မြန်မာ့လက်မှုအနုပညာရှင်များ မွေးထုတ်ပေးရာ ယွန်းပညာကောလိပ် (ပုဂံ)

Type
၅

 

ခန့်ဇော် (ကျေးလက်)

 

“လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ    (Social Enterprises  Management- SEM) နဲ့ ဈေးကွက် ဖော်ဆောင်ရေးစီမံခန့်ခွဲမှုပညာ       (Marketing Management-MM) ဘာသာရပ်တွေနဲ့‌  ကျောင်းပြီး ခဲ့တဲ့    ကျောင်းသားတွေထဲမှာဆိုရင်    ယွန်းပညာ ကောလိပ်ကနေ    ပေါင်းကူးလာတဲ့သူတွေလည်း ရှိတယ်ဆရာ။  Business  Plan  Contest တွေ လုပ်တဲ့အခါ ယွန်းပညာကောလိပ်က ပေါင်းကူးလာ တဲ့ကလေးတွေဟာ  သူတို့ရဲ့ကိုယ်ပိုင်  Products တွေနဲ့ Business Plan လုပ်ပြီးဝင်နိုင်ကြတဲ့အထိ Idea  ရော Creativity ပါရှိကြတာ၊  လက်တွေ့ပြန် အသုံးချနိုင်ကြတာ တွေ့ရပါတယ်။” 

 


သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာတက္ကသိုလ် ကျောင်းဆင်းများ၏ အလုပ်အကိုင်အခွင့်အလမ်းနှင့် ပတ်သက်ပြီးဆွေးနွေးဖြစ်ကြရင်း     သန်လျင် သမဝါယမနှင့်    စီမံခန့်ခွဲမှုပညာ   တက္ကသိုလ် ပါမောက္ခချုပ်ထံမှ      ယွန်းပညာကောလိပ်မှ      ပေါင်းကူးလာသည့်  ကျောင်းသားများ၏ အရည် အသွေးကို    စ၍   ကြားဖူးခဲ့သည်။   ကြားလျှင် ကြားချင်းလည်း နှစ်ခြိုက်အားရ ဖြစ်မိရသည်။ 

 


သင်ကြားသည့်ပညာကို    လက်တွေ့ပြန်လည် အသုံးချရာတွင်           ကိုယ်ပိုင်ထုတ်ကုန်များပါ ထုတ်လုပ်ရောင်းချနိုင်စေသည့်        ယွန်းပညာ ကောလိပ်ကဲ့သို့ အသက်မွေးဝမ်းကျောင်း ကောလိပ် မျိုးဆိုသည်က မိမိတို့နိုင်ငံတွင် များများစားစားရှိ သည်မဟုတ်။   မြန်မာမှုအနုပညာ  တစ်ရပ်လည်း ဖြစ်၊ ကိုယ်ပိုင်ထုတ်ကုန်   ထုတ်လုပ်နိုင်သည့်ပညာရပ် လည်းဖြစ်သည့်အပြင်        အသိအမှတ်ပြုဒီပလိုမာ ဘွဲ့ပါရရှိနိုင်သည်ဆိုတော့        “တိုင်း၍ရက်သည့် ပက္ကလာ မိုးရွာသည်နှင့်  အခန့်သင့်” ဆိုသလို ပါပင်။

 


ယွန်းပညာကောလိပ်(ပုဂံ)၏အစ


ပန်းယွန်းဟုခေါ်သည့် ယွန်းလက်မှုပညာသည် ၁၅၅၅- ၁၅၆၂  ခုအတွင်း ဘုရင့်နောင်မင်းကြီး လက်ထက်ကတည်းက    စတင်ထွန်းကားလာခဲ့ သည်ဟု    မှတ်တမ်းမှတ်ရာများတွင်  တွေ့ရသည်။  လွန်ခဲ့သောရာစုနှစ်များစွာကပင်      တည်ရှိခဲ့သည့် ယွန်းထည်လုပ်ငန်းအတတ်ပညာနှင့် နည်းစနစ်များ တိမ်ကောပပျောက်မှုမရှိစေရန်၊ မြန်မာ့ယွန်းထည် လုပ်ငန်းအတတ်ပညာများ       ရှာဖွေဖော်ထုတ် ထိန်းသိမ်းမြှင့်တင်ရန်၊ မြန်မာ့ရိုးရာယွန်းထည်နည်း စနစ်များ မပျက်ယွင်းစေဘဲ ခေတ်မီနည်းစနစ်များ ဖြင့် တိုးတက်တီထွင်ပြီး   ရရှိသည့်နည်းပညာများကို ဖြန့်ဖြူးပေးရန်၊      ယွန်းအတတ်ပညာရှင်များ စဉ်ဆက်မပြတ်     မွေးထုတ်ပျိုးထောင်ပေးရန်၊ ယွန်းထည်လုပ်ငန်း အတတ်ပညာသင်ကြားရေးကို ပညာသင်ကြားမှုနည်းလမ်းများနှင့်အညီ တိုးတက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊    စီးပွားရေး ပညာတတ်ကျွမ်းနားလည်သော     ယွန်းအတတ် ပညာရှင်များပေါ်ထွန်းလာစေရန်       စသည့် ရည်ရွယ်ချက်များဖြင့်     အစိုးရယွန်းထည်လုပ်ငန်း အတတ်သင်ကျောင်းကို ၁၉၂၄ ခုနှစ်တွင် စတင် ဖွင့်လှစ်ခဲ့ပြီး  ၁၉၉၅ ခုနှစ်တွင် မြန်မာ့ယွန်းသိပ္ပံ အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်တွင် ယွန်းပညာ ကောလိပ်အဖြစ်လည်းကောင်း အဆင့်မြှင့်တင် ဖွင့်လှစ်ခဲ့သည်။

 


သင်ကြားလျက်ရှိသည့်  ဘာသာရပ်များနှင့် ကာလတိုသင်တန်းများ


ယွန်းပညာရပ်ဆိုင်ရာ  အသက်မွေးဝမ်းကျောင်း ကာလတိုသင်တန်းများအနေဖြင့် ဂျပန်ယွန်းထည် နည်းပညာဆင့်ပွားသင်တန်း၊       ဝါးတာရှည်ခံ သင်တန်း၊      ဝါးလက်မှုအနုထည်သင်တန်း၊  အနက်ထည်   ယွန်းပညာသင်တန်း၊   ရွှေဇဝါယွန်း ပညာသင်တန်း၊  ကညစ်ယွန်းပညာသင်တန်း၊  သား ရိုးပန်းကြွယွန်း   နည်းပညာသင်တန်း၊       ရွှေပြား ခတ်နည်းပညာ   သင်တန်းများ  ဖွင့်လှစ်ပို့ချလျက် ရှိကြောင်း သိရသည်။

 


ယွန်းအတတ်ပညာဒီပလိုမာ  နှစ် နှစ်၊  ဘွဲ့လွန် ဒီပလိုမာတစ်နှစ်    ပုံမှန်သင်တန်းများတွင်မူ    ယွန်း ပညာဆိုင်ရာဘာသာရပ်များအနေဖြင့်-


(၁) အခြေခံထည်(သစ်/ဝါး)ဘာသာရပ်        (၂) အနက်ထည်ဘာသာရပ်
(၃) ကညစ်ယွန်းဘာသာရပ်            (၄) ရွှေဇဝါယွန်းဘာသာရပ်
(၅) သားရိုးပန်းကြွယွန်းဘာသာရပ်        (၆) ပန်းချီဘာသာရပ်
(၇) ပန်းပုဘာသာရပ်            (၈) အခြေခံထုပ်ပိုး၊ နိုင်ငံတကာယွန်း
(၉) ဓာတုဗေဒ၊       ရုက္ခဗေဒဘာသာရပ်များ သင်ကြားပေးလျက်ရှိပြီး   သမဝါယမနှင့်    စီမံ  ခန့်ခွဲမှုပညာ တက္ကသိုလ်ပေါင်းကူးဘာသာရပ်များ အနေဖြင့်  မြန်မာစာ၊  အင်္ဂလိပ်စာ၊  သင်္ချာ၊ ICT၊ စီးပွားရေးပထဝီ၊ မြန်မာ့ရေးရာ၊ သမဝါယမ ပညာ၊ ဘောဂဗေဒ၊ စီမံခန့်ခွဲမှုပညာ၊ စာရင်းအင်း ပညာနှင့်         စာရင်းကိုင်ပညာဘာသာရပ်များ  သင်ကြားပေးလျက် ရှိသည်။ 

 


နိုင်ငံခြားတက္ကသိုလ်နှင့် ယွန်းနည်းပညာ 
ပူးပေါင်းဖလှယ်မှုများ


ထို့ပြင် ယွန်းပညာကောလိပ်သည် ယွန်းပညာ ရပ်များ    ခေတ်နှင့်အညီတိုးတက်လာစေရန်အတွက် ဂျပန်နိုင်ငံ၏  Utsunomiya  University၊ Tokyo University of Art ၊ Kanazawa Arts University၊ Tokyo National Research  Institute for Cultural Properties၊ ထိုင်းနိုင်ငံရှိ Rajamangala University of    Technology  Lanna  နှင့်   အီတလီနိုင်ငံရှိ Albertina Academy of  Fine Arts of Turin စသည့် နိုင်ငံခြားတက္ကသိုလ်များနှင့်လည်း ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်မှုများ       ပြုလုပ်ပေးလျက်ရှိသကဲ့သို့  ဂျပန်နိုင်ငံ၏    Asia   Lacquer  Craft   Exchange Research Project    တွင်   ပါဝင်ဆောင်ရွက်ခဲ့သည် ကိုလည်း တွေ့ရသည်။ 

 


ပေးအပ်သည့်ဘွဲ့၊ ဒီပလိုမာ


ယွန်းအတတ်ပညာဒီပလိုမာ  နှစ် နှစ်သင်တန်း/ တစ်နှစ်သင်တန်း      တက်ရောက်အောင်မြင်ပါက Diploma in Lacquerware Technology(Dip. L.T) ယွန်းအတတ်ပညာဒီပလိုမာဘွဲ့ ပေးအပ်ပါ သည်။

 


ဒီပလိုမာသင်တန်း   တက်ရောက်ရန်   လိုအပ်သည့် ပညာအရည်အချင်း 


ယွန်းအတတ်ပညာဒီပလိုမာ နှစ် နှစ်သင်တန်း ကို      တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ တက်ရောက်နိုင်ပြီး     ယွန်းအတတ်ပညာဘွဲ့လွန် ဒီပလိုမာ    (Post  Graduate  Diploma)     တစ်နှစ် သင်တန်းကို  တက္ကသိုလ်တစ်ခုခုမှ  ဘွဲ့တစ်ခုခုရရှိပြီး သူများ တက်ရောက်နိုင်ပါသည်။

 


ဒီပလိုမာ နှစ်နှစ်သင်တန်း တက်ရောက်ပြီးသူများ၏  ပညာဆက်လက်ဆည်းပူးခွင့်


ယွန်းအတတ်ပညာဒီပလိုမာ  နှစ် နှစ်သင်တန်း တက်ရောက်အောင်မြင်ပြီးသူများ       အနေဖြင့် သမဝါယမနှင့်   စီမံခန့်ခွဲမှုပညာတက္ကသိုလ်များ၏ တတိယနှစ်သင်တန်းသို့ ပေါင်းကူးတက်ရောက်ခွင့် ရှိသည့်အပြင်    အဝေးသင်တက္ကသိုလ်၊    ဝိဇ္ဇာ (စီးပွားရေး)   သို့    တက်ရောက်လိုပါကလည်း ဆက်လက်တက်ရောက်နိုင်ပါသည်။ 

 


နှစ် နှစ်တာခန့် အချိန်ပေးလိုက်ရုံဖြင့် ဒီပလိုမာ ဘွဲ့တစ်ခုရရှိရုံသာမက   အသက်မွေးဝမ်းကျောင်း ပညာရပ်တစ်ခု   တတ်မြောက်သွားကာ   လက်တွေ့ ပြန်လည်အသုံးချလုပ်ကိုင်နိုင်မည့်အပြင် သမဝါယမ နှင့်စီမံခန့်ခွဲမှုပညာတက္ကသိုလ်သို့ဖြစ်စေ၊ အဝေးသင် တက္ကသိုလ်၊ ဝိဇ္ဇာ(စီးပွားရေး) သို့ဖြစ်စေ ဆက်လက် တက်ရောက်လိုပါက          တက်ရောက်နိုင်ခြင်းသည် ယွန်းကောလိပ်၏      အားသာချက်ဖြစ်သည်။ သမဝါယမနှင့်      စီမံခန့်ခွဲမှုပညာ    တက္ကသိုလ်သို့   ပေါင်းကူးတက်ရောက်မည်ဆိုပါက စီးပွားရေးသိပ္ပံ ဘွဲ့(B.BSc) ကို လူမှုစီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှု ပညာ   (Social  Enterprises Management- SEM)၊  ဒေသဆိုင်ရာ         ဖွံ့ဖြိုးမှုပညာ     (Regional Development-RD)၊ စာရင်းကိုင်နှင့် ဘဏ္ဍာရေး ပညာ (Accounting and Finance- AF)၊   ဈေးကွက် ဖော်ဆောင်ရေး  စီမံခန့်ခွဲမှုပညာ  (Marketing Management-MM)၊    အသုံးချစာရင်းအင်းပညာ (Applied   Statisitics-AS) စသည့် အထူးပြု ဘာသာရပ် ငါးမျိုးအနက် နှစ်သက်ရာ  အထူးပြု ဘာသာရပ်ဖြင့်  တက်ရောက်ရယူနိုင်မည်ဖြစ်သည်။ 

 


ယွန်းပညာကောလိပ်တက်ရောက်လျှင် 
ရရှိနိုင်သည့် ဝန်ဆောင်မှု


ယွန်းပညာကောလိပ်   တက်ရောက်ခြင်းဖြင့် အဆောင်နေထိုင်ခွင့်နှင့်  ရေ၊ မီး အခမဲ့သုံးစွဲခွင့်၊ ကျောင်းဝင်းအတွင်း အင်တာနက်အခမဲ့သုံးစွဲခွင့်၊ Multimedia  Room     အား   အခမဲ့အသုံးပြုခွင့်၊ ဆပ်ပြာ၊  ခေါင်းလျှော်ရည်၊  လက်သန့်ဆေးရည် စသော အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန မှ    ထုတ်လုပ်သော       လူသုံးကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူသုံးစွဲခွင့် စသည့် ဝန်ဆောင်မှုများ ရရှိနိုင်ပြီး အစားအသောက်အတွက် ကိုလည်း  ကျောင်းသား၊  ကျောင်းသူ၏ သဘော ဆန္ဒအတိုင်း    စားရိပ်သာကော်မတီမှ    စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 


ထိုသို့သော ကျောင်းအိပ်ကျောင်းစား ကောလိပ် ကျောင်းသားတစ်ယောက်၏    ရပိုင်ခွင့်များအပြင် ပုဂံမြေမှာနေရင်း  စာသင်ကြားခွင့်ရခြင်းကလည်း ကုသိုလ်တစ်မျိုးထူးသည်   ဆိုရပါမည်။   ပုဂံမြေ ဆိုသည်က “မြန်မာမှန်လျှင်  ပုဂံရောက်ဖူးရမည်” ဟုပင်   ဆိုရိုးရှိရသည့်နယ်မြေ။ 

 


ပွင့်လင်းရာသီ ရောက်ပြီဆိုမှဖြင့်    နိုင်ငံခြားသားများ သာမဟုတ်   မြန်မာပြည်အရပ်ရပ်က    ဘုရားဖူး ဧည့်သည်များပါ   ပုဂံမြေတွင်  ခြေချင်းလိမ်ကြပြီ။ သည်သို့သောပုဂံ၊     အစဉ်အလာသမိုင်းကြီးသည့် ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်         ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ ပုဂံမှာနေရင်း  ပုဂံဘုရားတွေ စိတ်ကြိုက်  ဖူးမြော်ခွင့်ရခြင်းကလည်း        ယွန်းပညာကောလိပ် ကျောင်းသားများအတွက် အခွင့်ထူးတစ်ရပ်ပါပင်။

 


စာသင်ကြားရင်း     ဒေသန္တရဗဟုသုတရော၊ သမိုင်းအမွေအနှစ်   ယဉ်ကျေးမှုပြယုဂ်များဖြင့်ပါ ထိတွေ့ခွင့်ရနိုင်မည့်အခွင့်အရေးသည်   ယွန်းပညာ ကောလိပ်တွင်သာ ရနိုင်မည်ဖြစ်သည်။

 


နှစ်စဉ်လက်ခံနိုင်သည့်  ကျောင်းသားဦးရေနှင့် ယွန်းအတတ်ပညာရှင်များမွေးထုတ်ပေးနိုင်မှု


ယွန်းပညာကောလိပ်အနေဖြင့်      နှစ်စဉ် ကျောင်းသားဦးရေ  ၂၀၀ ခန့် လက်ခံသင်ကြားပေး နိုင်ပြီး   လက်ရှိအချိန်အထိ ယွန်းအတတ်ပညာ ဒီပလိုမာဘွဲ့ရ  ၁၃၁၆ ဦး၊ ယွန်းအတတ်ပညာဘွဲ့လွန် ဒီပလိုမာဘွဲ့ရဦးရေ    ၅၀၊  အခြေခံယွန်းပညာ သင်တန်းဆင်း  ၁၀၆၅  ဦး၊ အထက်တန်းယွန်းပညာ သင်တန်းဆင်း ၁၃၃ ဦးခန့်  မွေးထုတ်ပေးနိုင်ခဲ့ပြီ ဖြစ်သည်။ 

 


ယွန်းထည်လုပ်ငန်း 
ဖွံ့ဖြိုးတိုးတက်လာသည်နှင့် အမျှ…


သည်ပညာတတ်မြောက်ခြင်း၊ သည်ပညာဖြင့် အသက်မွေးခြင်းသည်    တစ်ဖက်တွင်  နိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်၊      ရိုးရာလက်မှုပညာကို ထိန်းသိမ်းရာရောက်သလို     တစ်ဖက်တွင်လည်း ကိုယ်ပိုင်စီးပွားရေးလုပ်ကိုင်နိုင်မှုမှသည်   နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊  နိုင်ငံခြားဝင်ငွေရရှိမှု၊ နိုင်ငံရပ်ခြား ပို့ကုန်တင်ပို့နိုင်မှုနှုန်း တိုးမြင့်စေမှုတို့ အတွက်    များစွာအထောက်အကူပြုနိုင်သည်ကို တွေ့ရသည်။  နိုင်ငံ၏  စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု သည်    နိုင်ငံသားတို့၏   လုပ်ငန်းစွမ်းဆောင်ရည်၊ စီးပွားရေးလုပ်ငန်းများ         ချဲ့ထွင်လုပ်ကိုင်နိုင်မှု၊  တစ်ဦးချင်းဝင်ငွေတိုးတက်မှုတို့အပေါ်တွင် မှီတည် နေသည်။ သွင်းကုန်တင်သွင်းရမှုထက် ပို့ကုန်တင်ပို့ နိုင်မှုနှုန်းမြင့်မားမည်ဆိုလျှင်    နိုင်ငံ၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို တစ်ဖက်တစ်လမ်းမှ အထောက် အကူပြုနိုင်မည်ဖြစ်သည်။ 

 


စံချိန်စံညွှန်းပြည့်မီသော   ခေတ်မီယွန်းထည် ပစ္စည်းများ   ဆန်းသစ်ထုတ်လုပ်နိုင်ခြင်းအားဖြင့် နိုင်ငံခြားသို့တင်ပို့ရောင်းချရန်     အခွင့်အလမ်း များပြားစေသည့်အပြင်    နိုင်ငံခြားသားခရီးသွား လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးကိုလည်း   တစ်ဖက် တစ်လမ်းမှ    ထောက်ကူပေးနိုင်မည်ဖြစ်သည်။ ပုဂံဒေသသည်  နိုင်ငံခြားခရီးသွားများ အထူးအာရုံ စိုက်   သွားလာလည်ပတ်သည့်နေရာဖြစ်သည့်အပြင် ပုဂံရှိ  ယွန်းပြတိုက်၊ ယွန်းထည်လုပ်ငန်းလုပ်ကိုင် သည့် ပုဂံ-  မြင်းကပါရွာ၊    မုံရွာ - ကျောက္ကာမြောက်ရွာ တို့သည်  နိုင်ငံခြားသားများလာရောက် လေ့လာရန် ဖိတ်ခေါ်နိုင်သည့် နေရာများ ဖြစ်ပေသည်။ 

 


မိမိ၏ တစ်ကိုယ်ရေ/ မိသားစုဘဝရပ်တည်မှု၊ တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ကိုင်မှုမှသည် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးမှုအထိ ဦးတည်မျှော်မှန်းဆောင်ရွက် နိုင်ခြင်းသည် ယွန်းထည်လုပ်ငန်း၏အားသာချက် တစ်ခုပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံ၏ရိုးရာယဉ်ကျေးမှုအမွေအနှစ်ကို          ထိန်းသိမ်းစောင့်ရှောက်ရန် နိုင်ငံသားတိုင်းတွင်        တာဝန်ရှိသည်ဖြစ်ပေရာ   ယွန်းထည်လက်မှုပညာဖြင့်        အသက်မွေးသူ၊ ယွန်းထည်လုပ်ငန်း    လုပ်ကိုင်သူများမှာ   “ကျွဲကူး ရေပါ”     ဆိုသကဲ့သို့ပင်     လုပ်ငန်းလုပ်ကိုင်ရင်းဖြင့် နိုင်ငံသားတာဝန် ကျေပွန်လျက်ရှိချေသည်။ 

 


မျက်မှောက်ခေတ်ရှိ ယွန်းလက်မှုပညာ 
ထွန်းပေါက်မှုအခြေအနေ


သည်ပညာရပ်ကို   မိရိုးဖလာ   လက်ဆင့်ကမ်း သင်ယူလုပ်ကိုင်နေသူတွေရှိသလို         ယွန်းထည် လုပ်ငန်းအတတ်သင်ကျောင်းသို့     တက်ရောက် သင်ယူပြီး  လုပ်ငန်းလုပ်ကိုင်နေသူများလည်းရှိပါသည်။     သို့ရာတွင်    သည်ပညာရပ်ဖြင့် လုပ်ကိုင် အသက်မွေးမှု၊            လက်ဆင့်ကမ်းထိန်းသိမ်း သယ်ဆောင်လာမှုအခြေအနေကို  တစ်နိုင်ငံလုံး အတိုင်းအတာဖြင့်    ကြည့်မည်ဆိုလျှင် နည်းပါးနေ သည်ကိုတွေ့ရသည်။               ယဉ်ကျေးမှုအမွေကို ထိန်းသိမ်းရန်   နိုင်ငံသားအားလုံးမှာ   တာဝန်ရှိပါ သည်။ အဆင့်ဆင့် လက်ဆင့်ကမ်းသယ်ဆောင်ပြီး နည်းပညာပိုင်းအရ   အဆင့်မီမီ   ခေတ်မီတိုးတက် အောင် ဆန်းသစ်ဖန်တီးနိုင်မှသာလျှင် ယွန်းထည် လက်မှုအတတ်ပညာ မတိမ်ကော မပပျောက်မည် ဖြစ်သည်။ 

 


သို့ဖြစ်ရာ   မျိုးဆက်သစ် ယွန်းထည်လက်မှု အတတ်ပညာရှင်များ အမြောက်အမြားပေါ်ထွက် လာအောင်  မွေးထုတ်ပေးနိုင်ရန်၊ ပြုစုပျိုးထောင်ပေး နိုင်ရန်လိုပေသည်။        အသက်မွေးဝမ်းကျောင်း တက္ကသိုလ်၊ ကောလိပ်များတွင် တစ်ခုအပါအဝင် ဖြစ်သည့် ယွန်းပညာကောလိပ်သည်  ယွန်းထည် အတတ်ပညာရှင်များ      မွေးထုတ်ပေးနိုင်မည့်၊ ယွန်းလက်မှုပညာရပ်များ မတိမ်ကော မပပျောက် အောင်    ထိန်းသိမ်းစောင့်ရှောက်ပေးနိုင်သည့် မြန်မာနိုင်ငံ၏တစ်ခုတည်းသော ယွန်းလက်မှုပညာ အတတ်သင်ကျောင်း ဖြစ်ပါသည်။

 


ယွန်းပညာကောလိပ်သို့ တက်ရောက်လိုလျှင်


ယွန်းပညာကောလိပ်  တက်ရောက်ရန် စိတ်ပါ ဝင်စားသည့် ဝန်ထမ်းမိသားစုများ၏သား/ သမီးများ အပါအဝင် တိုင်းရင်းသားပြည်သူ၊       မည်သူမဆို တက္ကသိုလ်ဝင်တန်း    အောင်မြင်ပြီးလျှင်ဖြစ်စေ၊ တက္ကသိုလ်တစ်ခုခုမှ       ဘွဲ့ရရှိပြီးလျှင်ဖြစ်စေ လျှောက်ထားတက်ရောက်နိုင်ပါသည်။ လိုအပ်သည် များကို  အသေးစိတ်သိရှိလိုပါက  ဖုန်း- ၀၆၁-၂၄၆၀၂၆၇၊ ၀၉-၂၅၆၀၉၆၆၉၊ ၀၉-၄၀၂၆၈၈၇၆၃ တို့သို့ဖြစ်စေ၊ www.ltcbagan.edu.mmမှဖြစ်စေ၊ lacquerwaretechnologycollege@gmail.com သို့ဖြစ်စေ၊ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း ထပ်လောင်းအသိပေးရင်း လက်မှုအနုပညာဝါသနာ ပါသူ၊   လုပ်ငန်းခွင်အမြန်ဝင်ရောက်လိုသူ၊ မြန်မာ့ ယဉ်ကျေးမှုလက်မှုပညာအမွေအနှစ်ကို ထိန်းသိမ်း စောင့်ရှောက်လက်ဆင့်ကမ်း     သယ်ဆောင်လိုသူ မျိုးဆက်သစ်လူငယ်များအတွက်    ယွန်းပညာ ကောလိပ်သည်   ရွေးချယ်တက်ရောက်သင့်သည့် ကောလိပ်တစ်ခုဖြစ်ပါကြောင်း အကြံပြုတိုက်တွန်း လိုက်ရပါသည်။         ။