မြန်မာ့မီးရထားအနေဖြင့် ခရီးသွားလာမှု အဆင်ပြေစေရေးနှင့် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် လူစီးရထားနှင့် ကုန်ရထားများပြေးဆွဲ

 

နေပြည်တော်   ဇူလိုင်   ၈ 


မြန်မာ့မီးရထားက   ပြည်သူများ  ခရီးသွားလာမှု  လွယ်ကူအဆင်ပြေ စေရေးနှင့် ကုန်စည်များပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ရထားလမ်းပိုင်းအသီးသီးတွင်   လူစီးရထားများ  ပြေးဆွဲပေးခြင်းကို  ကျန်းမာရေးနှင့်   အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်နှင့်အညီ ဘူတာအဝင်နှင့်  ရထားများပေါ်တွင် ခရီးသည်များ၏ ကိုယ်အပူချိန် တိုင်းတာခြင်း၊ ဘူတာအဝင်ရှိ လက်ဆေးခုံများတွင် လက်ဆေးစေခြင်း၊ Mask တပ်ပြီး ဘူတာအတွင်းနှင့် ရထားပေါ်သို့ တက်ရောက်စေခြင်း၊ Social Distancing အတွက် တွဲများပေါ်တွင် နှစ်ယောက်ထိုင်နိုင်သော ထိုင်ခုံ  တစ်ခုံ၌   ခရီးသည်  တစ်ဦးသာ  ရောင်းချစေခြင်း၊ သတ်မှတ် ခရီးသည်ဦးရေမှအပ ထိုင်ခုံမဲ့ လုံးဝမရောင်းစေခြင်းတို့ကို စီစဉ်ဆောင် ရွက်ပေးလျက်ရှိသည်။


နေ့စဉ် စုန်/ဆန် စီစဉ်ပြေးဆွဲ


ရထားခရီးစဉ်များအနေဖြင့်       ရန်ကုန်မြို့ပတ်လမ်းပိုင်းတွင် မြို့ပတ်ရထား နေ့စဉ် ၁၂ ခေါက် ပြေးဆွဲပေးလျက်ရှိပြီး အင်းစိန်- ဥက္ကံ လမ်းပိုင်းတွင် အမှတ်(၆၅)အဆန် ၊ (၆၆)အစုန် RBE ရထား၊ မန္တလေး- ကန့်ဘလူ လမ်းပိုင်းတွင် အမှတ်(၅၃)အဆန်၊ (၅၄)အစုန် RBE ရထား၊ ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၁)အဆန်၊ (၂)အစုန် စာပို့ရထား၊ ရန်ကုန်-ပဲခူးလမ်းပိုင်းတွင် အမှတ် (၁၃) အဆန် ၊  (၁၄)အစုန်  RBE ရထား၊ ပျဉ်းမနား- တောင်တွင်းကြီး လမ်းပိုင်းတွင် အမှတ်(၁၀၃) အဆန်၊ (၁၀၄)အစုန် လူစီးကုန်တင်ရထား၊ ဟင်္သာတ-ကြံခင်းလမ်းပိုင်း တွင်  အမှတ်(၁၈၉) အဆန်၊  (၁၉၀) အစုန်  လူစီးကုန်တင်ရထား၊ သာစည်- မြင်းခြံလမ်းပိုင်းတွင်   အမှတ်(၁၁၁)အဆန်၊ (၁၁၂) အစုန် လူစီးကုန်တင်ရထားများနေ့စဉ် စုန်/ဆန် စီစဉ်ပြေးဆွဲလျက်ရှိသည်။ 


ထို့နည်းတူ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် အမှတ်(၈၉)အဆန်၊ (၉၀)အစုန် လူစီးအမြန်ရထား၊ ရန်ကုန်-ပြည်လမ်းပိုင်းတွင် အမှတ်(၆၃)အဆန်၊ (၆၄) အစုန်စာပို့ရထားများ အဆန် တစ်ရက် အစုန် တစ်ရက် ပြေးဆွဲပြီး တစ်ရက်နားစနစ်ဖြင့် စီစဉ်ပြေးဆွဲပေးလျက်ရှိသည်။ 


ရန်ကုန်-နေပြည်တော်လမ်းပိုင်းတွင်  အမှတ်(၇) အဆန်၊ (၈)အစုန် လူစီးအမြန်ရထား၊  ပုသိမ်-ဟင်္သာတလမ်းပိုင်းတွင်  အမှတ် (၁၈၇)အဆန်၊ (၁၈၈) အစုန် လူစီးကုန်တင်ရထား၊ မော်လမြိုင်- ရေးလမ်း ပိုင်းတွင် အမှတ်(၁၇၁)အဆန်၊(၁၇၂)အစုန် လူစီးကုန်တင်ရထား၊ ပုဂံ-မန္တလေးလမ်းပိုင်းတွင်   အမှတ်(၁၁၇) အဆန်၊  (၁၁၈) အစုန် လူစီး ကုန်တင်ရထားများ အဆန်(၁)ရက် အစုန်(၁)ရက်ဖြင့် စီစဉ်ပြေးဆွဲ ပေးလျက်ရှိသည်။


ထို့ပြင် ရန်ကုန်-မန္တလေးလမ်းပိုင်းတွင် အမှတ်(၁) အဆန်(၂)အစုန် စာပို့ရထားကို  ပါဆယ်တွဲနှင့်   ကုန်တွဲများချိတ်ဆက်လျက်   နေ့စဉ် စုန်/ဆန်ပြေးဆွဲပြီး ပါဆယ်နှင့် ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ပေး ခြင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ကျောက်အမျိုးမျိုးကို ကျောက်ရထား များဖြင့် သိမ်ဇရပ်- ဇင်းကျိုက်တို့မှ မလွှကုန်းအထိ ပို့ဆောင်ပြေးဆွဲ ပေးခြင်းနှင့် ကုန်ပစ္စည်းတင်ပို့ရန် တွဲတောင်းခံလာမှုအပေါ် မူတည်၍ အခါအားလျော်စွာ ကုန်ရထားများ ဖွဲ့ဆင်ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။                               

သတင်းစဉ်