိုးစီးပွားကွဲပြားလာမှုများနှင့်အတူ အချိန်နှင့်အမျှ တိုးတက်ပြောင်းလဲလာသည့် ဒေသတွင်းဖြစ်ပေါ်လာသည့် ယန္တရားအသစ်တွင် အာဆီယံပဋိညာဉ်စာတမ်းနှင့် အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်(TAC)ပါ အခြေခံမူများသည် နိုင်ငံအချင်းချင်းအကြား ဆက်ဆံရာ၌ အရေးပါသည့် အခြေခံမူများအဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး အာဆီယံ၏ စည်းလုံးညီညွတ်မှုစိတ်ဓာတ်နှင့် ဆွေးနွေးညှိနှိုင်းခြင်းနှင့် တူညီဆန္ဒ( 2C )ကို အခြေခံသည့် အာဆီယံနည်းလမ်းတို့ကို ဆက်လက်ထိန်းသိမ်းသွားရမည် ဖြစ်ပါသည်။
TAC တွင် ပါဝင်လက်မှတ်ရေးထိုးလိုသည့်နိုင်ငံများ များပြားလာသကဲ့သို့ အာဆီယံနှင့် မိတ်ဖက် ဆက်ဆံရေး ထူထောင်လိုသည့် နိုင်ငံအရေအတွက်လည်း တိုးမြင့်လျက်ရှိသည့်အပေါ် မိမိတို့အနေဖြင့် အားတက်မိပါသည်။ ယင်းသို့ တိုးတက်များပြားလာခြင်းမှာ အခြားနိုင်ငံများက အာဆီယံ၏ စံတန်ဖိုး များအပေါ် ထားရှိသည့် ယုံကြည်ချက်ခိုင်မာမှုနှင့် လေးစားမှုကို ထင်ဟပ်ပြသနေခြင်းဖြစ်ပါသည်။ တစ်ဖက်တွင်လည်း အာဆီယံအနေဖြင့် ၎င်း၏မိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ခြင်း၊ ဥပမာ အားဖြင့် အာဆီယံ-ဥရောပသမဂ္ဂဆွေးနွေးဖက်ဆက်ဆံရေးကို မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ တိုးမြှင့်ခြင်းကဲ့သို့သော အခြေအနေများသည်လည်း မိတ်ဖက်နိုင်ငံများအပေါ် အာဆီယံ၏ တန်ဖိုး ထားမှုကို သက်သေပြနေခြင်းဖြစ်ပါသည်။ မိမိတို့အနေဖြင့် ပြင်ပမိတ်ဖက်နိုင်ငံများနှင့် ဆက်ဆံရာတွင် အာဆီယံဗဟိုပြုမှုနှင့် စည်းလုံးညီညွတ်မှုကို အလေးထားလျက် ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အာဆီယံအနေဖြင့် ကမ္ဘာကြီးနှင့် ပိုမိုထိတွေ့ဆောင်ရွက်နိုင်ရန် တတိယနိုင်ငံများနှင့် နိုင်ငံတကာ အဖွဲ့အစည်းများ၌ အာဆီယံကော်မတီများကို ဖွဲ့စည်းထားရှိဆောင်ရွက်လျက်ရှိရာ ယနေ့အချိန်ထိ ကမ္ဘာ့မြို့တော်များနှင့် အခြားအရေးပါသည့် မြို့ကြီးများတွင် အာဆီယံကော်မတီပေါင်း (၅၄)ခုကို တရားဝင်ဖွဲ့စည်းထားရှိပြီးဖြစ်ပါသည်။ အဆိုပါကော်မတီများသည် အာဆီယံ၏ အကျိုးစီးပွားနှင့် ဝိသေသ လက္ခဏာကို မြှင့်တင်ရန်အတွက်လည်းကောင်း၊ သက်ဆိုင်ရာ အိမ်ရှင်နိုင်ငံများနှင့် နီးကပ်စွာထိတွေ့ ဆက်ဆံမှုများမှတစ်ဆင့် အာဆီယံ၏ ပြင်ပမိတ်ဖက်ဆက်ဆံရေး ခိုင်မာအားကောင်းစေရန်အတွက် လည်းကောင်း၊ အာဆီယံနှင့် အခြားကမ္ဘာ့နိုင်ငံများကို ပေါင်းကူးချိတ်ဆက်ပေးရန်အတွက် လည်းကောင်း ပံ့ပိုးကူညီ ဆောင်ရွက်လျက်ရှိပါသည်။
ကိုဗစ်-၁၉ ကပ်ရောဂါသည် မိမိတို့အားလုံး လက်ရှိနဖူးတွေ့ဒူးတွေ့ ရင်ဆိုင်နေရသည့် စိန်ခေါ် မှုဖြစ်သည့် အားလျော်စွာ အာဆီယံအနေဖြင့် ဒေသတွင်း ရောဂါပိုးပြန့်ပွားမှု တိုက်ဖျက်ရေးနှင့် ကိုဗစ်-၁၉ ကြောင့် ဘက်ပေါင်းစုံမှဖြစ်ပေါ်လာမည့် ဆိုးကျိုးများမှ အမြန်ဆုံးပြန်လည်ထူထောင်နိုင်ရေး အတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။
အာဆီယံ၏ စုပေါင်းအင်အားဖြင့် ကိုဗစ်-၁၉ ၏ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည်ဟု မိမိတို့အနေဖြင့် ယုံကြည်ပါသည်။ တာဝန်ယူမှုရှိသော အာဆီယံအဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သည့် မြန်မာ နိုင်ငံအနေဖြင့်လည်း ၂၀၂၁ ခုနှစ် အာဆီယံဥက္ကဋ္ဌမှ ချမှတ်ထားသည့် “သာယာဝပြောသော အာဆီယံသို့ အပြန်အလှန် ဖေးမကူညီမှုဖြင့် အတူတကွ ပြင်ဆင်ဆောင်ရွက်ကြပါစို့” ဟူသော ဆောင်ပုဒ်နှင့်အညီ အာဆီယံနှင့် လက်တွဲဆောင်ရွက်လျက်ရှိပြီး အာဆီယံ ကိုဗစ်-၁၉ တုံ့ပြန်ရေး ရန်ပုံငွေသို့ မြန်မာနိုင်ငံမှ အမေရိကန်ဒေါ်လာတစ်သိန်း ထည့်ဝင်လှူဒါန်းထားပြီးဖြစ်ပါသည်။ အာဆီယံအနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းများအားလုံး ပြီးမြောက်ပါက အကျိုးကျေးဇူးများကို ပြည်သူများလက်ထဲသို့ အမြန်ဆုံး ပေးအပ် နိုင်မည်ဖြစ်ပါသည်။
လက်ရှိ ကိုဗစ်-၁၉ ကပ်ရောဂါ၏ စိန်ခေါ်မှုများကို မိမိတို့အနေဖြင့် အာရုံစိုက်ဆောင်ရွက်နေသကဲ့သို့ ဒေသတွင်း ပေါင်းစည်းရေးလုပ်ငန်းများကိုလည်း ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ပါသည်။ ဒေသ တွင်း ပေါင်းစည်းရေးလုပ်ငန်းသည် အာဆီယံအသိုက်အဝန်း တည်ဆောက်မှု အောင်မြင်ရေးအပြင် နိုင်ငံတကာ အသိုက်အဝန်းတစ်ခုလုံးအတွက် ပိုမိုကောင်းမွန်သည့် အနာဂတ်ကို ဖန်တီးပေးနိုင်ရေးအတွက် အဓိကအရေးပါသည့် အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
အာဆီယံကို တည်ထောင်ခဲ့သည့် ပုဂ္ဂိုလ်ကြီးများ၏ အမြော်အမြင် ကြီးမားမှုနှင့် ရည်ရွယ်ချက်များသည် အာဆီယံကို စည်းမျဉ်းကိုအခြေခံ၍ ခိုင်မာအားကောင်းပြီး အောင်မြင်ကြွယ်ဝသည့် ဒေသဆိုင်ရာ အဖွဲ့အစည်းကြီးတစ်ရပ်အဖြစ် ပေါ်ထွန်းလာစေရေးအတွက် လမ်းကြောင်းများ ချမှတ်ပေးခဲ့ပါသည်။ အနာဂတ်အာဆီယံကို မည်သို့ ပုံဖော်ရေးသားမည်ဆိုသည်မှာ ယနေ့ အာဆီယံပြည်သူများအပေါ် မူတည် ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံအသိုက်အဝန်းတည်ဆောက်ရေးနှင့် ဒေသတွင်းပေါင်းစည်းရေး လုပ်ငန်းများ အောင်မြင်စေရေးအတွက် အာဆီယံနှင့်အတူ လက်တွဲဆောင်ရွက်သွားရန် ခိုင်မာစွာသန္နိဋ္ဌာန် ချမှတ်ထားပါသည်။ ယခုအချိန်သည် အာဆီယံအသိုက်အဝန်းအတွင်း တစ်ဦးနှင့်တစ်ဦး အပြန်အလှန် ဖေးမကူညီမျှဝေဆောင်ရွက်ကြရမည့်အချိန်ဖြစ်ပါသည်။ အာဆီယံ၏ ရည်မှန်းချက်များကို ဖော်ဆောင် ရာတွင် ပြည်သူများအနေဖြင့်လည်း မိမိတို့နှင့်အတူ တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ကြပါရန် အခွင့် ကြုံခိုက် တိုက်တွန်းအပ်ပါသည်။