
ရဲခေါင် (စက်မှု)
ယခုအခါတွင် မြန်မာနိုင်ငံ၏မော်တော်ယာဉ်ကဏ္ဍကို တိုးတက်ပြောင်းလဲစေ၍ နိုင်ငံတကာနှင့်အမီ ရင်ပေါင်တန်းနိုင်ရေးအတွက် လျှပ်စစ်ကား (EV- Electric Vehicle) များ တင်သွင်းအသုံးပြုခြင်းမှတစ်ဆင့် ထုတ်လုပ်သုံးစွဲသွားရန် လမ်းညွှန်မှုတစ်ရပ်ကို နိုင်ငံတော်အကြီးအကဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က အမြော်အမြင်ကြီးမားစွာ ချမှတ်ခဲ့ပါသည်။ အဆိုပါ လမ်းညွှန်ချက်ကို စနစ်တကျ အကောင်အထည်ဖော်ဆောင်ရွက်ရန် ကျွန်တော့်အနေဖြင့် ၉-၁၀-၂၀၂၂ ရက်က ထုတ်ဝေသည့် မြန်မာ့အလင်းသတင်းစာတွင် ဆောင်းပါးတစ်ပုဒ်ရေးသား၍ နိုင်ငံတော်နှင့်ပြည်သူများသို့ တင်ပြ ခဲ့ပြီးဖြစ်သည်။
မြန်မာနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ဓာတ်အား ဖြည့်သွင်းရုံ
သို့ဖြစ်ရာ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီး ဦးစီးသည့် အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီက လုပ်ငန်းများကို စည်းကမ်းစနစ်ကျစွာ တစ်ဆင့်ပြီးတစ်ဆင့် အကောင်အထည်ဖော်၍ လုပ်ငန်းဆပ်ကော်မတီများ ဖွဲ့စည်းဆောင်ရွက်စေ ခဲ့ရာ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီများ၏ ကြိုးပမ်းဆောင်ရွက်မှုများနှင့် လျှပ်စစ်သုံးယာဉ် တင်သွင်းသည့် ကုမ္ပဏီများ၏ ပူးပေါင်းဆောင်ရွက်မှု များကြောင့် ၂၀၂၃ ခုနှစ် မတ် ၄ ရက်တွင် နေပြည်တော်၌ လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသော လျှပ်စစ်ဓာတ် အားဖြည့်သွင်းရုံ (Electric Vehicle Charging Station) စတင်ဖွင့်လှစ်နိုင်ခဲ့သည်ကို တွေ့ရှိခဲ့ရ သည်။ ထို့ပြင် လျှပ်စစ်သုံးမော်တော်ယာဉ်များ ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိမှုကို တာဝန်ရှိသူများ က စစ်ဆေးကြည့်ရှုကြခြင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်သို့ ရောက်ရှိလာခြင်း စသည်ဖြင့် သက်ဆိုင်ရာကုမ္ပဏီ အသီးသီးမှ လျှပ်စစ်သုံးမော်တော်ယာဉ်များ တင်သွင်းလာခြင်းတို့ကို သတင်းစာများတွင် တွေ့မြင်ဖတ်ရှုရသည်။ နိုင်ငံတော်အနေဖြင့်လည်း အခွန်သက်သာခွင့် ကင်းလွတ်ခွင့်များ ပေးထား ကြောင်းလည်း သိရှိရသည်။
မော်တော်ကားလောက၏ နည်းပညာ အပြောင်းအလဲများ
ထိုသို့ နိုင်ငံတော်အနေဖြင့် ပြည်သူများ နိုင်ငံတကာနှင့်အတူ အဆင့်မီအသုံးပြုနိုင်ရေး အထူးသဖြင့် အာဆီယံအသိုက်အဝန်းအတွင်းရှိ နိုင်ငံများနှင့်အတူ ရှိနေစေရေး ပြည်သူများအတွက် ဆောင်ရွက်ပေးနေမှုအပေါ် ကျေနပ်မိသည်။ ကျွန်တော်တို့ အတိတ်ကာလကို ပြန်ကြည့်ပါက နိုင်ငံတော်၏တာဝန်ကို ပခုံးပြောင်း တာဝန်ယူခဲ့ သော တပ်မတော်၏ ဦးဆောင်မှုအောက် ကာလများ တွင် မော်တော်ကားလောက၏ နည်းပညာ အပြောင်းအလဲများ တွေ့မြင်ခဲ့ရပေသည်။ ၁၉၈၉-၁၉၉၀ ပြည့်နှစ်များက တပ်မတော်ရှိ ဟီးနိုးတီအီး ၁၁/၂၁၊ မာဇဒါဂျစ် 2000၊ မာဇဒါဘီ ၃၆၀/၆၀၀ (ဗင်၊ ပစ်ကပ်)၊ မာဇဒါ T-2000 လိုက်ထရပ်၊ ဟီးနိုး ဘီအမ်ဘတ်စ် စသည့်ယာဉ်များတွင် LPG (Lique-fied Petroleum Gas)၊ CNG (Compressed Natural Gas)၊ MGB (Methanol Gasoline Blends) စသည်တို့ဖြင့် စက်သုံးဆီ (ဓာတ်ဆီ၊ ဒီဇယ်)အစား ပြောင်းလဲစမ်းသပ်သုံးစွဲခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ၎င်းမှတစ်ဆင့် အမှတ် (၂) စက်မှုဝန်ကြီးဌာန မြန်မာ့ မော်တော်ယာဉ်နှင့် ဒီဇယ်အင်ဂျင် ထုတ်လုပ်ရေး လုပ်ငန်းမှ လူစီးမော်တော်ယာဉ် (PV – Passenger Vehicle) နှင့် လုပ်ငန်းသုံး မော်တော်ယာဉ်(CV- Commercial Vehicle) တို့ကို ဆီသုံးယာဉ်များ အဖြစ်မှ CNG ဓာတ်ငွေ့သုံးယာဉ်များအဖြစ် ပြုပြင် ပြောင်းလဲသုံးစွဲစေခဲ့ရာ ယခုအချိန်အထိ အငှားယာဉ် ငယ်များအပါအဝင် သဘာဝဓာတ်ငွေ့သုံး၍ ယာဉ် များ မောင်းနှင်လျက်ရှိနေကြသည်။
ယခုအချိန်တွင်လည်း တပ်မတော်က နိုင်ငံတော် ၏ တာဝန်ကို ထိန်းထားသည့်အခါကာလဖြစ်ရာ အခြေအနေ အခက်အခဲ အမျိုးမျိုးကြားမှ ကြိုးစား၍ မြန်မာနိုင်ငံ၏ မော်တော်ယာဉ်ကဏ္ဍအတွက် ပြည်သူများ လျှပ်စစ်သုံးမော်တော်ယာဉ်များ သုံးစွဲ နိုင်သည့် အခြေအနေသို့ရောက်စေရန် အောင်မြင်စွာ ဆောင်ရွက်လျက်ရှိသည်ကို မျက်ဝါးထင်ထင်တွေ့ရှိရမည်ဖြစ်သည်။ အာဆီယံမော်တော်ယာဉ်ကဏ္ဍ အစည်းအဝေးများတွင် အခြားအာဆီယံနိုင်ငံများမှ ပညာရှင်များ EV အကြောင်း ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံကိုယ်စားလှယ်များ ပါးစပ်အဟောင်း သားဖြင့် နားထောင်နေခဲ့ရာမှ ယခုအခါတွင် EV ၏ Technology အကြောင်း ကောင်းကောင်းပါဝင် ဆွေးနွေးနိုင်တော့မည်ဖြစ်ပေသည်။ နိုင်ငံတော် အကြီးအကဲ၏ အမြော်အမြင်ရှိစွာ မော်တော်ကား လောက (Automotive Industry) တွင် အခြားနိုင်ငံ များနည်းတူ အမီလိုက်နိုင်အောင် ဆောင်ရွက်ပေး သည့် စေတနာအပေါ် မော်တော်ကားပညာရှင် တစ်ဦးအနေဖြင့် များစွာကျေးဇူးတင်မိနေသည်။
မော်တော်ယာဉ်များ တင်သွင်းလျက်ရှိ
လျှပ်စစ်သုံးမော်တော်ယာဉ် တင်သွင်းခွင့် ရရှိထားသည့် ကုမ္ပဏီများအနေဖြင့်လည်း ဆက်တိုက်ဆိုသလို မော်တော်ယာဉ်များ တင်သွင်း လျက်ရှိကြရာ အဆက်မပြတ်ရောက်ရှိလာတော့မည် ဖြစ်သည့်အပြင် Charging Station များ အပြိုင်အဆိုင် တည်ဆောက်နေကြသည်ကိုလည်း ဝမ်းမြောက်စွာ ကြားသိနေရသည်။ အဆိုပါ လျှပ်စစ်သုံးယာဉ်များကို ဝယ်ယူအသုံးပြုသူများ အတွက် နိုင်ငံတော်၏ ရည်မှန်းချက်အရ စဉ်ဆက် မပြတ် ဖွံ့ဖြိုးတိုးတက် ( Sustainable Develo-pment) နေစေရေးအတွက် After Sale Service အပိုင်း၊ Spare parts Sales စသည့် Showroom တစ်ခု၏ 3S (Three "s") လုပ်ငန်းများလိုအပ်လာ ပြီဖြစ်သည်။ ယခုတင်သွင်းလာသည့် လျှပ်စစ်သုံး ယာဉ်များသည် နည်းပညာမြင့် မော်တော်ယာဉ်များ ဖြစ်ရာ Safety အတွက် အရေးကြီးလာပြီဖြစ်၍ Tools and Equipments များ မှန်ကန်မှုရှိရန် လိုသည်။ လျှပ်စစ်သုံးမော်တော်ယာဉ်သည် ဗို့အား အမြင့် (High Voltage) ကို အသုံးပြုထားခြင်းဖြစ် သည်။ (သုံးစွဲသူအတွက် စိတ်ပူရန်မလိုပါ၊ ပြင်ဆင်မှု အပိုင်းကို ဆိုလိုခြင်းဖြစ်သည်) လျှပ်စစ်ကာပစ္စည်း (Insulator) ပါသော Special Tools များ ဖြစ်ရန် လိုသည်။ အဆိုပါ Service ပိုင်းတွင် အသုံးပြုရန် လိုအပ်သည့် Tools and Equipments များ၊ Spare Parts များကို ကုမ္ပဏီများ အမြန်တင်သွင်းရရှိနိုင် ရေးအတွက် သက်ဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်ပေးရန်လည်း လိုအပ်မည်ဖြစ်သည်။
ပြင်ဆင်မှု၊ ထိန်းသိမ်းမှုများ
ထို့ပြင် ယခင် ICE (Internal Combustion Engine) မော်တော်ယာဉ်များကဲ့သို့ ပြင်ဆင်မှု၊ ထိန်းသိမ်းမှုများတွင် ကွဲပြားခြားနားသွားပြီဖြစ်ပါ သည်။ ICE မော်တော်ယာဉ်များကို နှစ်ပေါင်းများစွာ အသုံးပြု ထိန်းသိမ်းပြုပြင်လာခဲ့၍ မော်တော်ယာဉ်၏ ပုံသဏ္ဌာန်၊ အမျိုးအစား၊ ထုတ်လုပ်သည့်နိုင်ငံ၊ ထုတ်လုပ်သည့်ကုမ္ပဏီ ကွဲပြားခြားနားသော်လည်း အခြေခံနည်းပညာမှာ အတူတူဖြစ်၍ ဆောင်ရွက် နိုင်ခဲ့ကြသော်လည်း ယခုလျှပ်စစ်သုံး မော်တော်ယာဉ် ၏ နည်းပညာများမှာ ပြောင်းလဲသွားပြီဖြစ်သည့် အပြင် အန္တရာယ်ကြီးသဖြင့် လျှပ်စစ်သုံးမော်တော် ယာဉ် Brand အလိုက် သက်ဆိုင်ရာ နိုင်ငံကုမ္ပဏီ များမှ Techanical Service & Maintenance သင်တန်းများသို့ တက်ရောက်၍ ပြန်လာသူများနှင့် ပြည်တွင်းရှိ ကျွမ်းကျင်သူများက သင်တန်းများ ဖွင့်လှစ်ပြီး သင်တန်းဆင်းများ၊ ကျွမ်းကျင်သူများ ကိုသာ ကိုင်တွယ်လုပ်ဆောင်စေသင့်သည်။ ထိုသို့ကျွမ်းကျင်သင်တန်းများ၊ မှတ်ပုံတင်ပညာရှင် (Professional Engineer) များ၊ RSE (Registered Senior Engineer), RE (Registered Engineer) ကဲ့သို့သော Certificate ရရှိထားသည့် သက်ဆိုင်ရာ အင်ဂျင်နီယာကောင်စီမှ အသိအမှတ်ပြုထားသူ အဆင့် အလိုက် ကျွမ်းကျင်သူများကိုပါ ရေရှည်အတွက် ကိုင်တွယ်ဆောင်ရွက်စေရမည် ဖြစ်သည်။
SKD (Semi Knocked Down) နည်းစနစ်အတိုင်း ထုတ်လုပ်ရန်
ထို့ပြင် တင်သွင်းရောင်းချဖြန့်ဖြူးနေသော ကုမ္ပဏီများအနေဖြင့်လည်း သုံးစွဲသူပြည်သူများ ဈေးသက်သက်သာသာဖြင့် ဝယ်ယူအသုံးပြုနိုင်ရေး အတွက် ယခင် ICE သုံးမော်တော်ယာဉ်များထုတ်လုပ်သည့် SKD (Semi Knocked Down) နည်းစနစ် အတိုင်း ထုတ်လုပ်ရန် စီမံချက်များချမှတ် ဆောင်ရွက်သွားသင့်သည်။ လျှပ်စစ်သုံး မော်တော်ယာဉ်သည် အစိတ်အပိုင်းအနေဖြင့် ICE သုံးမော်တော်ယာဉ်များကဲ့သို့ များပြားမှုမရှိသဖြင့် ထုတ်လုပ်ရေးဆောင်ရွက်သွားနိုင်မည်ဖြစ်သည်။
မကြာသောကာလတွင် မြန်မာနိုင်ငံ၏ လမ်းမ များပေါ်တွင် လျှပ်စစ်သုံးမော်တော်ယာဉ်များ ပျားပန်းခပ်မျှ ပြေးလွှားနေကြ၍ ဓာတ်အား ဖြည့်သွင်းရုံများလည်း မြို့များ၊ လမ်းများ၊ ဈေးဆိုင် ကြီးများ၊ ဟိုတယ်များ၊ စားသောက်ဆိုင်များ တွင် မှိုလိုပေါက်၍နေကြမည်ကို မြင်ယောင်ရင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရ၏ ဂုဏ်ယူဖွယ်ရာ မှတ်တမ်းတင်အောင်ပွဲတစ်ခုဖြစ်ပါ ကြောင်းနှင့် ၂၀၂၃ ခုနှစ် မတ် ၂၇ ရက်တွင် ကျရောက်မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ဤဆောင်းပါးဖြင့် ဂုဏ်ပြုကြိုဆို တင်ပြလိုက်ပါ သည်။ မြန်မာနိုင်ငံ Automotive Industry ကြီး Good Luck ပါခင်ဗျား။ ။
- Log in to post comments