
နေပြည်တော် ဒီဇင်ဘာ ၇
အားကစားနှင့် လူငယ်ရေးရာ ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံ ပြေးခုန်ပစ်အဖွဲ့ချုပ်တို့ ပူးပေါင်း၍ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက်အထိ ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံပြေးခုန်ပစ်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဖလားနှင့် (၆၆) ကြိမ်မြောက် အမျိုးသားတံခွန်စိုက် (ဝန်ကြီး ဌာနပေါင်းစုံ) ပြေးခုန်ပစ်ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီမှစတင်၍ ဝဏ္ဏသိဒ္ဓိ အားကစားကွင်းနှင့် လေ့ကျင့်ရေးကွင်းအမှတ်(၁)တို့၌ ကျင်းပရာ အားကစားနှင့် လူငယ် ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်၊ အားကစားနှင့် ကာယ ပညာဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံ ပြေးခုန်ပစ် အဖွဲ့ချုပ်မှ တာဝန်ရှိသူများနှင့် အားကစားဝါသနာရှင်များ လာ ရောက်ကြည့်ရှုအားပေးကြသည်။
ယှဉ်ပြိုင်ကစား
ယနေ့ပြိုင်ပွဲ ပွဲစဉ်များအဖြစ် (အမျိုးသမီး- ၇ မျိုးစုံ) ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)သံလုံးပစ် ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး)မီတာ-၅၀၀၀ပြိုင်ပွဲ၊ အမျိုးသား တုတ်ထောက်ခုန်ပြိုင်ပွဲ၊ (အမျိုး သား/ အမျိုးသမီး) မီတာ-၄၀၀ တန်းကျော်ပြေးပြိုင်ပွဲ၊ (အမျိုး သား+အမျိုးသမီး) မီတာ (၄၀၀x၄) လက်ဆင့်ကမ်းပြိုင်ပွဲ၊ (အမျိုး သား/အမျိုးသမီး) မီတာ- ၈၀၀ ပြိုင်ပွဲ၊ (အမျိုးသား/အမျိုးသမီး) မီတာ - ၂၀၀ပြိုင်ပွဲ၊ အမျိုးသမီး အလျားခုန်ပြိုင်ပွဲများကို ယှဉ်ပြိုင် ကစားခဲ့ကြသည်။
စံချိန်သစ်များတင်နိုင်
ယနေ့ပြိုင်ပွဲ ပွဲစဉ်များဖြစ် သည့် အမျိုးသား သံလုံးပစ် ပြိုင်ပွဲတွင် ထက်ဝေယံ (ပြည်ထဲ ရေး) သည် ၁၅ ဒသမ ၀၂ မီတာဖြင့် ၂၀၀၃ ခုနှစ် အောင်မိုးဝင်း (မြို့တော်/စည်ပင်) ၏ စံချိန် ၁၄ ဒသမ ၀၇ မီတာထက် သာလွန်ကောင်းမွန်ပြီး စံချိန်သစ် တင်နိုင်ခဲ့သည့်အပြင် အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲတွင် ထက်ရှိုင်း အောင် (စည်ပင်) ၏ Hand Timing ၂၁ ဒသမ ၂၅ စံချိန်သည် ၁၉၉၃ ခုနှစ်၊ ကျော်ထူးအောင် (ဟိုတယ်/ခရီး) ၏ ဖိလစ်ပိုင်နိုင်ငံ တွင် ရရှိသော Electronic Time ၂၁ ဒသမ ၃၄ စံချိန် ထက်သာလွန်၍ လည်းကောင်း ဝန်ကြီးဌာန စံချိန် သစ်များ တင်နိုင်ခဲ့သည်။
ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့် ပွဲအခမ်းအနားကို ဆက်လက် ကျင်းပရာ ပြိုင်ပွဲများတွင် ဆုရရှိ ကြသူများကို တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ဒီဇင်ဘာ ၈ ရက်တွင် စတုတ္ထ နေ့ ပြေးခုန်ပစ်ပြိုင်ပွဲ ပွဲစဉ်များကို နံနက် ၆ နာရီ မှစတင်၍ ဝဏ္ဏ သိဒ္ဓိ ဘောလုံးအားကစားကွင်းနှင့် လေ့ကျင့်ရေး ကွင်းအမှတ် (၁) တို့၌ ဆက်လက်ကျင်းပသွားမည် ဖြစ်ပြီး အားကစားဝါသနာရှင်များ အနေဖြင့် မည်သူမဆို အခမဲ့ လာရောက်ကြည့်ရှု အားပေးနိုင် ကြောင်း သိရသည်။
သတင်းစဉ်