
နေပြည်တော် ဒီဇင်ဘာ ၂၃
မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့် ကာယပညာဦးစီးဌာန အရာထမ်းများ ပါဝင်ဖွဲ့စည်းထား ရှိရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော်ဝဏ္ဏသိဒ္ဓိဘောလုံးကွင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။ ရှေးဦးစွာ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က ဒုတိယဝန်ကြီး ညွှန်ကြားချက်ဖြင့် မြန်မာနိုင်ငံ အားကစားအဖွဲ့ချုပ်များ တွင် ဒုတိယညွှန်ကြားရေးမှူး အထက်အရာထမ်းများအား တစ်ဦးလျှင်အဖွဲ့ချုပ်တစ်ခုစီ၌ တာဝန်ပေးအပ်သွားမည် ဖြစ်ပါကြောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အားကစားအဖွဲ့ချုပ်များတွင် ၂၀၁၅ ခုနှစ် နှစ်ပိုင်းမှစ၍ ညွှန်ကြားရေးမှူးနှင့်အထက် အရာထမ်း ၁၃ ဦးကို အားကစားအဖွဲ့ချုပ်အသီးသီး၌ ဒုတိယဥက္ကဋ္ဌများအဖြစ် ဖွဲ့စည်းပြီးတာဝန်ပေးအပ်ခဲ့ပြီး ဖြစ်ပါကြောင်း။
ကဏ္ဍအလိုက်ဆွေးနွေး
ယခုလက်ရှိအချိန်၌ မြန်မာနိုင်ငံတွင် အားကစား အဖွဲ့ချုပ် ၄၄ ဖွဲ့ရှိပါကြောင်း၊ အတည်ပြုမိန့်ထုတ်ပြန်ရန် ကျန်ရှိသည့် ရေကူး၊ ဝူရှူး၊ ခြေလျင်တောင်တက်အဖွဲ့ချုပ် သုံးဖွဲ့ကျန်ရှိပါကြောင်း၊ အားကစားအဖွဲ့ချုပ် ၄၁ ဖွဲ့ကို အတည်ပြုခွင့်ပြု ပြီးဖြစ်ပါကြောင်း၊ အားကစားအဖွဲ့ချုပ် ၄၁ ဖွဲ့တွင် အားကစားနည်း ၂၅ နည်း၌ အားကစားနှင့် ကာယပညာဦးစီးဌာနရှိ ဝန်ထမ်း ၁၇ ဦးရှိပါကြောင်း၊ ကျန်ရှိသည့်အဖွဲ့ချုပ်များတွင် တာဝန်ပေးအပ်ရန်အတွက် သင့်တော်သူများကို ဝိုင်းဝန်းဆက်လက်ဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။ ယင်းနောက် အားကစား နှင့် ကာယပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးထွန်းမြင့်ဦး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော် ဆန်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့က ကဏ္ဍအလိုက်ဆွေးနွေးတင်ပြကြသည်။
တာဝန်ပေးအပ်မည့်သူများလျာထား
ထို့နောက် အစည်းအဝေးတက်ရောက်လာကြသော ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ညွှန်ကြားရေးမှူးများ က အားကစားအဖွဲ့ချုပ်များတွင် အားကစားနှင့် ကာယ ပညာ ဦးစီးဌာန ဝန်ထမ်းများအား ရာထူးသတ်မှတ်ချက်ထက် အမှန်တကယ် တတ်ကျွမ်းနားလည်သူ၊ အဖွဲ့ချုပ်များနှင့် ဆက်ဆံမှုကောင်းမွန်သူ၊ အဖွဲ့ချုပ်များတွင် တွဲဖက်အတွင်း ရေးမှူး(သို့) အတွင်းရေးမှူး ခန့်အပ်နိုင်ရေးကိစ္စရပ်များ၊ တာဝန်ပေးသူများအား သတ်သတ်မှတ်မှတ်မူဝါဒလမ်းညွှန် မှုများ ပေးနိုင်ရေးကိစ္စရပ်များ၊ အားကစားအဖွဲ့ချုပ်များနှင့် အားကစားနှင့် ကာယပညာဦးစီးဌာန အပတ်စဉ်(သို့)လစဉ် တွေ့ဆုံညှိနှိုင်းအစည်းအဝေးပြုလုပ်နိုင်ရေး ကိစ္စရပ်များ ဝိုင်းဝန်းဆွေးနွေးကြကာ ထိုအဖွဲ့ချုပ်အလိုက် တာဝန် ပေးအပ်မည့် ဝန်ထမ်းအရာရှိများကို ဝိုင်းဝန်းဆွေးနွေး လျာထားခဲ့ကြပြီး ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်