မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်

 

မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင်
သတင်းထုတ်ပြန်ချက်အမှတ် (၁/၂၀၂၃)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည်  ၂၀၂၃  ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်  ကျရောက်သည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်နေ့အားဖြင့် လည်းကောင်း၊ ပြည်သူလူထု နှလုံး စိတ်ဝမ်း အေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာ ထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို   နားလည်စေရန်    ရှေးရှုသောအားဖြင့်လည်းကောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊   အမိန့်အမှတ်   ၁/၂၀၂၃  ဖြင့် အကျဉ်းထောင်/ အချုပ်ထောင်/ စခန်းအသီးသီးတွင် ပြစ်ဒဏ်ကျခံ လျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူ စုစုပေါင်း   ၇၀၁၂  ဦးတို့ကို ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကို လျှော့ပေါ့၍  လွတ်ငြိမ်းခွင့်ပြု ခြင်းနှင့်  အမိန့်အမှတ် ၂/၂၀၂၃ ဖြင့် ၄-၁-၂၀၂၃  ရက်နေ့မတိုင်မီ လူသတ်မှု၊   မုဒိမ်းမှု၊   ပေါက်ကွဲစေတတ်သော   ဝတ္ထုပစ္စည်းများ အက်ဥပဒေအရ ပြစ်မှုများ၊ မတရားအသင်းများ အက်ဥပဒေအရ ပြစ်မှုများ၊ ၁၈၇၈ ခုနှစ် လက်နက်များအက်ဥပဒေ ပုဒ်မ ၁၉ (စ) အရ ပြစ်မှုများ၊ ၁၉၄၉ ခုနှစ် လက်နက် (အရေးပေါ်  ပြစ်ဒဏ်စီရင်မှု) (ယာယီ) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၅၁ ခုနှစ် လက်နက် (ယာယီ ပြင်ဆင်ချက်) အက်ဥပဒေအရ ပြစ်မှုများ၊ ၁၉၂၄ ခုနှစ် ရှမ်းပြည်နယ် လက်နက် အမိန့်အရ ပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေသော  ဆေးဝါးများဆိုင်ရာ  ဥပဒေအရ   ပြစ်မှုများ၊  သဘာဝ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ ပြစ်မှုများ၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ ပြစ်မှုများနှင့် အဂတိလိုက်စားမှုတိုက်ဖျက် ရေး ဥပဒေအရ ပြစ်မှုများမှအပ တည်ဆဲဥပဒေတစ်ရပ်ရပ်အရ ပြစ်မှု တစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဉ်းသူများအား  ကျခံနေရသော ပြစ်ဒဏ်၏ ခြောက်ပုံတစ်ပုံကို လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းတို့ ပေးခဲ့ပါသည်။ 
ဤကဲ့သို့   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လူသား ချင်းစာနာထောက်ထားမှုဖြင့်  ဆောင်ရွက်ပေးမှုသည် လျော်ကန် သင့်မြတ်သော လုပ်ဆောင်ချက်များ ဖြစ်ပါသည်။ ပြစ်ဒဏ်လွတ်ငြိမ်း ချမ်းသာခွင့်ရရှိသူများအနေဖြင့်  သက်ဆိုင်ရာ   မိသားစုဝင်များနှင့် ပြန်လည်ပေါင်းစည်းခွင့်ရရှိသည့်အတွက်  ဝမ်းမြောက်ပီတိဖြစ်ကြ မည်မှာ အသေအချာပင်ဖြစ်ပါသည်။  
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်နှင့် ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်ရရှိသူများသည် နိုင်ငံတော်၏   မေတ္တာ၊   စေတနာကို   အလေးထားပြီး အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်      ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးအတွက် ဥပဒေဘောင်အတွင်းမှ တစ်တပ်တစ်အား ပါဝင်ဆောင်ရွက်ရာတွင် များစွာအထောက်အကူပြုမည်ဟု ကော်မရှင် အနေဖြင့် ယုံကြည်ကြောင်း ဖော်ပြအပ်ပါသည်။
                  မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်
ရက်စွဲ။၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်