
ရန်ကုန် ဇွန် ၉
မြန်မာ့လက်ရွေးစင် အမျိုးသမီးဘောလုံး အသင်း၏ အသင်းခေါင်းဆောင်ဖြစ်သူ ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီးကလပ် အသင်းတွင် သုံးလစာချုပ်ဖြင့် သွားရောက် ကစားလျက်ရှိသည်။
ခင်မာလာထွန်းသည် ထိုင်းအမျိုးသမီး လိဂ်ပြိုင်ပွဲတွင် ကစားနေသည့် College of Asian Scholar အသင်းတွင် သုံးလစာချုပ်ဖြင့် သွားရောက်ကစားခြင်းဖြစ်သည်။ ခင်မာလာ ထွန်းသည် သြဂုတ်လကုန်အထိ စာချုပ် ချုပ်ဆိုထားပြီး ကစားသမားဘဝတစ်လျှောက် ပထမဆုံးအကြိမ် ပြည်ပထွက်ကစားခြင်း လည်းဖြစ်သည်။ ခင်မာလာထွန်းသည် ဇွန် ၇ ရက်တွင် College of Asian Scholar အသင်းနှင့် စတင်ပူးပေါင်းခဲ့ပြီး ဇွန် ၈ ရက်က ယှဉ်ပြိုင်ကစားသည့် MH Nakhonsi အသင်း နှင့်ပွဲတွင် College of Asian Scholar အသင်း အတွက် ပထမဆုံးပွဲထွက်ကစားခဲ့ကာ ခြေစွမ်းပြပြီး နှစ်ဂိုးသွင်းယူနိုင်ခဲ့သည်။
ထိုင်းအမျိုးသမီးလိဂ်ပြိုင်ပွဲမှာ စတင်နေပြီ ဖြစ်ပြီး ခင်မာလာထွန်းအနေဖြင့် ထိုင်းလိဂ်တွင် ကစားခွင့်ရသည့် ပထမဆုံး မြန်မာအမျိုးသမီး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ခင်မာလာထွန်းသည် မြန်မာ့လက်ရွေးစင် အမျိုးသမီးအသင်းတွင် ကာလရှည်ရွေးချယ်ခံ ထားရသူဖြစ်ပြီး အောင်မြင်မှုများလည်း ရယူ နိုင်ခဲ့သည်။
မြန်မာအမျိုးသမီး ဘောလုံးသမားများ အနေဖြင့် အမျိုးသားဘောလုံးသမားများ ကဲ့သို့ ပြည်ပထွက်ကစားနိုင်မှုအရေအတွက် တဖြည်းဖြည်းတိုးတက်လာပြီး အရေအတွက် များပြားလာပါက မြန်မာအမျိုးသမီးဘောလုံး တိုးတက်အောင်မြင်ရေးကို အထောက်အကူ ဖြစ်လာနိုင်သည်။ ခင်မာလာထွန်းသည် မြန်မာအမျိုးသမီးဘောလုံးသမားများတွင် ဒုတိယမြောက် ပြည်ပထွက်ကစားသူဖြစ်လာ ပြီး တိုက်စစ်မှူး ဝင်းသိင်္ဂီထွန်းသည် ၂၀၂၁ ခုနှစ် အောက်တိုဘာကတည်းက အိန္ဒိယ ကလပ် ဂိုကူလမ်အသင်းတွင် သွားရောက် ကစားခဲ့ခြင်းဖြစ်သည်။
သတင်း - ရဲရင့်လွင်၊ ဓာတ်ပုံ - AFC