
နေပြည်တော် မေ ၂၆
တရုတ်နိုင်ငံစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးစီး၍ China National Research Institute of Food and Fermentation Industries Co.,Ltd က တာဝန်ခံကျင်းပသည့် “မြန်မာ နိုင်ငံ စိုက်ပျိုးထွက်ကုန်များ ထုတ်လုပ်မှု နှင့် သိုလှောင်မှုနည်းပညာလေ့ကျင့်ရေး သင်တန်း” ကို မေလတတိယပတ်က အွန်လိုင်းမှ ဖွင့်ပွဲကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဖွင့်ပွဲသို့ မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ သင်တန်းသား သင်တန်းသူပေါင်း ၄၅ ဦးတက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး စီးပွားရေး သံမှူး Mr. Tan Shufu တက်ရောက် အမှာစကားပြောကြားခဲ့သည်။
Mr. Tan Shufu က တရုတ်-မြန်မာ နှစ်နိုင်ငံသည် တောတောင်ရေမြေချင်း ဆက်စပ်လျက်ရှိပြီး “Belt and Road”နှင့် တရုတ်-မြန်မာ စီးပွားရေးစင်္ကြံအား အတူ တကွ တည်ဆောက်လျက်ရှိကြောင်း၊ စိုက်ပျိုးရေး ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း သည် တရုတ်-မြန်မာ လက်တွေ့ကျ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်ဦး နှစ်ဖက်သည် စိုက်ပျိုးရေးရင်းနှီးမြှုပ် နှံမှု၊ စိုက်ပျိုးရေးထွက်ကုန် ကုန်သွယ်ရေး၊ စိုက်ပျိုးရေး နည်းပညာ ပူးပေါင်းဆောင် ရွက်မှု၊ စိုက်ပျိုးရေး လူရည်ချွန် ကူးလူး ဖလှယ်မှု၊ ကျေးလက်ဆင်းရဲနွမ်းပါးမှု လျှော့ချရေးစသည့်ကဏ္ဍများတွင် အောင် မြင်သည့် ရလဒ်များ ရရှိခဲ့ကြောင်း၊ မြန်မာ နိုင်ငံသည် အရှေ့တောင်အာရှဒေသ၌ အစဉ်အလာ စိုက်ပျိုးရေးနိုင်ငံကြီးဖြစ် ကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်မှုအား အမြဲတစေ တက်တက် ကြွကြွ ထောက်ခံအားပေးလျက်ရှိပြီး စားသောက်ကုန် ဘေးကင်းမှုကြီးကြပ် ရေး၊ စိုက်ပျိုးရေး ထွက်ကုန်ထုတ်လုပ်မှုနှင့် ထိန်းသိမ်းမှုနည်းပညာ၊ မျိုးကောင်း မျိုးသန့် ပျိုးထောင်ရေးအပိုင်းတို့တွင် တရုတ်နည်းလမ်းများ ထောက်ပံ့ပေးကာ တရုတ်အတွေ့အကြုံများ မျှဝေပေးလို ကြောင်း ထည့်သွင်းပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားလာကတည်းက တရုတ်နိုင်ငံသည် လုပ်ငန်းလုပ်ဆောင်သည့် ပုံစံအသစ် ဖန်တီး၍ ဗီဒီယိုစနစ်ဖြင့် မြန်မာဘက်မှ သင်တန်းသား သင်တန်းသူများအတွက် အမျိုးစုံလင်သော လေ့ကျင့်ရေးနှင့် ပညာ တော်သင်ဆုများ ဖော်ဆောင်ပေးခဲ့ ကြောင်း၊ ယခုအကြိမ် လေ့ကျင့်ရေး သင်တန်းသည်လည်း လက်တွေ့ရလဒ် ရရှိပြီး တရုတ်-မြန်မာ စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှု မြှင့်တင်နိုင်မည်ဟု မျှော်လင့် ကြောင်းလည်း ၎င်းက ပြောသည်။
ယခုအကြိမ် သင်တန်းကာလသည် ၂၁ ရက်ဖြစ်ပြီး သီးသန့်ခေါင်းစဉ် ဟော ပြောပွဲ၊ ဆွေးနွေးမှု၊ အွန်လိုင်းမှ လေ့လာမှု၊ ယဉ်ကျေးမှု ခံစားသိရှိမှုစသည့် နည်းလမ်း များဖြင့် သင်တန်းသား သင်တန်းသူများ ကို တရုတ်စိုက်ပျိုးရေး ထွက်ကုန်များ ထုတ်လုပ်သည့် အဆင့်အတန်းနှင့် အောင်မြင်မှုများအကြောင်း နားလည်သိရှိ စေပြီး မြန်မာဘက်မှ စိုက်ပျိုးရေးထွက်ကုန် နှင့် စားသောက်ကုန်များ ထုတ်လုပ်သည့် စံနှုန်းအဆင့်အတန်းမြှင့်တင်ရေးအတွက် မှီငြမ်းကိုးကားမှုများ ပေးသွားမည်ဖြစ် သည်။
သီရိ