
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်သည် မြန်မာ့လက်ရွေးစင်အသင်း နည်းပြချုပ်အဖြစ် ဒုတိယအကြိမ် တာဝန်ယူကိုင်တွယ်ခဲ့သည့် ဂျာမနီနိုင်ငံသား အန်တွမ်နီဟေးနှင့် လမ်းခွဲလိုက်ပြီဖြစ်သောကြောင့် နည်းပြသစ်တစ်ဦး ပြန်လည်ခန့်အပ်ရမည်ဖြစ်သည်။
အန်တွမ်နီဟေးသည် ယခုနောက်ပိုင်း တာဝန်ယူကိုင်တွယ်သည့် ပြိုင်ပွဲများတွင် မြန်မာ့လက်ရွေးစင်အသင်းကို ရလဒ်ကောင်း ရရှိအောင် စွမ်းဆောင်နိုင်ခြင်းမရှိဘဲ နောက်ဆုံး ယှဉ်ပြိုင်သည့် ၂၀၂၂ AFF Cup ပြိုင်ပွဲတွင်လည်း နိုင်ပွဲမရရှိဘဲ အုပ်စုအဆင့်မှ ထွက်ခဲ့ရသည်။ ထို့ကြောင့် ယင်းပြိုင်ပွဲအပြီး တစ်လနီးပါး အကြာတွင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် အန်တွမ်နီဟေးတို့ ညိနှိုင်းဆွေးနွေးပြီးနောက် နှစ်ဖက်သဘောတူစာချုပ် ရပ်စဲရန် သဘော တူညီမှုရခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်သည် အန်တွမ်နီဟေးနှင့်အတူ လက်ထောက် နည်းပြဖြစ်သူ ဂျာမနီနိုင်ငံသား ခါမေးလ်ဟာ လက်ကိုပါ လမ်းခွဲခဲ့ပြီး ယင်းနှစ်ဦးစလုံးကို ၂၀၂၃ ခုနှစ် အောက်တိုဘာအထိ စာချုပ်ချုပ်ဆို ထားခြင်းဖြစ်သည်။
အန်တွမ်နီဟေးသည် မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ်အဖြစ် ဒုတိယအကြိမ် ကိုင်တွယ်နေခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မေလမှ ဒီဇင်ဘာလအထိ ပထမအကြိမ်၊ ၂၀၁၉ ခုနှစ် အောက်တိုဘာလမှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ အထိ ဒုတိယအကြိမ် ကိုင်တွယ်ခဲ့ခြင်းဖြစ်သည်။
မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် နည်းစနစ် ကော်မတီသည် မြန်မာ့လက်ရွေးစင်အသင်း အတွက် နည်းပြချုပ်သစ် ပြန်လည်ခန့်အပ် နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ မြန်မာ့ လက်ရွေးစင်အသင်းသည် ယခုနှစ်အတွင်း အစောဆုံးအဖြစ် မတ်လတွင် နိုင်ငံတကာ ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်
ဓာတ်ပုံ - သော်လေး