
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေး လုပ်ငန်းပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီအစည်းအဝေး ကျင်းပ
=================================================================
နေပြည်တော် ဇန်နဝါရီ ၁၀
မြန်မာနိုင်ငံ ကိုဗစ်-၁၉ ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ် ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ (COVAX National Coor- dinating Committee – CNCC) ၏ စတုတ္ထအကြိမ် လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းတွင် ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အတည်ပြုချက်ရယူသွားမည်
အစည်းအဝေးတွင် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး က ကိုဗစ်-၁၉ ကာကွယ်ဆေးများကို ခွဲဝေဖြန့်ဖြူးထိုးနှံမည့် အသေးစိတ်စီမံချက်ရေးဆွဲခြင်းသည် နက်နဲသော လုပ်ငန်း စဉ်တစ်ရပ်ဖြစ်ပြီး ယခုအခါကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန တာဝန်ရှိသူများနှင့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းနည်းပညာဆိုင်ရာ အကြံပေး အဖွဲ့ဝင်များ အားလုံးက ပေါင်းစပ်ပူးပေါင်းလုပ်ဆောင်၍ နောက်ဆုံးအဆင့်သို့ ရောက်ရှိသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိရပါကြောင်း၊ စီမံချက်အား Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီသို့ အမြန်ဆုံးတင်ပြပြီး အတည်ပြုချက် ရယူသွားမည်ဖြစ်ပါကြောင်း။
ဦးစားပေးထိုးနှံရမည့် လူအုပ်စုအမျိုးအစား ရွေးချယ် ပြီး ကာကွယ်ဆေးများကို ခွဲဝေဖြန့်ဖြူးမည့်အစီအစဉ်ကို ရေးဆွဲရာတွင် ကျွမ်းကျင်မှုပိုင်းဆိုင်ရာနှင့် နည်းပညာပိုင်း ဆိုင်ရာသာမက Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ လမ်းညွှန်ချက်၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အကြံပြုချက်၊ Gavi, the Vaccine Alliance အဖွဲ့၏ အခြေခံ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမည့်အချက်၊ အမျိုးသား အဆင့် ကာကွယ်ဆေးထိုးလုပ်ငန်း နည်းပညာဆိုင်ရာ အကြံပေးအဖွဲ့၏ အကြံပြုတိုက်တွန်းချက် စသည့် အကြောင်းအချက်များစွာကို ဘက်စုံခြုံငုံစဉ်းစား၍ ရေးဆွဲ ထားခြင်းလည်း ဖြစ်ပါကြောင်း။
ချိန်သားကိုက် စီမံဆောင်ရွက်ထားပြီးဖြစ်
လက်တွေ့ ကာကွယ်ဆေးထိုးနှံရာတွင်လည်း ပြည်သူ့ကျန်းမာရေးအပိုင်း၊ ကုသရေးအပိုင်းနှင့် ဆက်စပ် ပစ္စည်းများ သယ်ယူပို့ဆောင်သိုလှောင်ကာ စနစ်တကျ သယ်ယူပို့ဆောင်ရေးအပိုင်းတို့ကို ချိန်သားကိုက် စီမံဆောင် ရွက်ထားပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း၊ အရေးအကြီး ဆုံးအချက်မှာ ကိုဗစ်-၁၉ ကာကွယ်ဆေးအမျိုးမျိုးအလိုက် သတ်မှတ်အပူချိန်တွင် စနစ်တကျ ထိန်းသိမ်းထားသိုနိုင်ရန် နှင့် သယ်ယူပို့ဆောင်နိုင်ရန် စီမံထားပြီးဖြစ်သည်ကို တွေ့ရှိရပါကြောင်း။
မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးနှံမည့်နေရာများကို သတ်မှတ်ရွေးချယ်ပြီး စနစ်တကျပြင်ဆင်ဆောင်ရွက်ခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးနောက် ဖြစ်ပွားတတ်သော နောက်ဆက်တွဲဖြစ်ရပ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့်ပတ်သက်၍ အသိပညာပေးခြင်း၊ ကာကွယ် ဆေးထိုးပြီး ပြင်းထန်သော နောက်ဆက်တွဲဖြစ်ရပ်များ ဖြစ်ပွားပါကလည်း စနစ်တကျ လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် ခြင်း စသည့်လုပ်ငန်းများကို ဘက်စုံဆောင်ရွက်ရန်အတွက် ယနေ့အစည်းအဝေးမှ ထွက်ပေါ်လာမည့် အကြံပြုချက်
များကို အလေးထား၍ ထည့်သွင်းပြုလုပ်ရမည် ဖြစ်ပါ ကြောင်း။
ထို့အပြင် ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေး လူအုပ်စုများကို ရွေးချယ်ရာ၌ ပြည်သူ့ကျန်းမာရေး ရှုထောင့်၊ ကပ်ရောဂါဗေဒရှုထောင့်နှင့် ကိုဗစ်-၁၉ ရောဂါ၏ ထူးခြားသော သဘောသဘာဝရှုထောင့်များအပြင် အခြား နှီးနွှယ်သည့် ရှုထောင့်မျိုးစုံကိုလည်း ထည့်သွင်းစဉ်းစားရန် လိုသည်ဆိုသည့်အချက်ကို မိမိတို့သတိပြုရမည် ဖြစ်ပါ ကြောင်း။
စီမံခန့်ခွဲပို့ဆောင်မှုစနစ်ဖြစ်
Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ဤကိစ္စနှင့်ပတ်သက်၍ လမ်းညွှန်ခဲ့သည့်အချက်များကို လည်း အထူးဦးစားပေးဆောင်ရွက်ထားသည်ကို တွေ့ရှိရပါ ကြောင်း၊ ရရှိလာမည့် ကာကွယ်ဆေးအရေအတွက်နှင့် အဆင့်ဆင့်ရရှိမည့် အချိန်အပေါ်မူတည်၍ ဦးစားပေး ထိုးနှံမည့်လူအုပ်စုများနှင့် အစီအစဉ်ကို ရွေးချယ်ဆုံးဖြတ် ရသည်ဖြစ်ပါကြောင်း၊ ဤကာကွယ်ဆေးထိုးနှံမှု အောင်မြင် ရန်အတွက် အရေးအကြီးဆုံးအချက်မှာ ကောင်းမွန်သည့် ကာကွယ်ဆေးပစ္စည်း စီမံခန့်ခွဲပို့ဆောင်မှုစနစ်ဖြစ်ပါ ကြောင်း၊ ပြောင်းလဲနေသည့် အခြေအနေနှင့်အတူ ထိုးနှံ သည့် လူအုပ်စုနှင့် နေရာဒေသများ ပြောင်းလဲခြင်းကြောင့် မမျှော်လင့်သည့် အခြေအနေဖြစ်ရပ်များ ပေါ်ပေါက်လာ ပါကလည်း ချက်ချင်းတုံ့ပြန်ဆောင်ရွက်နိုင်ရေး အစီအမံများ ပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
ပြည်သူများကို ကာကွယ်ဆေးနှင့်ပတ်သက်၍ သိရှိ နားလည်မှုရှိရန် အချက်များနှင့် အသိပေးရှင်းလင်း ပြောကြားမှုများကိုလည် ရက်ပိုင်းအတွင်း စတင်ကာ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံခြင်းမှာ ယခင်ဝန်ကြီးဌာနက ထိုးနှံတိုက်ကျွေးနေသည့် ရောဂါကာကွယ်ဆေး ၁၃ မျိုး ထိုးနှံတိုက်ကျွေးသည်နှင့်မတူဘဲ အလွန်နက်နဲ သိမ်မွေ့ပါ ကြောင်း၊ မိမိတို့ ဝန်ကြီးဌာနအနေဖြင့် Coronavirus Disease (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်ကို နောက်ခံထား၍ အတတ်နိုင်ဆုံး၊ အကောင်းဆုံးဆောင်ရွက် မည်ဖြစ်ပါကြောင်း ပြည်သူများအနေဖြင့်လည်း ဤအချက် များကို သိရှိနားလည်ပေးစေလိုပါကြောင်း ပြောကြား
သည်။
ထို့နောက် ညွှန်ကြားရေးမှူး (တိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်း) ဒေါက်တာထားထားလင်းက ကိုဗစ်-၁၉ ကာကွယ်ဆေးကို အကန့်အသတ်ဖြင့်သာ ထုတ်လုပ်နိုင် ချိန်တွင် ရရှိနိုင်သောအရေအတွက်အတွင်း အထိရောက်ဆုံး သုံးစွဲနိုင်ရန် အခြားနိုင်ငံများနည်းတူ ရောဂါကူးစက် နိုင်ခြေ အမြင့်မားဆုံးအုပ်စုကို ရောဂါကူးစက်ပြန့်ပွားမှုမှ ကာကွယ် နိုင်ရန်နှင့် သေဆုံးမှုကိုလျှော့ချရန်၊ ရောဂါကူးစက် ပျံ့နှံ့မှုကို ထိန်းချုပ်၍ ပုံမှန်လုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်စေရန်ရည်ရွယ်ကာ ကာကွယ်ဆေးရရှိမှုအပေါ် မူတည်၍ အဆင့်ဆင့် တိုးချဲ့ထိုးနှံသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ ခုနှစ်အတွင်း လူထုအတွင်း ရောဂါ ကာကွယ်နိုင်မှုနှုန်းရရှိရန် အသက်(၁၈)နှစ်အထက် ရှိသည့် နိုင်ငံသားအားလုံး၊ မြန်မာနိုင်ငံလူဦးရေ၏ (၆၇ ဒသမ ၉) ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားမည်ဖြစ် ကြောင်းနှင့် ကာကွယ်ဆေးထိုးပေးရန် ဦးစားပေးအစီအစဉ် အပေါ် အမျိုးသားအဆင့် ကာကွယ်ဆေးထိုးလုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့၏ ဆွေးနွေးအကြံပြုချက်များအား တင်ပြ သည်။
စီစဉ်ဆောင်ရွက်ထားရှိ
ဆက်လက်၍ ညွှန်ကြားရေးမှူး (ကျန်းမာရေးသတင်း စနစ်နှင့် စီမံခန့်ခွဲမှု) ဒေါက်တာစန်းဟုန်က ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးလုပ်ငန်း ပြင်ဆင်ခြင်းအနေဖြင့် Master List နှင့် Due List များ ပြုစုခြင်း၊ အချိန်နှင့်တစ်ပြေးညီ သတင်းအချက်များ ကောက်ယူပေးပို့ခြင်း၊ သုံးသပ်ခြင်း၊ ကြီးကြပ်ခြင်းနှင့် စီမံ ခန့်ခွဲခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် Master Patient Index Software နှင့် DHIS 2 Software များ အသုံးပြုရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း တင်ပြသည်။
ယင်းနောက် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစိုးလွင်ငြိမ်း က တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းအနေဖြင့် ကာကွယ် ဆေးများရောက်ရှိလာပါက စနစ်တကျ ထိုးနှံပေးနိုင်ရန် နည်းပညာအရ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်းနှင့် အသုတ်လိုက် ရောက်ရှိလာမည့် ကာကွယ် ဆေးများကို ဦးစားပေးအုပ်စုအလိုက် စနစ်တကျ ထိုးနှံပေး နိုင်ရန် အသေးစိတ်အစီအစဉ်များ စနစ်တကျရေးဆွဲပြင်ဆင် ထားရန် ဆွေးနွေးသည်။
ထို့နောက် တက်ရောက်လာကြသူများက ဝိုင်းဝန်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်