
မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန စတင်တည်ဆောက်ခြင်း အခမ်းအနားကျင်းပ
=================================================================================
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာန (Center for Disease Control, Training and Research, Myanmar) စတင်တည်ဆောက်ခြင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်း တွင် ဒက္ခိဏသီရိမြို့နယ်ရှိ ယင်းအဆောက်အအုံ တည်ဆောက်မည့်နေရာ၌ ကျင်းပသည်။
နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့
အခမ်းအနားတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ၂၀၁၇ ခုနှစ် ဧပြီလတွင် ထိုစဉ်က နိုင်ငံတော်သမ္မတ ဦးထင်ကျော်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ သွားရောက် ခဲ့သည့် ခရီးစဉ်အတွင်း ဤဗဟိုဌာနကြီး တည်ဆောက် နိုင်ရန် နှစ်နိုင်ငံမူအားဖြင့် သဘောတူညီခဲ့ပါကြောင်း၊ ထို့နောက် ၂၀၁၇ ခုနှစ် မေလတွင် အကောင်အထည်ဖော် ဆောင်ရွက်ရန် သဘောတူညီချက် (Letter of Agreement) ကိုလည်းကောင်း၊ ၂၀၁၈ ခုနှစ် ဇွန်လတွင် စီမံကိန်းအတွက် ကူညီပေးရေးဆိုင်ရာစာလွှာ (Exchange Letter) ကို လည်းကောင်း နှစ်နိုင်ငံ လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ ယင်းနောက် တရုတ်နိုင်ငံမှ ကျွမ်းကျင်ပညာရှင်များ အကြိမ် ကြိမ်လာရောက်၍ စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်နိုင်ခြေဆန်းစစ်ခြင်း (Feasibility Study)၊ တည်ဆောက် မည့်နေရာ၏ ပထဝီအနေအထားစစ်ဆေးခြင်း၊ မြေနေရာ တွင် ငလျင်ကဲ့သို့ သဘာဝဘေးအန္တရာယ်ကျရောက်နိုင်မှု အခြေအနေစစ်ဆေးခြင်း၊ မြေတိုင်းတာခြင်း၊ တည်ဆောက် မည့် အဆောက်အအုံများ၏ အသေးစိတ် ပုံကြမ်းများရေး ဆွဲခြင်း စသည့်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း။
ယခုကဲ့သို့ မြန်မာနိုင်ငံ ကူးစက်ရောဂါ ကာကွယ် ထိန်းချုပ်ရေး ဗဟိုဌာန၊ လေ့ကျင့်ရေးနှင့် သုတေသနဌာနကို တည်ဆောက်ပြီးစီးသည့်အခါ လတ်တလောဖြစ်ပွားသည့် ကူးစက်ရောဂါအမျိုးမျိုး၊ အသစ်ဖြစ်ပေါ်လာနိုင်မည့် ကူးစက်ရောဂါအမျိုးမျိုး၊ တိရစ္ဆာန်မှတစ်ဆင့် ကူးစက် ဖြစ်ပွားသောရောဂါအမျိုးမျိုး၊ ကပ်ရောဂါအသွင်ဖြင့် ဖြစ်နိုင်သော ရောဂါအမျိုးမျိုးတို့နှင့်ပတ်သက်၍ ကာကွယ် နှိမ်နင်းခြင်းလုပ်ငန်းများ၊ သင်ကြားလေ့ကျင့်ခြင်းလုပ်ငန်း များသာမက သုတေသနလုပ်ငန်းများကိုပါ တွဲဖက်လုပ်ကိုင် သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းများအား တရုတ် နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းကာ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အလားတူ ဝန်ကြီးဌာနရှိ ပြည်သူ့ကျန်းမာရေး တက္ကသိုလ်၊ အခြေခံကျန်းမာရေးတက္ကသိုလ်၊ ဆေးတက္က သိုလ်များနှင့် ဆေးသုတေသနဦးစီးဌာနတို့မှ ပညာရှင် များကလည်း လာရောက်တွဲဖက်ဆောင်ရွက်မည် ဖြစ်ပါ ကြောင်း၊ လေ့ကျင့်ရေးသင်တန်းကျောင်းတွင် ဝန်ကြီးဌာနရှိ နိုင်ငံတစ်ဝန်းလုံးမှ ပြည်သူ့ကျန်းမာရေးနှင့် သုတေသန ပညာရှင်များအား အဆင့်မြင့်သင်တန်းများကို တစ်နှစ်ပတ် လုံးပေးအပ်နိုင်မည်ဖြစ်ပါကြောင်း၊ ဇီဝလုံခြုံမှု အဆင့်မြင့် သည့် ဓာတ်ခွဲခန်းလည်း ပါဝင်မည်ဖြစ်သဖြင့် ကူးစက် ရောဂါနှင့်ဆိုင်သည့် အဆင့်မြင့်သုတေသနများကိုလည်း ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ဗဟိုဌာနကြီး၌ ခေတ်မီ စာကြည့်တိုက်လည်း ပါဝင်မည်ဖြစ်ရာ ဤဌာနကြီး၌ လုပ်ကိုင်မည့် ပညာရှင်များအနေဖြင့် နောက်ဆုံးပေါ် သတင်း အချက်အလက်များ ရယူလေ့လာနိုင်မည်ဖြစ်ပါကြောင်း။
ထို့အပြင် ဗဟိုဌာနတွင်လုပ်ဆောင်သော သုတေသန ဆန်းစစ်မှုများအပါအဝင် လုပ်ငန်းများမှတစ်ဆင့် ကျန်းမာရေး စနစ်အတွက် လက်တွေ့မြေပြင်အခြေအနေနှင့် ကိုက်ညီ ပီပြင်သည့် စီမံကိန်းများလည်း ရေးဆွဲချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဤဗဟိုဌာနကြီး ပြီးစီးပြီး နောက်တွင် ကမ္ဘာ့ကျန်းမာရေးအသိအမှတ်ပြုဌာန ဖြစ်လာ စေရေးအတွက် ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ပြည်သူ့ကျန်းမာ ရေးပညာရှင်များ၊ သုတေသနပညာရှင်များနှင့် ပြည်သူများ ၏ကိုယ်စား မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်း ကျောင်းကို လှူဒါန်းဆောင်ရွက်သည့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံအား အထူးကျေးဇူးတင်ရှိပါကြောင်း၊ ဗဟိုဌာန နှင့် သင်တန်းကျောင်းသည် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍ အတွက် နှစ်ပေါင်းများစွာ အလွန်အကျိုးရှိစေမည်ဖြစ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု၏ အမှတ်အသား တစ်ခုအဖြစ်လည်း နှစ်ပေါင်းများစွာတည်ရှိနေမည်ဖြစ်ပါ ကြောင်း ပြောကြားသည်။
အကောင်အထည်ဖော်
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်က နှစ်သစ်ကူးကာလ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဝမ်ယိ မြန်မာနိုင်ငံသို့ ခရီးစဉ်လာရောက်တော့မည့် အချိန်အခါသမယတွင် တရုတ်နိုင်ငံမှ အကူအညီပေးအပ် သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာ ရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်းကျောင်း အကောင်အထည်ဖော်ဆောင်ရေး စီမံကိန်းများ စတင်ခြင်း အခမ်းအနားဖြစ်ကြောင်း။
ယခုအကြိမ် မြန်မာနိုင်ငံကို ကူညီတည်ဆောက်ပေး သည့် မြန်မာနိုင်ငံ ရောဂါထိန်းချုပ်ရေးဗဟိုဌာနနှင့် ကျန်းမာ ရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းမှာ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) အဆောင်၊ လေ့ကျင့်ရေးသင်တန်းကျောင်းအဆောင်၊ အုပ်ချုပ်ရေး ရုံးအဆောင်၊ တွဲဖက်လက်တွေ့စမ်းသပ်ခန်း စက်ပစ္စည်းများ ပါဝင်ပါကြောင်း၊ ဆောက်လုပ်ပြီးစီးပြီးနောက် မြန်မာနိုင်ငံ၌ ခေတ်မီကျွမ်းကျင်မှု အရည်အချင်းအမြင့်ဆုံး ရောဂါ ထိန်းချုပ်ရေးဗဟိုဌာန ဖြစ်လာမည်ဖြစ်ကြောင်း၊ တရုတ် နိုင်ငံကလည်း နှစ်နှစ်တာ နည်းပညာပူးပေါင်းဆောင်ရွက်မှု ပေးပြီး မြန်မာနိုင်ငံအတွက် သက်ဆိုင်ရာ ကျန်းမာရေးနှင့် နည်းပညာဝန်ထမ်းများကို လေ့ကျင့်မွေးထုတ်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီမံကိန်းဖော်ဆောင်မှုကို အရှိန်မြှင့်တင်၍ မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါအပါအဝင် အရေးပေါ် ပြည်သူ့ကျန်းမာရေးကိစ္စရပ်များကို ထိရောက်စွာ ဖြေရှင်း ရေးတွင် ကူညီပေးရန်အတွက် တရုတ်နိုင်ငံက မြန်မာနိုင်ငံရှိ တရုတ်ကုမ္ပဏီကို တည်ဆောက်ရေးတာဝန် ပေးအပ်ထား ပြီး စီမံကိန်းကို အမြန်ဆုံး စတင်တည်ဆောက်နိုင်စေပါ ကြောင်း၊ ယင်းစီမံကိန်းက သိပ္ပံသုတေသန၊ ကပ်ရောဂါ ကာကွယ်ရေး၊ အရေးပေါ်တုံ့ပြန်ရေး၊ လူရည်ချွန်မွေးထုတ် ရေးစသည့်ကဏ္ဍများတွင် အထောက်အကူပြုပြီး မြန်မာ နိုင်ငံ ပြည်သူများ၏ ကျန်းမာရေးကို ပိုမိုကောင်းမွန်စွာ အာမခံချက်ပေးနိုင်ကာ တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း တည်ဆောက်ရေးအတွက် အထောက်အကူ ဖြစ်စေမယ်လို့ ယုံကြည်ပါကြောင်း ပြောကြားသည်။
ဖဲကြိုးဖြတ်ဖွင့်လှစ်
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်၊ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက စီမံကိန်း တည်ဆောက်မည့် နေရာတွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။
အဆိုပါအခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်၊ နေပြည်တော်ကောင်စီ၊ ကောင်စီဝင် ဦးတင်ထွန်း၊ ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦး နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ သံရုံးမှ Economic and Commercial Counsellor of Chinese Embassy to Myanmar ဖြစ်သူ Mr. Tan Shufu၊ First Secretary ဖြစ်သူ Ms. Zhou Nan၊ First Secretary ဖြစ်သူ Mr. Zhang Long၊ တာဝန်ရှိသူများ ဖြစ်သည့် Mr. Xiao Hongxuan၊ Ms. Wang Kun နှင့် Mr. Huang Taijing တို့ တက်ရောက်ကြကြောင်း သိရသည်။
သတင်းစဉ်