
နေပြည်တော် မေ ၉
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)သည် ကောင်စီ ဝင် ဦးအေးချမ်းနှင့်အတူ ကင်ညာ နိုင်ငံ နိုင်ရိုဘီမြို့တွင် ကမ္ဘာ့ သတင်းမီဒီယာကောင်စီ (World Association of Press Councils -WAPC) က ဦးဆောင်ကျင်းပသော ကမ္ဘာ့ သတင်းမီဒီယာကောင်စီ အထွေထွေညီလာခံသို့ တက် ရောက်ရန် မေ ၂ ရက် နံနက် ၁၀ နာရီခွဲတွင် ရန်ကုန်မြို့မှ ထွက်ခွာ ခဲ့သည်။
နိုင်ရိုဘီမြို့ Safari Park Hotel တွင် မေ ၃ ရက်နှင့် ၄ ရက်၌ ကျင်းပသော ကမ္ဘာ့သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်နိုင်ငံ ဥက္ကဋ္ဌများ မိတ်ဆက်တွေ့ဆုံခြင်း၊ အထွေ ထွေညှိနှိုင်းဆွေးနွေးခြင်း အခမ်း အနားများသို့ တက်ရောက်သည်။
မေ ၅ ရက်တွင် MCK (Media Council of Kenya) ၏ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ အခမ်း အနားနှင့် ကမ္ဘာ့သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ Prof.Dr.Sule.Aker ဦးဆောင်ကျင်းပသော နိုင်ငံအလိုက် အစီရင်ခံစာ တင်သွင်းခြင်း အခမ်းအနားများ တွင် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌက အစီရင်ခံစာ တင်သွင်းရာတွင် မြန်မာနိုင်ငံ၌ ဖြစ်ပေါ်နေသော အခြေအနေများ နှင့် ပတ်သက်၍ အရင်းခံကိစ္စရပ် များကို ရှင်းလင်းပြောကြားပြီး လက်ရှိအစိုးရ၏ စစ်မှန်သော ဒီမိုကရေစီနိုင်ငံ တည်ဆောက်နိုင် ရေးအတွက် မိမိတို့ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ဆောင်ရွက်နေမှုများ၊ ပြည်တွင်း ပြည်ပ သတင်းမီဒီယာအချို့၏ သတင်းတု၊ သတင်းမှားများ ကြောင့် ဖြစ်ပေါ်ခဲ့သည့် ကိစ္စရပ် များ၊ လက်ရှိ အခြေအနေ တိုးတက် ကောင်းမွန်နေမှုများ၊ အစိုးရနှင့်ပြည်သူ ပူးပေါင်း ဆောင်ရွက်မှုများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှင့် သေဆုံး မှုနှုန်း လျော့နည်းကျဆင်းနေမှု များကို ရှင်းလင်းပြောကြား ပြီး မိတ်ဆွေနိုင်ငံများအနေဖြင့် သတင်းအချက်အလက်အမှန်များ သိရှိလိုပါက မိမိတို့ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီနှင့် ဆက် သွယ်ဆောင်ရွက်ပြီး သတင်းအမှန် များကိုသာ ဖြန့်ချိပေးစေလိုပါ ကြောင်း ပြောကြားသည်။
ကမ္ဘာ့ သတင်းမီဒီယာ ကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် မေ ၆ ရက်နှင့် ၇ ရက်တို့တွင် ကင်ညာသတင်းမီဒီယာကောင်စီ (KPC) ရုံးချုပ်၊ နိုင်ငံ၏ အကြီးဆုံး ရုပ်သံလွှင့်လုပ်ငန်းဖြစ်သော KBC (Kenya Broadcasting Copora-tion) နှင့် ပုဂ္ဂလိကပိုင် Nations Media Group ၊ နိုင်ရိုဘီ အမျိုးသား သဘာဝဥယျာဉ်များသို့ သွား ရောက်လေ့လာကြသည်။
ကမ္ဘာ့သတင်းမီဒီယာကောင်စီ ၏ ခြောက်ရက်တာ ညီလာခံအပြီး တွင် ညီလာခံတက် ရောက်သည့် အဖွဲ့ဝင်နိုင်ငံများ၏ ဥက္ကဋ္ဌများ လက်မှတ်ရေးထိုးသော သဘော ထား ကြေညာချက် တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါ ကြေညာ ချက်မူကြမ်းကို မြန်မာနိုင်ငံက ပုံဖော်ရေးသားပြုစုပေးခဲ့သည်။
ယခုအခါ ကမ္ဘာ့သတင်း မီဒီ ယာကောင်စီတွင် အဖွဲ့ဝင်နိုင်ငံ ပေါင်း ၂၆ နိုင်ငံရှိပြီး တစ်နှစ် တစ်ကြိမ် ကျင်းပလေ့ရှိသော ညီလာခံကို ကိုဗစ်-၁၉ ရောဂါ အခြေအနေကြောင့် ၂၀၂၀/၂၀၂၁ ခုနှစ်များတွင် ကျင်းပနိုင်ခြင်း မရှိဘဲ ယခု ၂၀၂၂ ခုနှစ်တွင်မှ ပြန်လည် ကျင်းပနိုင်ခြင်းဖြစ်ပြီး နောင်နှစ်များတွင် ပုံမှန်ပြန်လည် ကျင်းပသွားမည်ဖြစ်သည်။
မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး) နှင့် ကောင်စီ ဝင် ဦးအေးချမ်းတို့သည် မေ ၉ ရက်တွင် ရန်ကုန်မြို့သို့ ပြန်လည် ရောက်ရှိကြောင်း သိရသည်။
သတင်းစဉ်