
မန္တလေး ဧပြီ ၁၇
ယနေ့ကျရောက်သော နှစ်သစ် ကူးပြောင်းသည့် မြန်မာ့နှစ်ဆန်း (၁)ရက်နေ့တွင် မန္တလေးမြို့ပေါ်ရှိ ဘုရား၊ စေတီ၊ ပုထိုးများ၊ မြို့နယ်၊ ရပ်ကွက်များ၌ သံယာ တော်များအား ဆွမ်းဆက်ကပ် လှူဒါန်းကြသူများ၊ သီတင်း သီလ ဆောက်တည်ကြသူများ နှင့် ဇီဝိတဒါန ဘေးမဲ့လွှတ် ကြသူများဖြင့် စည်ကားလျက် ရှိသည်။
ယနေ့ နံနက်အာရုံတက်မှစ၍ မဟာမုနိရုပ်ပွားတော်မြတ်အား မျက်နှာသစ်တော် ဝတ်အဖွဲ့မှ မျက်နှာသစ်တော်မူပြီး မန္တလေး ဒေသခံပြည်သူများနှင့် အနယ်နယ် အရပ်ရပ်မှ ဘုရားဖူးလာပြည်သူ များက ရွှေသင်္ကန်းကပ်လှူခြင်း၊ ပန်း၊ ဆီမီးပူဇော်ခြင်း၊ ရေသပ္ပါယ် ခြင်း၊ ရုပ်ပွားတော်မြတ်ကြီး ပရိဝုဏ်အတွင်းရှိ ငါးကန်တွင် ဇီဝိတဒါန ငါးလွှတ်ခြင်း၊ အစာ ကျွေးခြင်း စသည့် ကောင်းမှု အစုစုတို့ကို ယဉ်ကျေးမှု ဓလေ့ ထုံးတမ်း စဉ်လာမပျက် ထိန်းသိမ်း စောင့်ရှောက်လျက် ကုသိုလ် ဘာဝနာ ပွားများကြသူများ ဖြင့် စည်းကားလျက်ရှိသည်။
ထို့ပြင် အောင်တော်မူ မြတ်စွာ ဘုရား၊ ရွှေကျီးမြင်ဘုရား၊ ဘုရားနီ ဘုရား၊ စွယ်တော်မြတ်စေတီ၊ မန္တလေးတောင်၊ ကုသိုလ်တော်၊ စန္ဒမုနိဘုရား၊ ကျောက်တော်ကြီး ဘုရား၊ ကျောက်စိမ်းစေတီတော် စသည့် ဘုရားတို့တွင်လည်း ဘုရားဖူးလာ ပြည်သူများဖြင့် စည်ကားလျက်ရှိရာ စေတနာရှင် အလှူရှင်များမှလည်း စတုဒိသာ အကျွေးအမွေးများဖြင့် ဧည့်ခံခဲ့ ကြသည်။
မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ ဌာနဆိုင်ရာများနှင့် လူမှု ရေး အသင်းအဖွဲ့များကလည်း တိရစ္ဆာန်များအား ဘေးမဲ့လွှတ် ခြင်း၊ ဇီဝိတဒါနငါးလွှတ်ခြင်း နှင့် သက်ကြီးဘိုးဘွားများအား တစ်ကိုယ်ရေသန့်ရှင်းမှု ပြုလုပ် ပေးခြင်း၊ ကန်တော့ခြင်း၊ ဂါရဝါပြု အလှူပစ္စည်းများထောက်ပံ့ခြင်း စသည့် ကုသိုလ်ဒါနများကိုလည်း ပြုလုပ်ခဲ့ကြသည်။
ညနေပိုင်းတွင် မန္တလေးမြို့ အတွင်းရှိ ရပ်ကွက်များ၊ လမ်းများ၊ ဓမ္မာရုံများ၌ ဆရာတော်၊ သံဃာ တော်များပင့်ဖိတ်၍ အန္တရာယ် ကင်း ပရိတ်တရားတော်များ၊ ကမ္မဝါစာများ နာကြားကြကာ နှစ်သစ်တွင် မကောင်းမှုကင်းစင်၍ ကောင်းမှု မင်္ဂလာများ တိုးပွားစေ ရန် ကုသိုလ်ပွားများကြကာ မြန်မာ့နှစ်ဆန်းတစ်ရက် နှစ်သစ် မင်္ဂလာ အခါသမယနေ့တွင် မန္တလေးမြို့တော် တစ်ခွင်လုံး၌ ကုသိုလ်ကောင်းမှုပြုသူများဖြင့် စည်ကားလျက်ရှိသည်။
မောင်အေးချမ်း