ဇင်ဦး၊ ဟိန်းထက်ဇော်၊ ဓာတ်ပုံ - ဇော်ဦး
နေပြည်တော် ဥပ္ပါတသန္တိစေတီတော်ရှေ့ တပေါင်းကွင်း၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး/ပြည်နယ်များအလိုက် ပြခန်းများ၊ အလှပြယာဉ်များနှင့် ဈေးအရောင်းပြခန်းများအား တတိယနေ့အဖြစ် ဆက်လက်ပြသလျက်ရှိရာ တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အကအလှများ၊ ရိုးရာအစားအသောက်များအား လာရောက်လေ့လာ ကြည့်ရှုဝယ်ယူကြသူများဖြင့် စည်ကားနေသည်။
မြန်မာ့ရေ၊ မြန်မာ့မြေ၊ မြန်မာ့အချုပ်အခြာ အာဏာနှင့် ကိုယ်ပိုင်လွတ်လပ်ခွင့်ကို ရရှိခဲ့သည်မှာ ယခုအခါ ၇၅ နှစ်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ရာ လွတ်လပ်ရေးနေ့ အမှတ်တရဂုဏ်ပြုစကားအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးတင်သန်းဝင်းက “(၇၅) နှစ်မြောက် လွတ်လပ်ရေး နေ့ အမှတ်တရစကားအနေနဲ့ကတော့ ဗိုလ်ရှုခံမှာ ပြသလှုပ်ရှားကြတဲ့ အဖွဲ့တွေ မြင်လိုက်ရတဲ့အခါမှာ လွတ်လပ်ရေးရဲ့တန်ဖိုး၊ အရသာကို တကယ့်ကို ရင်ထဲအသည်းထဲမှာ လှိုက်လှိုက်လှဲလှဲ ခံစားရပါ တယ်။ ဒီလွတ်လပ်ရေးကို ဘယ်နည်းနဲ့မှ အဆုံးရှုံး မခံနိုင်တော့ဘူး။ ဒါကြောင့် မြန်မာ့လွတ်လပ်ရေးကြီး (၇၅) နှစ်မှသည် ရာပြည့်အလီလီ ကမ္ဘာတည်သရွေ့ တိုင်အောင် တည်တံ့ခိုင်မြဲပါစေလို့ ဆုတောင်းစကား ပါးလိုက်ချင်ပါတယ်” ဟု ပြောကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး ပြခန်းနှင့် ပြခန်းယာဉ် များပြသနေမှုနှင့် ပတ်သက်၍ “စစ်ကိုင်းတိုင်းဒေသ ကြီးပြခန်းမှာတော့ တိုင်းဒေသကြီးရဲ့ ဖွံ့ဖြိုးတိုးတက် မှုတွေ၊ သမိုင်းအစဉ်အလာရှိခဲ့တဲ့ အလောင်းမင်း တရားကြီး ဦးအောင်ဇေယျရဲ့ သမိုင်းကြောင်းတွေကို ပေါ်လွင်အောင် ပြသထားပါတယ်။ အလှပြယာဉ် မှာတော့ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်တဲ့ ကောင်းမှုတော်စေတီ ပုံစံငယ်တွေ၊ အလောင်းမင်းတရား နန်းတော်ကြီးကနေ အစချီပြီး ကျောက်ခေတ်၊ သံခေတ်၊ ကြေးခေတ်ကစတဲ့ လူသား ယဉ်ကျေးမှုတွေကို ဖော်ပြတဲ့ ဟန်လင်းရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရဲ့ အကြောင်းတွေ ပြသထား ပါတယ်” ဟု ၎င်းက ပြောကြားသည်။
ကရင်ပြည်နယ် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုကလည်း (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကရင်ပြည်နယ် ကိုယ်စားပြုပြခန်းနှင့် ကရင်တိုင်းရင်းသားရိုးရာ အစားအစာအရောင်းပြခန်းတို့နှင့် ပတ်သက်၍ ပြောကြားရာ “ကျွန်တော်တို့ ဂုဏ်ပြုယာဉ်မှာ ကရင်ပြည်နယ် အထိမ်းအမှတ် ဖားစည်၊ ကျွဲချိုကို အဓိကထားပြီး ပြသထားတာဖြစ်ပါတယ်။ နောက်ခံ အနေနဲ့ ကရင်ပြည်နယ်ရဲ့ အထင်ကရ ဇွဲကပင်တောင် ကို ဖော်ညွှန်းပြသထားတာဖြစ်ပါတယ်။ ဒါ့အပြင် ကရင်ပြည်နယ်ရဲ့ အကအလှတွေ သဘာဝရှုခင်းတွေ နဲ့ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ပြသထား ပါတယ်။ ပြခန်းမှာ ကရင်တိုင်းရင်းသားမျိုးနွယ်စု၊ ကရင်ရိုးရာတူရိယာ၊ အဆက်ဆက်တာဝန် ထမ်းဆောင်ခဲ့ကြတဲ့ ပြည်နယ်အကြီးအကဲတွေရဲ့ ပုံတွေ၊ ကရင်ရိုးရာအိမ်၊ ကရင်ရိုးရာဂျပ်ခုတ်အထည် တွေကို လက်တွေ့လုပ်ဆောင်နေတာကို ပြသထား ပါတယ်” ဟု ပြောကြားသည်။
(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမှတ်တရစကားအနေဖြင့် “နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မိန့်ခွန်းမှာပြောကြားသွားတဲ့ ငြိမ်းချမ်းရေး ကို အဓိကလိုလားပါတယ်။ (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့ကို ပါဝင်ဆင်နွှဲကြတဲ့ တိုင်းဒေသ ကြီး၊ ပြည်နယ်အသီးသီးရဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုတွေနဲ့ အကအလှတွေဟာ ငြိမ်းချမ်းရေးရဲ့ အသီးအပွင့်တွေဆိုတာ ခံစားသိမြင်ခွင့်ရတဲ့အတွက် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက လူငယ်တွေ ကိုယ်စား ကျေးဇူးတင်ဝမ်းမြောက်ပါတယ်။ နှစ်သစ်ကူးအနေနဲ့ ၂၀၂၃ မှာ ကရင်ပြည်နယ်နဲ့တကွ တစ်နိုင်ငံလုံး အေးချမ်းသာယာပါစေကြောင်း ဆုမွန် ကောင်းတောင်းအပ်ပါတယ်”ဟု ၎င်းက ပြောကြား သည်။
ထို့အတူ ရှမ်းပြည်နယ်ကိုယ်စားပြု ပြခန်းပြသ မှုနှင့် ပတ်သက်၍လည်း ရှမ်းပြည်နယ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက “ရှမ်းပြည်နယ်မှာ တိုင်းရင်းသားလူမျိုးစု ၃၃ မျိုး လောက်ရှိတဲ့အတွက် တိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ ဝတ်စားဆင်ယင်မှု အသုံးအဆောင် ပစ္စည်းတွေကို (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ် ရေးနေ့ပြခန်းမှာ ခင်းကျင်းပြသပါတယ်။ ရှမ်းပြည် နယ်ကိုလာတဲ့ နိုင်ငံခြားသားခရီးသွားဧည့်သည် အတွက် လူထုအခြေပြု ခရီးသွားလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့အခါမှာ တိုင်းရင်းသားတွေ ရဲ့ဓလေ့စရိုက်တွေကို သိရှိဖို့အတွက် ပုံစံတူတွေနဲ့ ခင်းကျင်းပြသထားပါတယ်။ အထူးခြားဆုံး ပြကွက် ကတော့ အင်းလေးဒေသမှာရှိတဲ့ ကြာချည်လုပ်ငန်း ဖြစ်ပါတယ်။ ကြာချည်လုပ်ငန်းဟာဆိုရင် တစ်နိုင်ငံ လုံးမှာမှ အင်းလေးဒေသမှာပဲ ထုတ်လုပ်ပါတယ်။ ကြာချည်နဲ့ သင်္ကန်းတွေ၊ ကြာချည်ထည်တွေ၊ ကြာနဲ့ ပိုးရောပြီးတော့ ရက်လုပ်ပြီး ထုတ်လုပ်တာရှိပါတယ်။ ကုန်ထုတ်လုပ်မှုလုပ်ငန်းအနေနဲ့ ပင်းပက် သံမဏိ စက်ရုံက သံရိုင်းတွေကို ရထားလမ်းကတစ်ဆင့် မြင်းခြံသံမဏိစက်ရုံကိုပို့တဲ့ ပုံစံငယ်တွေလည်း ပြသ ထားပါတယ်။ ရှမ်းပြည်နယ်မှာ အများဆုံးထွက်တဲ့ သီးနှံတွေ၊ မက္ကဒေးမီးယား၊ ကော်ဖီ၊ ထောပတ်၊ နေကြာနဲ့ ပြည်ပပို့ကုန်ဖြစ်တဲ့ ပြောင်းတိုးချဲ့စိုက်ပျိုး ထုတ်လုပ်မှု အခြေအနေတွေကိုလည်း ပြသထား ပါတယ်”ဟု ပြောကြားသည်။
ပြခန်းယာဉ်ပြသရာတွင်လည်း မြန်မာနိုင်ငံ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် ခေါင်းဆောင် ကြီးများ၏ ပုံတူရုပ်တုများ၊ မြန်မာနိုင်ငံ၏ ပထမဆုံး သမ္မတ စဝ်ရွှေသိုက်၏ ပုံတူရုပ်တုနှင့် အာဇာနည် ခေါင်းဆောင် တစ်ဦးဖြစ်သည့် မိုင်းပွန်စော်ဘွား စဝ်စံထွန်းတို့၏ ပုံတူရုပ်တုများကိုလည်း သရုပ်ဖော် ပြထားသည်။ ထို့အပြင် မြန်မာ့လွတ်လပ်ရေး၏ ပင်မအရင်းအမြစ်ဖြစ်သည့် တောင်တန်း - ပြည်မ ပူးပေါင်းဆောင်ရွက်သည့် ပင်လုံစာချုပ် အထိမ်း အမှတ်ကို ဖော်ကျူးထားသော ပင်လုံကျောက်တိုင်၊ ကျိုင်းတုံမြို့ရှိ အဘယလာဘမုနိ၊ ခြေထောက်ဖြင့် လှေလှော်သည့် အင်းသားယဉ်ကျေးမှုပုံရိပ်များကိုလည်း ဖော်ကျူးပြသထားသည်။ ပြခန်းတွင် “ဝ” အကအဖွဲ့၊ ကိုးကန့်အကအဖွဲ့၊ ရှမ်းပြည်တောင်ပိုင်း အကအဖွဲ့ ငါးဖွဲ့တို့က ရိုးရာယဉ်ကျေးမှု ဝတ်စုံတွေနဲ့ ကပြဖျော်ဖြေနေသည်ကိုလည်း မြင်တွေ့ရသည်။
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမှတ်တရစကားအနေဖြင့် ရှမ်းပြည်နယ် တိုင်းရင်း သားလူမျိုးရေးရာဝန်ကြီးက “တိုင်းရင်းသားတွေ စည်းလုံးညီညွတ်စွာရယူထားတဲ့ လွတ်လပ်ရေး အတွက် အဓွန့်ရှည်အောင်၊ ပိုပြီးခိုင်မြဲအောင်၊ စည်းလုံးညီညွတ်မှုကိုလည်း မပြိုကွဲအောင် အားလုံး ပူးပေါင်းပါဝင်ပြီး ညီညီညွတ်ညွတ်နဲ့ ဆောင်ရွက် ပေးကြပါလို့ ပြောချင်ပါတယ်”ဟု ပြောကြားသည်။
တိုင်းဒေသကြီး၊ ပြည်နယ် ကိုယ်စားပြု အရောင်း ပြခန်းများတွင် ပါဝင်ပြသသည့် ZegoMoney ပြခန်းတာဝန်ခံ ကိုသန်းညွန့်အောင်ကလည်း “(၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အခမ်း အနားကြီးမှာ ကျွန်တော်တို့ပြတဲ့ ပြခန်းကတော့ ဒစ်ဂျစ်တယ်ငွေပေးချေမှု အားကောင်းဖို့အတွက် ZegoMoney အက်ပလီကေးရှင်းနဲ့ ငွေပေးချေမှု စနစ်တွေ သိရှိအောင် လာရောက်ပြသခြင်း ဖြစ်ပါ တယ်။ လွတ်လပ်ရေးနေ့ပြခန်းတွေကို လာရောက် လေ့လာတဲ့ ပြည်သူတွေကို ကျွန်တော်တို့ zegomoney အက်ပလီကေးရှင်းလေး ဒေါင်းလုပ် လုပ်လိုက်တာနဲ့ ငွေဖြည့်တဲ့အခါ ၅ ရာခိုင်နှုန်းပေး ပါတယ်။ နောက်ထပ် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲပုံစံ ဗလာမပါကံစမ်းမဲတွေ မဲဖောက် ပေးပါတယ်။ အမြင့်ဆုံးအနေနဲ့ကတော့ ငွေကျပ် တစ်သိန်း ဆုမဲတွေ ဖောက်ပေးတာရှိပါတယ်။ အက်ပလီကေးရှင်းအနေနဲ့ကတော့ ဈေးဝယ်ချင်တာ၊ မိမိမှာရှိတဲ့ မလိုအပ်တော့တဲ့ပစ္စည်းတွေ ပြန်ရောင်း ချင်တဲ့အခါ ပိုမိုလွယ်ကူအဆင်ပြေအောင် ဆောင်ရွက် ပေးထားပါတယ်။ (၇၅) နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေပြပွဲကြီးမှာ အခုလို ပထမဆုံးပါဝင် ပြသခွင့်ရတာကိုလည်း အလွန်ဝမ်းသာမိပါတယ်” ဟု ဆိုသည်။
ယခုပြသလျက်ရှိသည့် (၇၅) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်ပြခန်းများနှင့် ဈေးအရောင်းပြခန်းများကို ဇန်နဝါရီ ၈ ရက်အထိ ဆက်လက်ဖွင့်လှစ်ပြသသွားမည်ဖြစ်ကြောင်း သိရ သည်။



