
၂ဝ၂၄ ခုနှစ်၊ မတ်လ ၁၉ ရက်၊ အင်္ဂါနေ့
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၁၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၄ ရက်နေ့တွင် ဥပဒေအမှတ် ၁၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းထားခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အဆိုပါပြည်သူ့စစ်မှုထမ်းဥပဒေကို အကြောင်းပြု၍ နိုင်ငံတည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပြုလိုသော တရားမဝင်သစ္စာမဲ့သတင်းဌာန အချို့နှင့်လူပုဂ္ဂိုလ်အဖွဲ့အစည်းအချို့က သတင်းတု သတင်းမှားများဖြန့်ဝေပြီး ပြည်သူများစိုးရိမ်မှု လွန်ကဲစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိကြောင်း တွေ့မြင်နေရပါသည်။
၂။ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီသည် သတင်းတု သတင်းမှားများ ချေဖျက်နိုင်စေရေးနှင့် သတင်းအမှန်များပြည်သူလူထုထံ အမြန်ဆုံးရောက်ရှိနိုင်စေရေးအတွက် ဟောပြောဆွေးနွေးပွဲများ ပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပို့ချခြင်းများကို လုပ်ဆောင်လျက်ရှိပြီး၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍လည်း သတင်းဌာနအသီးသီးရှိ သတင်းမီဒီယာသမားများ၊ စာပေပညာရှင်များကိုဖိတ်ကြား၍ ရှင်းလင်းဟောပြောဆွေးနွေးပွဲများ ပြုလုပ်ကာ သတင်းအမှန်များကိုသာ ရေးသားပေး ဖြန့်ဝေပေးကြရန် တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
၃။ ပြည်သူအများစုနှင့် ထိတွေ့ဆက်ဆံရသော ရပ်ကွက် ကျေးရွာအတွင်းရှိ အဖွဲ့အစည်းများ၏ ဆန္ဒစော ဆောင်ရွက်မှု၊ ပြောဆိုမှုများကြောင့်ဖြစ်စေ၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေလိုသော သစ္စာမဲ့ သတင်းမီဒီယာအချို့၏ သတင်းမှား ဖြန့်ဝေမှုကြောင့်ဖြစ်စေ၊ ပြည်သူများ စိုးရိမ်ထိတ်လန့်မှုများ မြင့်မားမလာစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက အဆင့်ဆင့်ပညာပေးထိန်းကျောင်း ဆောင်ရွက်မှုများ ပြုလုပ်ကြရန်နှင့် သတင်းမီဒီယာသမားများအနေနှင့်လည်း သတင်းအမှန်များကိုသာ ဖြောင့်မတ်မှန်ကန်စွာ ရေးသားဖြန့်ချိကြရန်၊ ပြည်သူများအနေဖြင့်လည်း နိုင်ငံတော်ကာကွယ်ရေးတာဝန် သည် ပြည်သူအားလုံးနှင့် သက်ဆိုင်သည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်သည့်အတွက် ပြည်သူ့ စစ်မှုထမ်းဥပဒေကို ရှင်းလင်းပြည့်စုံအောင် လေ့လာကြရန် လိုအပ်ပါကြောင်း ထုတ်ပြန်ကြေညာအပ်ပါ သည်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ