
နေပြည်တော် စက်တင်ဘာ ၂၄
ကလေးအလုပ်သမားပပျောက်ရေးအတွက် နိုင်ငံတော်မှ မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကိုဖွဲ့စည်းပြီး အင်တိုက် အားတိုက်ဆောင်ရွက်လျက်ရှိရာ ယင်းကော်မတီ၏ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက နေပြည်တော်ရှိ အလုပ်သမားဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး
အခမ်းအနားတွင် အလုပ်အကိုင်အခွင့်အလမ်း များဖန်တီးပေးရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ အလုပ် သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် ရည်မှန်းချက် ၃ ရပ်တွင် “အန္တရာယ် ရှိသော အလုပ်နှင့် လုပ်ငန်းခွင်များတွင် လုပ်ကိုင် နေရသည့် ကလေးအလုပ်သမားများအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေး စီမံဆောင်ရွက်ပေးရန်” ဟူ၍ ပါဝင်ကြောင်းထည့်သွင်းပြောကြားပြီး အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးရေး လုပ်ငန်းကော်မတီအနေဖြင့် အမျိုး သားအဆင့် လုပ်ငန်းစီမံချက်၏ ပထမ ၅ နှစ် စီမံချက် (၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်အထိ) သတ်မှတ်ထား ကြောင်း ထည့်သွင်းပြောကြားသည်။
စီမံချက်အတွင်းပါဝင်သည့် အရည်အသွေးရှိသည့် လုပ်သားအင်အားရရှိစေရန် “ကလေးသူငယ်လေ့ကျင့် ရေးသင်တန်းကျောင်းများသို့ပို့ဆောင်ပြီး သင်တန်း ဆင်းများကို သင့်တော်သော အလုပ်အကိုင်ရရှိစေရေး ဆောင်ရွက်ပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းများ အတွက် ထိရောက်သင့်လျော်သော ဘတ်ဂျက်ငွေ တင်ပြအသုံးပြုခြင်း၊ အသေးစားနှင့် အလတ်စား လုပ်ငန်းဈေးကွက်များ မြှင့်တင်ခြင်း၊ ဒေသထွက် ကုန်များကို တန်ဖိုးမြှင့်ပစ္စည်းထုတ်လုပ်နိုင်ရေး နည်း ပညာထောက်ပံ့ပေးခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေး ခြင်း၊ အလုပ်အကိုင်ပေးလိုသောဌာနနှင့် ချိတ်ဆက် ဆောင်ရွက်ပေးခြင်း”တို့ကို အလုပ်အကိုင် အခွင့် အလမ်းများ ဖန်တီးပေးရေးကော်မတီ တာဝန်ခံ၍ တာဝန်ယူ ဆောင်ရွက်ရမည်ဖြစ်ကြောင်း လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ထည့်သွင်းပြောကြားသည်။
စက်မှုလက်မှုလုပ်ငန်းများ ဖော်ဆောင်ပေးရန်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အိမ်စောင့် အစိုးရအဖွဲ့ နိုင်ငံတော်ဝန်ကြီးချုပ်က နိုင်ငံသား များအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ပွင့်လင်းလာရေး လူသုံးကုန်ထုတ်လုပ်သည့် စက်မှု လက်မှုလုပ်ငန်းများ ဖန်တီးဖော်ဆောင်ပေးရန်နှင့် တိုင်းရင်းသားများ၏ SME လုပ်ငန်းများကို အားပေး မြှင့်တင်ရန် လမ်းညွှန်မှာကြားထားခဲ့ပြီး မြန်မာနိုင်ငံ စီးပွားရေးပြန်လည်ဦးမော့စေရေးစီမံချက်(MERP)အရ ကိုဗစ်-၁၉ ကပ်ရောဂါကာလတွင် နေထိုင်မှု ပုံစံအသစ်အရ Online ပိုမိုသုံးစွဲလာပြီး Online Shopping များ ပိုမိုတွင်ကျယ်လာသဖြင့် အသေးစား/ အငယ်စား/ အလတ်စား စီးပွားရေးလုပ်ငန်းများနှင့် ထုတ်လုပ်မှုကဏ္ဍတွင် Digital စနစ်အသုံးပြု၍ အသွင်ကူးပြောင်းနိုင်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းဖန်တီးပေးရေး လုပ်ငန်းကော်မတီဝင်များက ခေတ်နှင့်အညီ အကောင်အထည်ဖော် လုပ်ဆောင်ရန် လည်း လိုအပ်ပါကြောင်း ဒုတိယဝန်ကြီး ဦးဝင်းရှိန် က အမှာစကားတွင် ထည့်သွင်းပြောကြား သည်။
ကလေး အလုပ်သမားပပျောက်ရေးကိစ္စများ
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီကို ၂၀၁၈ ခုနှစ်တွင် အဖွဲ့ဝင် ၃၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး လုပ်ငန်းကော်မတီ (၈)ရပ် ဖွဲ့စည်းကာ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့်လုပ်ငန်း စီမံချက် ၂၀၁၉-၂၀၂၃ ကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအလိုက် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ကြောင်း၊ နိုင်ငံတော်တာဝန်ကို နိုင်ငံ တော် စီမံအုပ်ချုပ်ရေးကောင်စီက စတင်တာဝန်ယူ သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှစ၍ မြန်မာ နိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးကိစ္စများကို အရှိန်အဟုန်မပျက် ထိရောက်စွာ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်ရန်ရည်ရွယ်ပြီး မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဒုတိယဥက္ကဋ္ဌ ဦးဆောင်၍ အဖွဲ့ဝင် ၃၉ ဦး ဖြင့် ပြန်လည်ဖွဲ့စည်းခဲ့ကြောင်း၊ မြန်မာနိုင်ငံ ကလေး အလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား ကော်မတီ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် လုပ်ငန်းကော်မတီ(၈)ရပ် ဖွဲ့စည်းမှု အတွက် အတည်ပြုခဲ့သည်။
အဆိုပါ ညှိနှိုင်းအစည်းအဝေးအတွင်း အလုပ် အကိုင်အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်း ကော်မတီ အတွင်းရေးမှူး အလုပ်သမားညွှန်ကြား ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင် သန်းက အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေးလုပ်ငန်းကော်မတီဖွဲ့စည်းမှုနှင့် လုပ်ငန်းတာဝန် များ၊ လုပ်ငန်းကော်မတီ၏ ဆောင်ရွက်ချက်များ၊ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး လုပ်ငန်းကော်မတီ တတိယအကြိမ် အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် လုပ်ငန်းကော်မတီဝင်များ၏ ဆောင်ရွက်ပြီးစီးမှုများ၊ အလုပ်အကိုင် အခွင့်အလမ်း များ ဖန်တီးပေးရေး လုပ်ငန်းကော်မတီအလိုက် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ် Mini Budget ခြောက်လတာ ဘဏ္ဍာငွေလျာထားမှုများ၊ ကော်မတီမှ ရှေ့ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးသည်။
အမျိုးသားအဆင့် လုပ်ငန်း စီမံချက်
တက်ရောက်လာသည့် လုပ်ငန်းကော်မတီဝင် များက ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များ၏ အကောင်အထည်ဖော်ဆောင်ရွက် မှုများကို ဆွေးနွေးတင်ပြကြပြီး ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်း စီမံချက်ကို အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် ဆောင်ရွက်ရမည့် လုပ်ငန်း တာဝန်များ၊ လုပ်ငန်းအစီအစဉ်များကို ကော်မတီဝင် များမှ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများအလိုက် ဘဏ္ဍာရေးနှစ်တွင် ထိရောက်စွာ ပူးပေါင်းညှိနှိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားရန်နှင့် တင်ပြ ချက်များနှင့်စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးကြောင်း သိရသည်။
အစည်းအဝေးသို့ ပြည်ထောင်စုနယ်မြေ နေပြည် တော်ရှိ လုပ်ငန်းကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဌာနများမှအဖွဲ့ဝင်များ တက်ရောက်၍ တိုင်းဒေသ ကြီးနှင့်ပြည်နယ်များမှ လုပ်ငန်းကော်မတီဝင်များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် အလုပ် သမားအဖွဲ့အစည်းမှ ကိုယ်စားလှယ်များက Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။
ခင်ရတနာ