မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၆/၂၀၂၃)

 

၁။    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်  ၂၀၂၃  ခုနှစ်၊  မေလ ၃ ရက်နေ့၊  မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လပြည့်နေ့တွင်  ကျရောက်သည့်  ကဆုန်လပြည့်ဗုဒ္ဓနေ့  အထိမ်းအမှတ်အားဖြင့် လည်းကောင်း၊  ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့်   လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၁/ ၂၀၂၃ ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင်  ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅ - က အရ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ သူ ၂၁၅၃ ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ   ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ပါသည်။
၂။    ထို့ပြင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ အမိန့်အမှတ် ၃၂/ ၂၀၂၃ ဖြင့် အကျဉ်းထောင်အသီးသီး တွင် သေဒဏ်ချမှတ်ခြင်းခံထားရသော အကျဉ်းသား/ သူ ၃၈ ဦးကို ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (က) အရ ချမှတ်ထားသည့် သေဒဏ် ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ပြု ၍ ထောင်ဒဏ်တစ်သက်သို့ ပြောင်းလဲကျခံစေခဲ့ပါသည်။
၃။    ဤဆောင်ရွက်မှုသည် လူ့အခွင့်အရေးဆိုင်ရာ  အပြုသဘောဆောင်သော  ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အကျိုးဆက်အဖြစ် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူများသည် မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရ ကြပြီး သေဒဏ်လွတ်ငြိမ်းခွင့် ရကြသူများအနေဖြင့်လည်း အသက်ရှင်သန်ခွင့် ရရှိကြပါသည်။ သို့ဖြစ်ပါ၍ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်အနေဖြင့် သက်ဆိုင်ရာ မိသားစုဝင်များနှင့် ထပ်တူလွန်စွာ ဝမ်းမြောက် ပီတိဖြစ်ရပါသည်။
၄။    အလားတူ    အပြုသဘောဆောင်သော   ခြေလှမ်းများကို   ဆက်လက်လုပ်ဆောင်သွားမည်ဟု ကော်မရှင်အနေဖြင့် မျှော်လင့်ပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။ ၂၀၂၃ ခုနှစ်၊ မေလ ၄ ရက်