မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/ ၂၀၂၂) ကြိမ်မြောက် အစည်းအဝေးကျင်းပ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းအပါအဝင် လုပ်ငန်းသစ် ခုနစ်ခုခွင့်ပြု

 

နေပြည်တော်   မတ်    ၃၀


မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၂/၂၀၂၂) ကြိမ်မြောက် အစည်း အဝေးကို   ယနေ့မွန်းလွဲပိုင်းတွင်  နေပြည်တော်    ရုံးအမှတ်-၁၈  ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၌ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေး သို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနှင့် ကော်မရှင် အဖွဲ့ဝင်များ တက်ရောက်ကြသည်။

 


အစည်းအဝေးမှ ဆောင်ရွက်ဆဲ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၂ ခု၏ မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင်   ဟိုတယ်နှင့်ခရီးသွားလုပ်ငန်း ကဏ္ဍ၊ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ လျှပ်စစ်နှင့် စွမ်းအင်ကဏ္ဍတို့မှ လုပ်ငန်းသစ်ခုနစ်ခုကို ခွင့်ပြုခဲ့သည်။  အဆိုပါလုပ်ငန်းများ၏ ရင်းနှီး မြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၈၅ ဒသမ ၇၅၉ သန်းနှင့် ငွေကျပ် ၄၃၃၂၇ ဒသမ   ၄၅၅   သန်းရှိပြီး  ပြည်တွင်းလုပ်သားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၃၅၅၃ နေရာကို   ဖန်တီး ပေးနိုင်မည်ဖြစ်သည်။

 


ယနေ့အစည်းအဝေးက ခွင့်ပြုခဲ့သောလုပ်ငန်းများတွင်  တည် ဆောက်ရေးကာလ  ခြောက်လအတွင်း    မဂ္ဂါဝပ်  ၂၀   နေရောင်ခြည် စွမ်းအင်သုံးဓာတ်အားပေးစက်ရုံတည်ဆောက်၍ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းလည်း ပါဝင်သည်။
၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုခွင့်ပြုမှုအနေဖြင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၄၈ ခုက စုစုပေါင်း အမေရိကန်ဒေါ်လာ ၆၈၄ ဒသမ ၆၈၆ သန်းဖြင့် လည်းကောင်း၊  မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် လုပ်ငန်း ၃၈ ခုက စုစုပေါင်း ငွေကျပ် ၄၆၈၃၉၃ ဒသမ ၅၂၈ သန်းဖြင့် လည်းကောင်း ခွင့်ပြုခဲ့ပြီး အလုပ်အကိုင်အခွင့်အလမ်းပေါင်း ၄၂၈၈၀  ဖန်တီးပေးနိုင်ခဲ့သည်။


သတင်းစဉ်