
ကိုရွှေမန်း(မန္တလေး)
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ငပုအင်းကျေးရွာအုပ်စုရှိ ဒေါင်ဒင်အင်း ငါးဖမ်းပွဲသို့ လာရောက်စေချင်ကြောင်း ဖိတ်ကြားသဖြင့် ရောက်အောင်လာပါမည်ဟု ကတိပြုလိုက်ပါသည်။ ငါးဖမ်းပွဲဖိတ်ကြားခြင်းခံရသည့်အတွက် အင်းအတွင်း ငါးမျိုးစိုက်ထည့် မွေးမြူသည့်လုပ်ငန်းများ၊ ကမ္ဘာ့လူသားများ၏ လိုအပ်သော စားနပ်ရိက္ခာအတွက် ငါးကဏ္ဍ၏ အရေးပါမှု အခြေအနေများ၊ မြန်မာနှင့်ငါး အတူယှဉ်တွဲလာခဲ့သည့် ဘာသာရေးယဉ်ကျေးမှုဆိုင်ရာ သမိုင်းကြောင်းများနှင့် ကြည်နူးဖွယ်ရာ ဒေါင်ဒင်အင်းငါးဖမ်းပွဲပုံရိပ်များကို တွေးတောမြင်ယောင်မိပါသည်။
ဒေါင်ဒင်အင်းသည် အင်းခွန်ငွေ တန်ဖိုးအားဖြင့်လည်းကောင်း၊ ငါးကုန် တက်တန်ဖိုးများအရ လည်းကောင်း တွက်ချက်ပါက သာမန်အင်းငယ်လေးမျှ သာဖြစ်သော်လည်း မြန်မာ့ရေသယံဇာတ ပေါများကြွယ်ဝမှုကို ကိုယ်စားပြုပြသ နိုင်သောအင်းဖြစ်ပြီး မြန်မာ့ဓလေ့၊ မြန်မာ့ရှုခင်းကို ဖော်ထုတ်ပြသနိုင်သည့် အင်းအဖြစ် ကိုယ်စားပြုလျက်ရှိသော အင်းဖြစ်ပါသည်။
အင်းအတွင်းငါးမျိုးစိုက်ထည့်
မွေးမြူခြင်း
အင်းအိုင်များတွင် ငါးမျိုးစိုက်ထည့် မွေးမြူသည့်စနစ် (Culture based Capture Fisheries နှင့် Capture based Culture Fisheries)ကို ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် ၁၉၈၀-၁၉၈၁ ခုနှစ် မှစတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံ တကာတွင် Culture based Capture Fisheries နှင့် Capture based Culture Fisheries စသည်တို့ ဆောင်ရွက်ခြင်း မရှိစဉ်ကပင် မြန်မာနိုင်ငံတွင် ငါးလုပ်ငန်း ဦးစီးဌာနက ဦးဆောင်၍ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သော လုပ်ငန်းစဉ်ဖြစ်သည်။ မြန်မာနိုင်ငံရှိ အင်းအိုင်များအားလုံးတို့တွင် အင်း လေလံရောင်းချရငွေ၏ ငါးရာခိုင်နှုန်း ကို ငါးသားပေါက်များ ထည့်သွင်း မွေးမြူစေခြင်းဖြင့် ငါးအထွက်တိုးစေရေး၊ ငါးရိက္ခာဖူလုံစေရေးတို့ကို ဆောင်ရွက် စေလျက်ရှိသည်။ ဤသို့ ဆောင်ရွက်နိုင်ခဲ့ ခြင်းသည် ငါးလုပ်ငန်းဦးစီးဌာန၏ အောင်မြင်ထင်ရှားသော ဆောင်ရွက် ချက်တစ်ရပ်ဖြစ်သည်။
အဓိကစားနပ်ရိက္ခာ
ငါးသည် လူမျိုးဘာသာ၊ အသက် အရွယ်မရွေးစားသုံးနိုင်ပြီး အာဟာရ ဓာတ်၊ အသားဓာတ်၊ ရောဂါကာကွယ် နိုင်သောဓာတ်မျိုးစုံများကို ငါးမှရရှိနိုင် သည်။ ကမ္ဘာ့လူဦးရေအတွက် လိုအပ် သော အသားဓာတ်နှင့် ရိက္ခာများကို ကမ္ဘာကြီး၏မျက်နှာပြင် ၇၀ ဒသမ ၈ ရာခိုင်နှုန်းခန့်ကို ဖုံးလွှမ်းထားသော သမုဒ္ဒရာရေပြင်မှ အဓိကထား၍ ရယူ ဆောင်ရွက်ကြရန် ရည်မှန်းလျက် ရှိနေ ကြသည်။ ရေထွက်ကုန်ပစ္စည်းများသည် ယနေ့ကမ္ဘာ့လူသားများအတွက် အဓိက စားနပ်ရိက္ခာအဖြစ် ရပ်တည်နေပြီ ဖြစ်သည်။ မြန်မာတို့၏ နေ့စဉ် အစား အစာတွင် ငါးစို၊ ငါးခြောက်၊ ငါးပိ၊ ငံပြာရည်၊ ပုစွန်ခြောက်၊ ငါးပိကောင် စသည်ဖြင့် အသွင်မျိုးစုံဖြင့် ပါဝင် အသုံးတော်ခံလျက်ရှိသည်။ နိုင်ငံစီးပွား ဖြစ်ထွန်းမှုတွင် ငါးကဏ္ဍသည် အရေး ပါသော ကဏ္ဍတစ်ရပ်အဖြစ် ရပ်တည် လျက်ရှိသည်ကို တွေ့ရပြီး ပြည်တွင်း အသားတင်ထုတ်ကုန်၏ နှစ်ရာခိုင်နှုန်း (ဂျီဒီပီ)၊ တိရစ္ဆာန်ပရိုတင်းသုံးစွဲမှု၏ ၅၀ ရာခိုင်နှုန်း၊ အချို့သော ကမ်းရိုးတန်းဒေသ များ၏ အလုပ်လက်မဲ့ ခြောက်ရာခိုင်နှုန်းမှ ၃၄ ရာခိုင်နှုန်းနှင့် ပြည်နယ်/ တိုင်းဒေသ ကြီး အစိုးရများ၏ ၅၆ ရာခိုင်နှုန်းနှင့်အထက်ဝင်ငွေများကို ငါးလုပ်ငန်းကဏ္ဍမှ အထောက်အကူပြုနေပြီး မြန်မာပြည်သူ များ၏ လူမှုစီးပွားတိုးတက်ရေးအတွက် မှီခိုအားထားလျက် ရှိနေခြင်းသည် ငါးကဏ္ဍ၏ အရေးပါမှုကို ဖော်ပြလျက် ရှိသည်။
ရေသတ္တဝါများနှင့်မြန်မာ့ယဉ်ကျေးမှု
အညာဒေသများ၏ မိုးအလွန် ခေါင်သောနှစ်များတွင် ဘုရားသခင်အား အမှူးထား၍ ရဟန်း သံဃာများအား ပင့်ဖိတ်ကာ “ပုနပရံ ယဒါဟောမိ၊ နိဗ္ဗံတ္တံ မစ္ဆယောနိယံ” အစချီသော ငါးရံ့မင်း ပရိတ်တော်ရွတ်ဖတ်ခြင်း၊ ငါးရံမင်း ရုပ်ပွားတော် ပင့်ဆောင်ပူဇော်ခြင်းများ ပြုလုပ်လေ့ရှိသည်။ ရေတွင် နေထိုင် ကျက်စားပျော်မွေ့ကြသည့် နတ်နဂါး နှင့်ဆက်စပ်သော ဗုဒ္ဓဝင်များ၊ ဘုရား သမိုင်းများ၊ ရုပ်လုံး ရုပ်ကြွပန်းချီများ လည်း အများအပြားရှိနေသည်။ မြန်မာ တို့၏ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှုနှင့် လူမှုနယ်ပယ်သည် ရေသတ္တဝါများနှင့်ယှဉ်တွဲလာခဲ့သည်မှာ နှစ်ပရိစ္ဆေဒ ကြာမြင့်ခဲ့လွန်းပြီဖြစ်သည်။ ရဟန်းခံ ရှင်ပြုပွဲများတွင် တီးမှုတ်သည့် ဗြောသံ သည် သက္ကရာဇ် ၄၅၄ ခုနှစ်တွင် ပုဂံပြည်၌ နန်းတက်သည့် အလောင်း စည်သူမင်းသည် သိန်းဃိုမင်း ဆက်သ သည့် သင်္ကနက်လှေတော်ဖြင့် တိုင်းခန်း လှည့်ရာ ဇမ္ဗူဒိတ်ကျွန်းဦးသို့ အရောက် တွင် သမုဒ္ဒရာအတွင်းသို့ ဇမ္ဗုသပြေသီး ကြွေကျသည့်အခါ ဖြစ်ပေါ်လာသည့် အသံနှင့် ဇမ္ဗုသပြေသီးကို ငါးကြီး အာနန္ဒာက ထိုးဟပ်သောအသံကို အစွဲ ပြု၍ ဖြစ်ပေါ်လာသည့်အသံဟု စွဲမှတ် ယုံကြည်ကြသည်။ ပန်းချီ၊ ပန်းပု၊ ပန်းတမော့ ပညာရပ်များဖြင့် အလှ ဖန်တီးကြသည့် ဘာသာရေးဆိုင်ရာ တံတား၊ လှေကားများတွင် ရေသတ္တဝါ မကန်းရုပ်၊ မိကျောင်းရုပ်၊ နဂါးရုပ်တို့ဖြင့် တန်ဆာဆင်ခဲ့ကြသည်။ မကန်းရုပ်များ တွင် ကျောက်ဆည်မြို့နယ်ရှိ တမုတ် ရှင်ပင် ရွှေဂူဘုရားကြီးမုခ်ဦး၊ ပုဂံအာနန္ဒာ ဘုရားမုခ်ဦး၊ အင်းဝလေးထပ်ကြီး ကျောင်းမုခ်ဦး၊ အမရပူရ ပုထိုးတော်ကြီး ဘုရားနတ်လမ်း၊ မန္တလေးမြို့ အတုမရှိ ကျောင်းလှေကားနှင့် ရတနာပုံခေတ် သတ္တဌာန အဝင်မုခ်ဦးတို့ရှိ မကန်းရုပ်များ သည် ဒဏ္ဍာရီဆန်၍ အလွန်လှပသည်ကို တွေ့ရသည်။ မိကျောင်းရုပ်များတွင် ရွှေတိဂုံဘုရား တောင်ဘက်စောင်းတန်းရှိ မိကျောင်းလှေကား၊ မန္တလေးရှိအိမ်တော် ရာ မိကျောင်းတံတားတို့သည် ထင်ရှား ပြီး ရှင်မွေးလွန်းနှင့် မင်းနန္ဒာဇာတ်လမ်း ပါ ငမိုးရိပ်မိကျောင်းနှင့် မိလက်တို မိကျောင်းတို့သည် စိတ်ဝင်စားရသော ဇာတ်ကောင်များ ဖြစ်ကြသည်။ ရှေးခေတ် ကုန်တင်လှေကြီးများ၏ လှေဦးတွင်ပန်းပုလက်ရာ မိကျောင်းရုပ် ဖြင့် တန်ဆာဆင်လေ့ရှိသည်ကို တွေ့ရ ပြီး ရခိုင်ပြည်နယ် ရမ်းဗြဲမြို့ ရိုးရာလှေ ပြိုင်ပွဲ၏ ပွဲဝင်ပြိုင်လှေများတွင် လှေဦး ကို နတ်မိကျောင်းရုပ်ဖြင့် အလှဆင်လေ့ ရှိသည်ကို တွေ့ရသည်။ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင်ရှိသော ဘာသာရေးအဆောက်အအုံများရှိ နဂါး ရုပ်တုများမှာ ထူးခြားလှပသောလက်ရာ များဖြစ်သည်ကို တွေ့ရသည်။
မွန်ပြည်နယ်အတွင်း ဂရန် အင်းပေါင်း ၂၄ အင်းရှိရာ လေလံအင်း ၁၅ အင်း၊ ကြေးတိုင်အင်း ရှစ်အင်း၊ သုတေသနအင်း တစ်အင်းတို့ဖြစ်သည်။ ဒေါင်ဒင်အင်း တည်နေရာမှာ မွန်ပြည်နယ် မော်လမြိုင် ခရိုင် ကျိုက်မရောမြို့နယ် ငပုအင်း ကျေးရွာအုပ်စု နယ်မြေအတွင်းရှိပြီး ငပု အင်းကျေးရွာအုပ်စု၊ ကျုံကွယ်ကျေးရွာ အုပ်စု၊ ရေပူကော့စပ်ကျေးရွာအုပ်စုတို့အကြားတွင် တည်ရှိသည်။ အင်းအကျယ် အဝန်းမှာ ၇၄ ဧကဖြစ်ပြီး အတ္ထရံမြစ်ရေ ဝင်ရောက်ရာ ရေပေါ်ရေလျှံကွင်း ဧရိယာ အတွင်း ကျရောက်ပြီး ကုန်းတွင်းပိတ် အင်းဖြစ်သည်။ “ဒေါင်ဒင်” ဟူသော မြည်သံကိုစွဲ၍ အမည်မှည့်ခေါ်ခြင်း ဖြစ်ကြောင်း ဒေသခံသက်ကြီးရွယ်အို များ၏ ပြောပြချက်အရ သိရသည်။ ကိုလိုနီခေတ် ကျေးရွာသူကြီးများခေတ် တွင် ကျိုက်မရောအာဏာပိုင်များထံမှ အင်းလေလံရယူခြင်းကို ကျေးရွာအလိုက် အလှည့်ကျရယူခဲ့ကြပြီး ငါးဖမ်းပွဲတော် ကို ကျင်းပခဲ့ကြခြင်းဖြစ်သည်။ မျက်မှောက် ခေတ်တွင် ကျေးရွာအုပ်ချုပ်ရေးမှူးများ က မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန မှ အင်းလေလံကို အလှည့်ကျရယူ၍ ငါးဖမ်းပွဲတော်ကို ကျင်းပလေ့ရှိသည်။ လေလံရရှိသည့် ကျေးရွာအုပ်စုမှ ဦးဆောင်၍ အင်းရေပြင် ရေကျန်အခြေ အနေ ရေအတိမ်အနက်အခြေအနေများ ကို တွက်ဆပြီး နေ့ကြီး ရက်ကြီးများကို ရှောင်လွှဲကာ ငါးဖမ်းပွဲတော်ရက်ကို သတ်မှတ်ခြင်းဖြစ်သည်။ တစ်နှစ်လျှင် ငါးဖမ်းပွဲတော် ရက်တစ်ရက်ကိုသာ သတ်မှတ်ထားရှိပြီး ငါးဖမ်းရက်ကျင်းပ သည့်ညတွင် ဇာတ်ပွဲများ၊ စျေးဆိုင်ခန်း များဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပ လေ့ရှိသည်။ ဒေါင်ဒင်အင်းငါးဖမ်းပွဲ တော်ကို အင်းရေကျန်ရှိသည့် အခြေ အနေပေါ်မူတည်၍ ဆုံးဖြတ်ဆောင်ရွက် ရခြင်းဖြစ်ရာ အများအားဖြင့် တပို့တွဲလ အတွင်း ကျင်းပလေ့ရှိသည်။ ရှေးလူကြီး များ လက်ဆင့်ကမ်း ပြောဆိုသတ်မှတ် ခဲ့ကြသည့် နန်းတော်တည်ရှိရာ ကုန်း နေရာတွင် နတ်နန်းငယ်၊ ဆင်တင်းကုတ် ဆင်ချည်တိုင် အဆောက်အအုံငယ်များ ကို တည်ဆောက်၍ ပွဲမစမီ ခုနစ်ရက် ကြိုတင်ပြီး အင်းနတ်ပူဇော်ခြင်းကို ပြုလုပ်ကြရသည်။ နတ်ပူဇော်ရာတွင် ထမင်း ၃၃ ဆုပ်၊ ဆေးလိပ် ၃၃ လိပ်၊ ဖယောင်းတိုင် ၃၃ တိုင်၊ အရက် ၃၃ ပုလင်း၊ ကောက်ညှင်း ၃၃ ပုံ၊ ဝါးရေခွက် ၆၆ ခွက်၊ ဆင်စွယ်နှစ်ချောင်း၊ ဘိန်းမည်း၊ အုန်းသီး၊ ကြံသကာ၊ မုန့်ဖြူမုန်နီ၊ မုန့် လက်ကောက် အဖြူအနီ၊ အချိုရည် ပုလင်း၊ လိပ်ကင်နှစ်ကောင်၊ ငါးရံ့ နှစ်ကောင်၊ ရွှေဆွဲကြိုးတစ်၊ ရွှေဘီးတစ်၊ ဆံစုတစ်၊ ထဘီ၊ အင်္ကျီ၊ သနပ်ခါးတို့ ပါဝင် သည်။ ပွဲကျင်းပမည့်ရက်ကို ဖိတ်စာဖြင့် စနစ်တကျ ဖိတ်ကြားဆောင်ရွက်လေ့ ရှိပြီး ယခုခေတ် လူမှုကွန်ရက်စာမျက်နှာ များပေါ်တွင်လည်း ဖိတ်ကြားလေ့ရှိသည့် အပြင် သတင်းဌာနအသီးသီးက သတင်း ရိုက်ကူးတင်ဆက်ခြင်းများ ဆောင်ရွက် ကြသည့်အတွက် အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိခဲ့ပြီး စည်ကား သော ပွဲတော်တစ်ခု ဖြစ်လာသည်။
အလှည့်ကျလေလံဆွဲဝယ်ရ
ဒေါင်ဒင်အင်းသည် ကုန်တွင်း ပိတ်အင်းဖြစ်ခြင်း၊ ရိုးရာအစဉ်အလာ ဓလေ့အရ ဒေသခံကျေးရွာများက အလှည့်ကျလေလံဆွဲဝယ်၍ ပွဲတော် ကျင်းပရသည့် အင်းဖြစ်ခြင်းကြောင့် အင်းလေလံစျေးမှာ လွန်စွာနည်းပါး ကြောင်းနှင့် ရိုးရာယုံကြည်မှုအရ ကျင်းပ ခြင်းဖြစ်ပြီး တစ်ချိန်သောအခါများက ဒေသခံများလာရောက် လေလံဆွဲ ဝယ်နိုင်ခဲ့ခြင်းမရှိဘဲ ကျိုက်မရော အထွေထွေအုပ်ချုပ်ရေးဌာနဝန်ထမ်းက ကျေးရွာများကိုယ်စား လေလံဆွဲဝယ်ပေး ခဲ့ရကြောင်းကို ငါးလုပ်ငန်းဦးစီးဌာန မှတ်တမ်းများအရ သိရသည်။ ၂၀၁၁-၂၀၁၂ ခုနှစ် လေလံစျေးမှာကျပ် ၉၀၀၀၀ ဖြစ်ပြီး ၂၀၁၅ - ၂၀၁၆ ခုနှစ် လေလံစျေး မှာ ကျပ် ၁၆၀၀၀၀ ဖြစ်ကြောင်းနှင့် ကျေးရွာများကိုယ်စား ကျိုက်မရော အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဦးမင်းအောင်က လေလံဆွဲဝယ်ပေးခဲ့ရ ကြောင်းတွေ့ရသည်။ နောက်ပိုင်းတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများက အလှည့် ကျဝယ်ယူ၍ ပွဲတော်ကျင်းပခဲ့သည်။ ပွဲတော်ကျင်းပသည့် ရက်အတွင်း တစ်ရက်သာ ငါးဖမ်းခွင့်ရှိသည်။ ပွဲတော်တွင် လူမျိုးဘာသာမရွေး လာရောက်၍ ငါးဖမ်းနိုင်ကြပြီး ပွဲကော်မတီသို့ ငါးဖမ်းကိရိယာ လိုင်စင် ကြေးပေးသွင်းရမည်ဖြစ်သည်။ ငါးဖမ်း ကိရိယာ ယကွင်းကြီးတစ်ခုလျှင်ကျပ် ၅၀၀၀၊ ကွန်တစ်လက်လျှင်ကျပ်၂၀၀၀ ၊ ယက်သဲ့တစ်ခုလျှင်
စေတနာကြေး ပေးသွင်းရမည်ဖြစ်သည်။ ဖမ်းဆီးရမိသော ငါးများမှာ ငါးပတ်၊ ငါးမြွေထိုး၊ ငါးဖျင်းသလက်၊ ငါးစင်စပ်၊ ငါးဖောင်ရိုး၊ ငါးသံချိတ်၊ ငါးဖယ်၊ ငါးဖမ်းမ၊ ငါးရံ့၊ ငါးစင်ရိုင်း၊ ငါးမြစ်ချင်း၊ ငါးနုသန်း၊ ငါးမော့တော့၊ ငါးသိုင်းခေါင်းပွ၊ ရေချိုပုစွန်တုပ်ကြီးတို့ဖြစ်သည်။
မြစ်ကြီးမြစ်ငယ်အသွယ်သွယ်တို့၏ ပြုပြင်ဖန်တီးမှုများကြောင့် အင်းများ၊ အိုင်များ၊ ထုံးများ၊ ဂယက်များ ပေါ်ထွန်း လာခဲ့သည်။ အင်းအိုင် အမျိုးအစားများ တွင်လည်း မြစ်ကြောင်းအင်း၊ မြစ်စွတ်
အင်း၊ မြစ်ကျိုးအင်း၊ ကုန်းအင်း၊ နွေအင်းများဟူ၍လည်း ဖြစ်လာသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင်ရှိသော အင်း အမျိုးအစား မြောက်မြားစွာတို့တွင် တည်ရှိရာနေရာဒေသအလိုက် ငါးဖမ်း နည်းစနစ်များ၊ ငါးဖမ်းကိရိယာများ၊ ကွဲပြားခြားနားနိုင်သကဲ့သို့ အင်းအလိုက် ဒေသအလိုက် ကိုးကွယ်ယုံကြည်မှုများ မှာလည်း ဒေသတစ်ခုနှင့်တစ်ခု မတူညီ ဘဲ ကွဲပြားခြားနားကြောင်း တွေ့ရသည်။
ရိုးရာနတ်များကို နယ်မြေဓလေ့ ထုံးတမ်းများနှင့်အညီ ပူဇော်ပသလေ့ ရှိကြောင်း ပူဇော်ပသရန် ပျက်ကွက်ပါက ငါးမရသည့်အပြင် ဘေးဒုက္ခများရောက် ရှိမည်ဖြစ်ကြောင်း ရိုးရာအစွဲအလမ်းများ ယုံကြည်မှုများ ရှိနေကြသည်။ နယ်မြေဒေသအလိုက် အင်းအိုင်များနှင့် ပတ်သက်သည့် ရှေးအစဉ်အလာ ဒဏ္ဍာရီ ပုံပြင်များ၊ ရှေးစကားများကို ဒေသခံများ က လက်ဆင့်ကမ်း ပြောဆိုနေကြဆဲ ဖြစ် သည်။ ဒေါင်ဒင်အင်းနှင့် ပတ်သက်သော ရိုးရာပုံပြင်မှာ စိတ်ဝင်စားဖွယ်၊ ရှောင်ကြဉ်ဖွယ်၊ ဂရုဏာသက်ဖွယ် ဖြစ်ပြီး စာရှုသူတို့ သိရှိလိုကြမည်ဖြစ်၍ တင်ပြလိုသည်။
ဖူးမြော်လေ့လာသင့်သောနေရာများ
ဒေါင်ဒင်အင်းခရီးစဉ်တွင် မော်လမြိုင် မြို့ရှိ ကျိုက်သလ္လံစေတီတော်ကြီးနှင့် တန်ခိုးကြီး ဘုရားများကို လည်းကောင်း၊ ရှေးဟောင်းဘုန်းတော်ကြီးကျောင်းများ ကို လည်းကောင်း၊ သံလွင်မြစ်၏ လှပသော နေဝင်ဆည်းဆာအလှကို လည်းကောင်း၊ ထန်းပင် ထန်းလက် ဝေစည်လှပသော ကျိုက်မရောမြို့နှင့် ကြည်ညိုဖွယ် ဗုဒ္ဓရုပ်ပွားတော်ကြီးကို လည်းကောင်း၊ ညောင်ရမ်းခေတ် ဗုဒ္ဓ ရုပ်ပွားတော်များ ကိန်းဝပ်ရာ ခရုံဂူ၊ ဖားဖောင်ဂူတို့၏ မူလသဘာဝအလှများ ကိုလည်းကောင်း၊ ရေပူကော့စပ်ကျေးရွာ ရှိ ရေပူစမ်းများနှင့် အတ္တရံတောင်ကြီး၏ သဘာဝအလှတရားများကို လည်းကောင်း၊ မူလအခြေအနေမပျက် ဖူးမြော်လေ့လာကြည့်ရှု့ခံစားနိုင်မည်ဖြစ်သည်။ မဝေး သော ခရီးတွင်ရှိသည့် မုဒုံမြို့ရှိ တန်ခိုးကြီး ဘုရားများ၊ စက်စဲကမ်းခြေနှင့် ကျိုက္ခမီ ဘုရား၊ သံဖြူဇရပ်မြို့ရှိ အထင်ကရနေရာ များ ကျိုက်ထိုမြို့ရှိ ကျိုက်ထီးရိုးစေတီနှင့် သထုံမြို့ရှိ ရွှေစာရံစေတီတော်ကြီးနှင့် ဘုရားစေတီများကို ဖူးမြော်နိုင်သည်။
ပျော်ပျော်ပါးပါးဆင်နွှဲကြပါစို့
ပင်လယ်ပြင်၊ မြစ်ချောင်း၊ အင်းအိုင် များကပေးခဲ့သည့် ပုံပြင်များ၊ ရှေးစကား များသည် မြန်မာ့ကလေးငယ်များ အတွက် တန်ဖိုးမဖြတ်နိုင်သော ကောင်းမွန် သည့်ကိုယ်ကျင့်တရားများကို ပေးနေဆဲ ဖြစ်သည်။ ပင်လယ်၊ မြစ်ချောင်း၊ အင်းအိုင်များနှင့် ရှေးဟောင်းရိုးရာပုံပြင် များကို ချစ်ခင်မြတ်နိုး တန်ဖိုးထားကာ ပြုစုထိန်းသိမ်းကြစေလိုသည်။ မြန်မာ နှင့် ငါးသည် ရှေးနှစ်ပေါင်းများစွာကပင် အတူယှဉ်တွဲခွဲခြား၍ မရနိုင်သော ဇာတ်ကောင်များဖြစ်သည်။ မြန်မာ့အစာ အာဟာရ၊ မြန်မာ့စီးပွားရေး၊ မြန်မာ့ ယဉ်ကျေးမှုနယ်ပယ်တွင် ငါးသည် အရေး ပါလျက်ရှိနေသည်ကို စာရှုသူတို့ သိရှိပြီး ချစ်ခင်မြတ်နိုး တန်ဖိုးထားစေလိုသည်။ သို့ပါ၍ ရိုးရာအစဉ်အလာမပျက် ယခုနှစ် တွင်ကျင်းပမည့် မြန်မာ့ဓလေ့၊ မြန်မာ့ ရှုခင်းကို ဖော်ထုတ်ပြသမည်ဖြစ်သည့် ဒေါင်ဒင်အင်းငါးဖမ်းပွဲတော်ကို ဒေသခံ တိုင်းရင်းသား ပြည်သူများနှင့်အတူ ပျော်ပျော်ပါးပါးဆင်နွှဲကြပါစို့ဟု ဖိတ်ခေါ် ရင်း နိဂုံးချုပ်အပ်ပါသည်။ ။
- Log in to post comments