
နေပြည်တော် ဇန်နဝါရီ ၁၃
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီအတွင်းရေးမှူးအဖွဲ့၏ စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရည်မှန်းချက်(၆)ရပ် ချမှတ်
အစည်းအဝေးတွင် မြန်မာနိုင်ငံ ကလေးအလုပ် သမားပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင် အလုပ်သမား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်က မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသား အဆင့် လုပ်ငန်းစီမံချက်ကို ၂၀၁၉ ခုနှစ်မှ ၂၀၃၃ ခုနှစ်ထိ ၁၅ နှစ်ကာလ လျာထားပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၃ ခုနှစ်ထိ ပထမ(၅)နှစ်စီမံချက်ကာလအတွင်း ရည်မှန်းချက်(၆)ရပ် ချမှတ်၍ လုပ်ငန်းကော်မတီ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိ ကြောင်း။
မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေး ဆိုင်ရာ အမျိုးသားကော်မတီ၏ အတွင်းရေးမှူးအဖွဲ့ ကို ၂၀၂၁ခုနှစ် မေ ၃၁ ရက်တွင် အလုပ်သမားဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးဆောင်၍ အဖွဲ့ဝင်ရှစ်ဦးဖြင့် ပြင်ဆင်ဖွဲ့စည်းပေးပြီးဖြစ်ရာ အဖွဲ့၏လုပ်ငန်းတာဝန် များ အောင်မြင်စေရေး ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း။
အတွင်းရေးမှူးအဖွဲ့ဝင်များသည် လုပ်ငန်း ကော်မတီများ၏ အတွင်းရေးမှူးများဖြစ်သည်နှင့် အညီ အမျိုးသားအဆင့် လုပ်ငန်းစီမံချက် အကောင် အထည်ဖော်နိုင်မှုအခြေအနေကို ပြန်လည်သုံးသပ်၍ လိုအပ်သလို လမ်းညွှန်မှုပြုနိုင်ရန် အမျိုးသား ကော်မတီထံ တင်ပြရမည်ဖြစ်ကြောင်း။
ထို့ပြင် လုပ်ငန်းကော်မတီအလိုက် ဘဏ္ဍာငွေ ခန့်မှန်းတွက်ချက်မှု၊ ကာလတိုစီမံကိန်းများအတွက် ဘဏ္ဍာရေးအစီအစဉ်များနှင့် နှစ်အလိုက် ငွေစာရင်း ရှင်းတမ်းများ ဆောင်ရွက်ရာတွင် အတွင်းရေးမှူး အဖွဲ့မှ ပူးပေါင်းဆောင်ရွက်ပေးရန်လိုကြောင်း။
ပြောကြား
မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေး လုပ်ငန်းစီမံချက်ပါ အဓိကရည်မှန်းချက်ဖြစ်သော အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေမှုများ လျော့နည်း ပပျောက်စေရန်နှင့် ထိရောက်စွာ တားဆီးကာကွယ် ရန်၊ တရားဝင်အလုပ်လုပ်ကိုင်ခွင့်ရှိသော ကလေး အလုပ်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာ အကာအကွယ်ပေးရန်နှင့် အန္တရာယ်ရှိသော လုပ်ငန်း ခွင်များတွင် လုပ်ကိုင်နေသည့် ကလေးအလုပ်သမား များအား ဖယ်ရှားပြီး သင့်လျော်ကောင်းမွန်သည့် အလုပ်အကိုင်ရရှိရေးနှင့် သက်မွေးပညာကျောင်းများ တက်ရောက်နိုင်ရေးအတွက် အတွင်းရေးမှူးအဖွဲ့ဝင် များက သက်ဆိုင်ရာ လုပ်ငန်းကော်မတီအလိုက် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်နိုင် ရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အမျိုးသားကော်မတီ အတွင်း ရေးမှူးအဖွဲ့ လုပ်ငန်းတာဝန်ခံနှင့် တက်ရောက်လာ ကြသူများက ဆောင်ရွက်ချက်များကို ရှင်းလင်းတင်ပြ ကြရာ အတွင်းရေးမှူးအဖွဲ့ အဖွဲ့ခေါင်းဆောင်က တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သိရသည်။
သတင်းစဉ်