မြန်မာနိုင်ငံ​တော်သစ်ကို လက်​​ဆောင်​ပေးရန်အချိန်

 

စာတည်းခင်ဗျား -
ရှမ်းမြောက် ၊ ကယား၊ ကရင်၊ ကချင်၊ ချင်း၊ ရခိုင်၊  စစ်ကိုင်း၊  ပဲခူးဒေသအချို့ မှ တိုက်ပွဲတွေ။ သူ့ဘက်က ကျဆုံးမှုများရှိသလို မိမိတို့ဘက်ကလည်း ပေးဆပ်ရမှု များကြောင်း သတင်းများအရ သိရသည်။ ဘာပဲဖြစ်ဖြစ် စစ်ကိုနိုင်အောင် တိုက်ရ မည်သာ။ ရုရှား - ယူကရိန်းစစ်ပွဲ၊  အစ္စရေး - ဟားမားစ် စစ်ပွဲတို့ကို နမူနာကြည့် လျှင် နောင် ခေါင်းမထောင်နိုင်အောင် ဦးချိုးထားရန်  အရေးကြီးကြောင်း  စစ်ပွဲ သဘောတရားကို အားလုံးသိပြီးဖြစ်သည်။ ရှိသမျှ စည်းစိမ်ပုံအောသည်ပဲ ဖြစ်ဖြစ်၊ ရှိသမျှအင်အားကို သိမ်းကျုံးစုစည်းပြီးဖြစ်ဖြစ် သောင်းကျန်းသူအားလုံးကို သုံးနှစ် သုံးမိုးမက  ဆယ်နှစ်ဆယ်မိုး ချို(ဂျို) မကြွရဲအောင်၊  ခေါင်းမထောင်နိုင်အောင် ချိုးနှိမ်ပစ်ရမည်သာ။ ကမ္ဘာ့အဆင့် (၃၈) ရှိ မြန်မာ့တပ်မတော်ဆိုတာ ပေါ့သေးသေး မဟုတ်ကြောင်း၊ သာမန်အထက်ရှိကြောင်း လက်တွေ့ပြသရန် အချိန်ရောက်ပါပြီ။  မြန်မာ့အခက် သူတို့အချက်သဖွယ် အခွင့်အခါကောင်းကို စောင့်နေပြီး နားရွက်ကို တံတွေးဆွတ်ချင်နေသော၊ တောမီးလောင်  တောကြောင်လက်ခမောင်းခတ်လုပ်ချင် နေသော အနီးပတ်ဝန်းကျင်နိုင်ငံများအပါအဝင်  နိုင်ငံအားလုံးကို  အစွမ်းတစ်ကြိမ်၊ မြန်မာ့တပ်မတော်အစွမ်း ပြသပေးရန်လိုပါပြီ။
ဒီစစ်ပွဲအတွက် နိုင်ငံအတွင်းရှိသမျှ ငွေကြေးဘယ်နေရာမှာရှိရှိ အကုန်သုံးပစ် လိုက်လို့ရသည်။ ပုံအောပစ်လိုက်ဦး၊   စစ်ပွဲပြီးလျှင် ပြန်ရှာနိုင်သည်။  အင်အားရ သလောက်  ပြန်စုစည်းလို့ရသည်။  ပြည်သူ့စစ်မဟာဗျူဟာကို ပြန်အသက်သွင်းရ မည်။  လိုအပ်လျှင် အသက် ၃၀ - ၄၀ ကြား တိုက်ခိုက်ရေးဆင်နွှဲလိုသော  စစ်သား ဟောင်းများ  အသင့်ရှိသည်၊  အသက်  ၄၀-၅၀  ကြား၊  အသက် ၅၀-၆၀ ကြား ကင်းစောင့်၊ တပ်စောင့်သာမက ငါမအိုသေးဆိုသည့် စစ်သားဟောင်းများ များစွာ ရှိသည်။ သူတို့အားလုံး အရန်အင်အားအဖြစ် အမြဲတိုက်ပွဲဝင်လိုသော စိတ်ဓာတ်၊ Once a Gunner , Always a Gunner  ဆိုသည့် စိတ်ဓာတ်ဖြင့် ခံပြင်းစွာ တိုက်ပွဲ ဝင် အသင့်ဖြစ်နေကြသူများကို နီးစပ်ရာ တပ်စခန်းသတင်းပို့ပါဆိုသည်နှင့် ၂၄ နာရီအတွင်း အများအပြား သတင်းပို့လာလိမ့်မည်။  အဝေးမှ  စစ်သတင်းများကို ကြိတ်မနိုင် ခဲမရဖြင့်  တစိမ့်စိမ့်  မကျေနိုင်၊  မချမ်းနိုင်ဖြစ်နေသမျှ ဒါမှ စိတ်ချမ်း သာရလိမ့်မည်။ တိုက်ပွဲပြီးမှ နားမည်။ အရှိန်ကုန်ရင်၊ အချိန်တန်လျှင် ပြည်တွင်း သောင်းကျန်းမှုတိုက်ပွဲများ ရပ်တန့်သွားမည်ကို သိသော်လည်း မြန်မြန်ရပ်တန့် သွားပါက တစ်နိုင်ငံလုံး မြန်မြန်စိတ်အေးချမ်းမည်။ အနားရမည်။ တိုးတက်ဖွံ့ဖြိုးမှု လမ်းကြောင်းကို အမြန်ရှာဖွေနိုင်မည်။  
စစ်ပွဲဆင်နွှဲရန်  အလှူငွေများ  ကောက်ခံလိုပါကလည်း  ငွေကြေးသာမက ပိုင်ဆိုင်သမျှ ကျောက်မျက်ရတနာများ ၊ စည်းစိမ်များ လှူဒါန်းထည့်ဝင်မည့်သူများ တစ်နိုင်ငံလုံးတွင် အသင့်ရှိသည်။ နိုင်ငံသားအားလုံးက သောင်းကျန်းမှု စစ်မီး ကြား အိပ်ကောင်းခြင်း မအိပ်ရ၊ အလုပ်လုပ်ကောင်းခြင်းမလုပ်ရ၊ သွားကောင်းခြင်း မသွားရဖြင့် အတောမသတ်နိုင်သည့်အတွက် ငြိမ်းချမ်းမှု၊ တည်ငြိမ်မှုကို ရင်နင့် အောင် လိုလားနေကြသည်။ ဒါကို အခုအချိန် ဖြည့်ဆည်းပေးပြီး ပြီးလျှင် နိုင်ငံကို ၁ မှ စတင်ထူထောင်မည်လား ရသည်၊ ၂ မှ စထူထောင်မည်လား ရသည်။ 
နည်းပညာဆိုသည် ငွေရှိလျှင် ဝယ်လို့ရသည်သာ ။ မီးကုန်ယမ်းကုန်ဆင်နွှဲမည့် စစ်ပွဲအတွက် နည်းပညာမြင့်၊ စွမ်းပကားကောင်းသော စစ်လက်နက်ပစ္စည်း များ  အမြန်ဖြည့်ဆည်းပြီး တိုက်ပွဲဝင်အသင့်ဖြင့် ဘူမသိကိုးမသိ ရန်စလာသော လက်နက်ကိုင်များအားလုံး နောင်ကြဉ်သွားအောင် လုပ်ရမည့်အချိန်သည် ယနေ့၊ ယခု ၊ လတ်တလောဖြစ်သည်ကို အားလုံးသိကြမည်သာ။   ခေတ်မီလက်နက်များ စုစည်းပြီး  ပြန်လည်တုံ့ပြန်မှုဖြင့် သုံးလေးလအတွင်း စစ်ပွဲများ ပြီးဆုံးသွားအောင်၊ ရန်သူများ နာလန်မထူအောင် အပြီးတိုင်ချေမှုန်းပစ်ရမည်။
ပြီးလျှင်တော့ မိမိတို့သည်  လီကွမ်ယူပုံစံနိုင်ငံကြီးပဲဖြစ်ဖြစ်၊  တိန့်ရှောင်ဖိန် ပုံစံ နိုင်ငံကြီးပဲဖြစ်ဖြစ်၊ ဟိုချီမင်းပုံစံ နိုင်ငံကြီးပဲဖြစ်ဖြစ်၊ မြန်မာ့ပုံစံ ပုံစံသစ်ပဲဖြစ်ဖြစ် မီးပုံထဲက ထလာသည့် ဖီးနစ်ငှက်လို နိုင်ငံထူထောင်ရေးအတွက်  (၁) မှ  စတင်ဖို့ သွားရမည်။ အခုအချိန်မှာတော့ ပြည်တွင်းသောင်းကျန်းမှု စစ်မီးကြီး ရပ်တန့် သွားရေးသည် နံပါတ် (၁) ၊ နံပါတ် (၂) ၊ နံပါတ် (၃) မှ နံပါတ်စဉ်အားလုံး အရေး အကြီးဆုံးတွင် ထားရမည်။ ဒီထက်အရေးကြီးတာ ဘာမှမရှိ။ သူများတွေလည်း တည်ငြိမ်အေးချမ်းသွားချိန်တွင် နိုင်ငံတည်ဆောက်ရေး၊ ထူထောင်ရေးအတွက် ဆယ်နှစ် ၊ ဆယ်မိုး အချိန်ယူခဲ့သည်သာ။ ခေတ်မီတိုးတက်သော နိုင်ငံသာဖြစ်လျှင်၊ လူတိုင်းဝမ်းဝနေလျှင်  စနစ်က အရေးမကြီးကြောင်း ကမ္ဘာကြီး သက်သေရှိသည်။  
(၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ကာလ အခါသမယတွင် တည်ငြိမ်အေးချမ်း သွားသော မြန်မာနိုင်ငံတော်သစ်ကို နိုင်ငံသူ နိုင်ငံသားများထံ လက်ဆောင်ပေးရန် အချိန်ရောက်ပြီဟု စာတည်းမှတစ်ဆင့် ရေးသားတင်ပြလိုက်ရပါသည်။
ရန်သူကို နေလိုမီးလို ကျင့်ရပါမည်။
ရဲစွမ်းသတ္တိရှိသော တပ်မတော်ကြီးနှင့်  ကျွန်တော်တို့ အတူရှိပါသည်။
    မောင်ဆွေ
    ရန်ကုန်မြို့