
ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်အနေဖြင့် ယခုအခါတွင် မြန်မာ့စွယ်စုံ ကျမ်း အတွဲ(၁) (က-ကုတ်)ကို ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီး ဌာန၊ စာပေဗိမာန်နှင့် ထွန်းဖောင်ဒေးရှင်းတို့ပူးပေါင်းကြိုးပမ်းမှုဖြင့် စာဖတ်သူ၊ ပညာ ရှာမှီးသူ၊ သုတေသနပြုလုပ်သူတို့ရှေ့မှောက်အရောက် ယနေ့ ပို့ဆောင်နိုင်ခဲ့ပြီဖြစ်သည်။
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေး နှင့် ထုတ်ဝေရေးဦးစီးဌာန၏ စာပေဗိမာန် နှင့် ထွန်းဖောင်ဒေးရှင်းတို့ ပူးပေါင်း စီစဉ်ထုတ်ဝေသည့် မြန်မာ့စွယ်စုံကျမ်း (မူသစ်)၊ အတွဲ-၁ (က-ကုတ်)စာအုပ်ကို ယနေ့နံနက်ပိုင်းတွင် အမှတ်(၂၂၈)သိမ်ဖြူ လမ်းရှိ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီး ဌာန(ရန်ကုန်) ဗဟိုပုံနှိပ်စက်ရုံ စုပေါင်း ခန်းမ၌ မိတ်ဆက်ခဲ့သည်။
အဆိုပါ စာအုပ်နှင့်ပတ်သက်၍ ပါဝင် ကူညီအားဖြည့်ခဲ့သူများ၏ စကားသံ များကို ဖော်ပြလိုက်ပါသည်။
ဦးတိုးကျော် (စာတည်းမှူးချုပ်)
ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန (စာပေဗိမာန်)
ဒီနေ့အခမ်းအနားက မြန်မာ့စွယ်စုံ ကျမ်း အတွဲ(၁) (က-ကုတ်)ကို ပြန်လည် ပုံနှိပ်ထုတ်ဝေတဲ့ စာအုပ်မိတ်ဆက်တဲ့ အခမ်းအနားဖြစ်ပါတယ်။ မြန်မာ့စွယ်စုံ ကျမ်းကို ၁၉၅၄ ခုနှစ်ကစပြီး ပုံနှိပ် ထုတ်ဝေခဲ့တာ အားလုံး ၁၅ တွဲရှိခဲ့ပြီ ဖြစ် ပါတယ်။ အတွဲ(၁)ကနေ (၅) အထိက အင်္ဂလန်နိုင်ငံမှာသွားပြီး ပုံနှိပ်ခဲ့တယ်။ အတွဲ(၆)ကနေ အတွဲ(၁၅)အထိ ပြည်လမ်း ဟံသာဝတီအဝိုင်းမှာရှိတဲ့ စာပေဗိမာန် ပုံနှိပ်တိုက်မှာ ပုံနှိပ်တယ်။ အဲဒီ ၁၅ တွဲက က အက္ခရာကနေ အ အက္ခရာအထိ။ သို့သော်လည်း အဲဒီစွယ်စုံကျမ်း ပုံနှိပ်ခဲ့ တာ အခုဆိုရင် ၆၈ နှစ် လောက်ရှိပါပြီ။ အခု လက်ရှိဖွံ့ဖြိုးတိုးတက်နေတဲ့ပညာရပ်ပိုင်းဆိုင်ရာတွေမှာ ထပ်မံဖြည့်စွက်ဖို့ လိုတာကြောင့် (က-ကုတ်) စာအုပ်ကို ပြန်လည် ပုံနှိပ်ထုတ်ဝေဖို့ ၂၀၁၈ ခုနှစ် ကတည်းက စတင်ဆောင်ရွက်ခဲ့တာ လေးနှစ်ကြာတယ်။ ထွန်းဖောင်ဒေးရှင်းနဲ့ ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန် ပူးပေါင်းပြီး စွယ်စုံကျမ်း(က-ကုတ်)ကို ပြန်လည်ထုတ်ဝေတဲ့ စာအုပ်မိတ်ဆက်ပွဲ ပါ။ စာအုပ်ဖြစ်မြောက်ဖို့ ကမကထ လုပ်ပေးခဲ့တဲ့ ထွန်းဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးသိန်းထွန်းကတော့ မကြာခင်ကပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သူ မကွယ်လွန် မီက သဘောတူထားတဲ့ ညှိနှိုင်းထားတဲ့ အတိုင်း၊ ကျန်တဲ့ စာအုပ်တွေကိုလည်း ဆက်ပြီး ပုံနှိပ်ထုတ်ဝေဖို့ ဆက်လက် ဆောင်ရွက်သွားမှာပါ။ သူ့မိသားစုဝင် တွေကလည်း ဥက္ကဋ္ဌကြီးမှာကြားတဲ့ အတိုင်း သဘောတူတဲ့အတိုင်း၊ ကျန်တဲ့ စာအုပ်တွေ ကျွန်တော်တို့နဲ့အတူ ပူးပေါင်း ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
စွယ်စုံကျမ်းဆိုတာက နိုင်ငံတစ်နိုင်ငံ ရဲ့ စာပေဖွံ့ဖြိုးမှု မှတ်ကျောက်တစ်ခုပဲ။ ဒီတိုင်းပြည်မှာ စာပေဘယ်လောက် ဖွံ့ဖြိုး လဲဆိုတာ တိုင်းပြည်က ထုတ်ဝေတဲ့ စွယ်စုံကျမ်း အနှစ်ချုပ်ကို ကြည့်ရင်သိနိုင် တယ်။ က အက္ခရာနဲ့ပတ်သက်ပြီး အဲဒီ စာအုပ်မှာ အကုန်ရှိတယ်။ သမိုင်း မှတ်တမ်းတွေရော ဖြစ်ပျက်နေတဲ့ သိပ္ပံ ပညာရပ်ဆိုင်ရာ၊ ဝိဇ္ဇာပညာရပ်ပိုင်းဆိုင်ရာ အထောက်အထားတွေ အများကြီးရှိတဲ့ အတွက် မှီငြမ်းကိုးကားလို့ရတဲ့ စာအုပ် ဖြစ်တဲ့အတွက် မြန်မာလူမျိုးတွေအတွက် အဖိုးတန်တဲ့ စာအုပ်တစ်အုပ်ဖြစ်ပါတယ်။
ဒီစာအုပ်ကို ဒီနေ့ကစပြီး စာပေဗိမာန် စာအုပ်ဆိုင်မှာ ရောင်းချပါမယ်။ ရန်ကုန် မှာဆို ကုန်သည်လမ်း ၃၇ လမ်းက စာပေ ဗိမာန်စာအုပ်ဆိုင်၊ နေပြည်တော်မှာဆိုရင် သပြေကုန်းဈေးရှိ စာပေဗိမာန် စာအုပ် ဆိုင်၊ မန္တလေးမှာဆိုရင် စာပေဗိမာန်စာအုပ် ဆိုင်။ အဲ့ဒီ စာအုပ်ဆိုင်သုံးဆိုင်က ဒီနေ့ မှာ တစ်ပြိုင်တည်း စတင်ရောင်းချပါတယ်။
မြန်မာစာပေ ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုတဲ့ စာအုပ်လည်း ဖြစ်တယ်။ ကိုယ့်လူမျိုးနဲ့နိုင်ငံအတွက် အကျိုးပြုတဲ့ စာအုပ်လည်းဖြစ်တဲ့အတွက် အလားတူ နောက်ထပ်စာအုပ်တွေကို ပညာရှင်တွေနဲ့ ပူးပေါင်းပြီး ကြိုးစားပြီး ဆက်လက်ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။
ဒေါက်တာစိုးနိုင်
ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊
မြန်မာစာဌာနပါမောက္ခ(ဌာနမှူး)(ငြိမ်း)
မြန်မာ့စွယ်စုံကျမ်းပြန်လည်ပြုစုရေး ဝိဇ္ဇာစာတည်းနဲ့ စာပေယဉ်ကျေးမှုပိုင်းကို တာဝန်ယူပြီး ဆောင်ရွက်ပေးရပါတယ်။ စာအုပ်ကပထမအကြိမ် ထုတ်ဝေစဉ်က ဆိုရင် နှစ်ပေါင်းများစွာ ကွာခြားသွားပြီ ဖြစ်ပါတယ်။ ကွာခြားသွားပြီဖြစ်တဲ့ အတွက် အချက်အလက်ပိုင်းမှာလည်း တချို့အချက်အလက်တွေက ခေတ်နဲ့ လျော်ညီမှု မရှိတော့တဲ့ အချက်အလက် တွေ၊ နောက် နိုင်ငံနဲ့ကိုက်ညီမှုမရှိတဲ့ အချက်အလက်တွေ၊ ယဉ်ကျေးမှုနဲ့ တစ်ချိန်က ကောက်ယူခဲ့တဲ့ အချက်အလက် တွေက နောက်ပိုင်းသုတေသနတွေ့ရှိချက် တွေ၊ ပြောင်းလဲသွားတဲ့ ယဉ်ကျေးမှု အချက်အလက်တွေပေါ်မှာ အခြေခံပြီး ဝေါဟာရတွေကို ပြန်လည်စိစစ်ပါတယ်။ ပြန်လည်စိစစ်ပြီး ဒီဝေါဟာရပိုင်းမှာပိုပြီး မှန်ကန်တိကျအောင် တကယ့်ကိုအားကိုး ထိုက်တဲ့ စံပြရည်ညွှန်းကျမ်းစာအုပ် တစ်အုပ်ဖြစ်အောင် ပညာရှင်တွေအားလုံး ညှိနှိုင်းတိုင်ပင်ပြီး ဝိုင်းဝန်းဆွေးနွေး အကြံပြုပြီးတော့ ဒီစာအုပ်ကိုပြန်လည် ပြုစုထားခြင်းဖြစ်ပါတယ်။
ဒီစာအုပ်ထဲမှာပါတဲ့ အချက်အလက် တွေက မျိုးဆက်သစ်တွေရော မျိုးဆက် ဟောင်းတွေရော အချိန်မရွေး ရည်ညွှန်း ကိုးကားနိုင်တဲ့ စာအုပ်ဖြစ်တဲ့အတွက် ဒီစာအုပ်က လူတိုင်း လူတိုင်းရဲ့စာအုပ်စင် မှာထားရှိ သိုမှီးသင့်တဲ့၊ အမြဲတမ်းဖတ်ရှု လေ့လာသင့်တဲ့ စာအုပ်တစ်အုပ်ဖြစ်တယ် လို့ ရှုမြင်ပါတယ်။ ဒီလိုပဲ ကျွန်တော်တို့ တင်မက နိုင်ငံတကာမှာရှိတဲ့ ဘယ်နိုင်ငံ သားမဆို မြန်မာနိုင်ငံအကြောင်းကိုသိချင် တယ်ဆိုရင် မြန်မာ့စွယ်စုံကျမ်းဖတ်ရှုမယ် ဆိုရင် သူတို့အတွက် အကျိုးရှိတဲ့ တန်ဖိုး ရှိတဲ့ နောက်ခံအားလုံးသိရှိမှာ ဖြစ်ပါ တယ်။ ဒီစာအုပ်က လူတိုင်းလက်ဝယ်မှာ သိမ်းဆည်းထားသင့်ကြောင်း အကြံပြုပါ တယ်။
စွယ်စုံကျမ်းစာအုပ်တွေက တစ်ထိုင် တည်း ဖတ်ရှုလို့ရတဲ့စာအုပ်တွေ မဟုတ် ပေမယ့်လည်း ကိုယ်လိုချင်တဲ့ အချက် အလက်ကို ကိုယ်လိုချင်တဲ့အချိန်မှာ အချိန်မရွေး လှန်လျောပြီး ဖတ်ရှုလေ့လာ နိုင်ပါတယ်။ ဒါကြောင့် စာအုပ်တွေကို ပြန်ပြီး ပြုစုရတာကလည်းအချက်အလက် ပိုပြီးပြည့်စုံဖို့၊ မှန်ကန်ဖို့ရည်ရွယ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ထွန်းဖောင် ဒေးရှင်းတို့ ညှိနှိုင်းဆောင်ရွက်ပြီး ပညာ ရှင်တွေရဲ့ အကူအညီနဲ့ ပြုစုထားတဲ့ အတွက် နောက်ထွက်လာမယ့် အက္ခရာ တွေမှာလည်း အင်မတန်တန်ဖိုးကြီးမား တဲ့ အချက်အလက်တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ စာဖတ်ပရိသတ်တွေ အနေနဲ့ ဒီစာအုပ်ကိုမိမိကိုယ်တိုင်လက်ဝယ်ထားပြီး အချိန်မရွေး မိမိလိုချင်တဲ့ အချက်အလက်ကို ဒီစာအုပ်ထဲကရှာဖွေ မှီငြမ်းကိုးကားနိုင်ပါတယ်လို့ အကြံပြု လိုပါတယ်။
ဦးသန့်ဇင်ထွန်း
(ထွန်းဖောင်ဒေးရှင်း ဥက္ကဋ္ဌ
ဦးသိန်းထွန်း၏သား)
ကျွန်တော်တို့အဖေက မြန်မာ့စွယ်စုံ ကျမ်း လုပ်နေတာကို အမြဲပြောပြတယ်။ နောက်တစ်ခုက မြန်မာပြည်မှာ အကြီးဆုံး စာကြည့်တိုက်ထောင်တယ်။ စလုပ်တုန်းက သေးသေးလေးပဲ။ စာဖတ်မဲ့ သူသိပ်မရှိဘူး။ မရှိတာကြောင့် ကျွန်တော် နဲ့အမေရိကက စာအုပ်တွေ လိုက်ကောက် ရှာဖွေစုဆောင်းပြီး ရန်ကုန်ကိုပို့တာ၊ မြန်မာတိုင်းမ်ရုံးခန်းနားမှာ ကျွန်တော့် အဖေဖွင့်ထားတဲ့ စာကြည့်တိုက်ရှိပါတယ်။ သူက စာမတတ်တဲ့အတွက် စာကို သင်ယူ ပြီး သူ့လိုပဲ စာပေလေ့လာသူအများအပြား ပေါ်ထွက်လာအောင် ရည်ရွယ်လုပ်ဆောင် ခဲ့တာပါ။ အဖေအမြဲ ပြောတာရှိတယ်။ ဘာပဲလုပ်ခဲ့လုပ်ခဲ့၊ ငွေက အဓိက မဟုတ် ဘူး။ ပညာကို သင်ယူရှာဖွေနိုင်ရမယ်။ အဲဒါမှ လူ့ဘဝမှာဂုဏ်ရှိတဲ့ လူတစ်ယောက်၊ လူပီသတဲ့ လူတစ်ယောက်ဖြစ်တာလို့ သွန်သင်ခဲ့တယ်။ ဒီအချိန်မှာအဖေကို ရှိစေချင်တာ။ သူလုပ်ချင်တဲ့ အလုပ်တစ်ခု အောင်မြင်စွာ ဖြစ်လာတာကြောင့် အင်မတန်ဝမ်းသာတယ်။ မြန်မာ့စွယ်စုံ ကျမ်းနဲ့ ပတ်သက်လို့ အခုက (က-ကုတ်)ပဲရှိသေးတာ။ ဝန်ကြီးဌာနနဲ့ဆက်ပြီး ဆောင်ရွက်သွားဖို့လည်း မိသားစုတွေက ပံ့ပိုးမှာပါ။
မြန်မာနိုင်ငံ၏ ပထမဆုံးသော စွယ်စုံကျမ်းကို ၁၉၅၄ ခုနှစ်တွင် စတင် ထုတ်ဝေခဲ့ပြီး “မြန်မာ့စွယ်စုံကျမ်း အတွဲ-၁ မှ ၅ အထိကို အင်္ဂလန်နိုင်ငံ (Hazellwatson and Viney Ltd)တွင် ပုံနှိပ်ထုတ်ဝေခဲ့ကာ အတွဲ -၆မှ အတွဲ -၁၅ အထိကို ပြည်တွင်းမှာပင် စာပေဗိမာန်က တာဝန်ယူ၍ ပြည်လမ်းဟံသာဝတီအဝိုင်း ရှိ စာပေဗိမာန်တွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ပြီးပြည့်စုံသောစွယ်စုံကျမ်း အတွဲ-၁၅ တွဲအထိ ထွက်ပေါ်လာရန်အတွက် မြန်မာ့ စာပေပညာရှင်ကြီးများက အတွဲ-၁ မှ စတင်ကာ ၂၂ နှစ်ကြာ အချိန်ယူ ဆောင်ရွက်ခဲ့ရသည်။
တွေ့ဆုံမေးမြန်း - ချိုကြီး
ဓာတ်ပုံ - ကိုကိုဇော်