မြန်မာ့ဆင်ရတနာ ထိန်းသိမ်းကာကွယ်ပါ

Type
77

 

ဒေါက်တာ ဇော်မင်းဦး
 

တောဆင်ရိုင်းများ သတ်ဖြတ်ခံနေရမှု၊ ဆင်စွယ်အပါအဝင် ယင်းတို့၏ အစိတ်အပိုင်းများကို တရားမဝင်ကူးသန်းရောင်းဝယ်ခြင်းလုပ်ငန်းများကို ဖော်ထုတ် အရေးယူလျက်ရှိသော်လည်း ပျက်သုဉ်းပျောက်ကွယ်မှု မရှိသေးပေ။ ထို့ကြောင့် မြန်မာ့သစ်လုပ်ငန်းသည် တောဆင်ရိုင်းများ သတ်ဖြတ်ခံရမှုများပြားသည့် ဒေသကြီးများတွင် တောဆင်ရိုင်း ကာကွယ်စောင့်ရှောက်ရေး အခြေစိုက်စခန်းများဖွင့်လှစ်ပြီး တောဆင်ကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်းကာ တောဆင်များ ကာကွယ်ခြင်း၊ မုဆိုးများ ဖော်ထုတ်အရေးယူခြင်း၊ လူထုအခြေပြုစောင့်ကြည့်ခြင်းနှင့် ဆင်မုဆိုးသတင်းပေးခြင်းများကို ဆုချီးမြှင့်ခြင်းတို့ဖြင့် ဆင်ထိန်းသိမ်းရေး လုပ်ငန်းများကို အားစိုက်ဆောင်ရွက်လျက်ရှိသည်။

 


တစ်ဖက်မှလည်း ဆင်ထိန်းသိမ်းရေး အခြေပြု ခရီးသွားလုပ်ငန်းကို   ၂၀၁၆   ခုနှစ်တွင်  စတင် ဆောင်ရွက်ခြင်းဖြင့် ဆင်ထိန်းသိမ်းရေးလုပ်ငန်းကို အားမြှင့်ဆောင်ရွက်နိုင်ရန်     မြန်မာ့သစ်လုပ်ငန်း အနေဖြင့်  ကြိုးပမ်းအကောင်အထည်ဖော်ခဲ့သည်။ ဆင်များ    ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရေး အတွက်  သဘာဝအခြေခံသည့်   ခရီးသွားလုပ်ငန်း (Ecotourism)များတွင်   ဆင်များကို  ထည့်သွင်း အသုံးပြုလာခြင်းဖြင့် ပြောင်းလဲဆောင်ရွက်ခဲ့သည်။

 


ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ခရီးသွားလုပ်ငန်း


မြန်မာ့သစ်လုပ်ငန်းတွင်  အစိုးရပိုင်အိမ်မွေးဆင် ၃၂၀၀   ကျော်   ထိန်းသိမ်းစောင့်ရှောက်ထားပြီး နှစ်ပေါင်း ၇၀ ကျော် ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး အတွေ့အကြုံရှိသည့် အားသာချက်များကို  အသုံးပြု လျက် ၂၀၁၆ ခုနှစ် သစ်ထုတ်လုပ်မှု လျှော့ချခဲ့သည့် နောက်ပိုင်းမှ  စတင်၍  Elephant Conservation Based  Tourism  ကို   စတင်ဆောင်ရွက်ခဲ့သည်မှာ ယခုဆိုလျှင်       ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး ခရီးသွားလုပ်ငန်း စခန်းပေါင်း ၂၂ ခုအထိ  ရှိလာခဲ့ပြီ ဖြစ်သည်။

 


တစ်နည်းအားဖြင့်  လူထုဖွံ့ဖြိုးရေး  အခြေပြု သည့်  ခရီးသွားလုပ်ငန်း  (Community  Based Tourism)နှင့် ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်း သည့်  ခရီးသွားလုပ်ငန်း (Heritage Preservation Tourism) များတွင် ဆင်များကို  ထည့်သွင်း၍  ဆင် ထိန်းသိမ်းစောင့်ရှောက်ရေးကို    ဦးတည်သည့် ခရီးသွားလုပ်ငန်းများကို        ဆောင်ရွက်ခြင်းသည် ပြည်သူ့ထံ    မြန်မာ့ဆင်များ    ထိန်းသိမ်းရမည့် အသိပညာကို တစ်နည်းတစ်ဖုံ ဖြန့်ဝေခြင်းဖြစ်သည်။ 

 


ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး     ခရီးသွား လုပ်ငန်းသည် မြန်မာ့ဆင်များ     ထိန်းသိမ်းကာကွယ်မှု သာမက နိုင်ငံဝင်ငွေရရှိရေး၊ အစိမ်းရောင် စီးပွားရေး တိုးတက်မှုရရှိရေးနှင့်   နိုင်ငံတော်အစိုးရ၏   Non Smoking Industries   ဖွံ့ဖြိုးတိုးတက်ရေးမူဝါဒ (Green  Economy  Development)  များကို အောင်မြင်အောင်    ဆောင်ရွက်ရာတွင်     အားဖြည့် ကူညီသွားနိုင်ရန်လည်း ရည်ရွယ်သည်။

 


မြန်မာ့ဆင်ထိန်းသိမ်းမှုစနစ်နှင့် မြန်မာ့သစ်လုပ်ငန်း


မြန်မာ့သစ်လုပ်ငန်းသည်   အိမ်မွေးဆင်များ၏ ကျန်းမာရေး၊ ရေရှည်တည်တံ့ရေးကို ဆောင်ရွက် နေသည့်အပြင်  အမျိုးသာဥယျာဉ်များ၊  သဘာဝ ကာကွယ်တောများ   (Protected Areas) များ၏ အပြင်ဘက်တွင်ရှိသည့်          တောဆင်များကို ကာကွယ်ပေးခြင်း၊ တောဆင်နှင့် လူတို့ ပဋိပက္ခများ ကာကွယ်ပေးခြင်းတို့ကို   ကူညီဆောင်ရွက်ပေးလျက် ရှိသည်။ မြန်မာ့သစ်လုပ်ငန်းတွင် တောဆင်အရေးပေါ်    ကာကွယ်စောင့်ရှောက်ရေးအဖွဲ့များ (Emergency Elephant Response Units) ဖွဲ့စည်းကာ  သစ်တော ဦးစီးဌာန၊ ကျေးလက်နေပြည်သူများနှင့်     ပူးပေါင်း ကူညီ ဆောင်ရွက်လျက်ရှိသည်။ 

 


ထိုသို့ဆောင်ရွက်ရာတွင် ပြည်သူများအား ပညာ ပေးခြင်း၊ ဆင်များအပေါ် နားလည်ချစ်ခင်တတ်လာ စေရန် လမ်းပြပြောဆိုခြင်းနှင့် ဆင်နှင့် လူ ငြိမ်းချမ်း စွာအတူ ယှဉ်တွဲနေထိုင်နိုင်မည့် နည်းလမ်းများကို ပညာပေးခြင်း စသည်တို့ကို အလေးထားဆောင်ရွက် လျက်ရှိသည်။

 


ဆင်များ၏ သက်တမ်းသည် ၆၀ မှ  ၇၀ နှစ်ခန့် အထိရှိပြီး အချို့ဆင်ကြီးများသည့် အသက် ၈၀ ခန့် အထိ အသက်ရှည်စွာ နေထိုင်ကြသည်။ ဆင်များ၏ ကိုယ်ဝန်ဆောင်ချိန်မှာ ၂၂ မှ ၂၃ လ ကျော်အထိရှိ သည်။ ထို့ကြောင့် ဆင်တစ်ကောင်ဖြစ်တည်ရန်သည် ကြာရှည်လှသည်။     သို့သော်    ဆင်တစ်ကောင်ကို အလွယ်တကူ  သတ်ဖြတ်ကြခြင်းသည် နှမြောဖွယ် ဖြစ်သည်။ 
ဆင်များကို  မွေးစမှ  အသက် လေးနှစ်အထိ မိခင်ဆင်မကြီးများက စောင့်ရှောက်သဖြင့် ကလေး ဟု သတ်မှတ်ကြသည်။

 

Calves at Heel ဟုခေါ်ဝေါ် ကြသည်။  ဆင်ကလေး   လေးနှစ်ပြည့်သောအခါ ဆင်များတတ်သင့်သည့်  အမိန့်နာခံမှု၊  ပေါ့ပါးသည့် ပစ္စည်းသယ်ယူမှုများအတွက်   လေ့ကျင့်သင်ကြား ပေးရသည်။ တစ်လခန့် ဆောင်းရာသီတောတွင်း သင်ကြားပေးရပြီး သင်ကြားတတ်မြောက်ပြီးပါက ကလေးဘဝမှ ဆင်လတ်ဘဝ၊ မြန်မာ့သစ်လုပ်ငန်း အခေါ်အရ   ဝန်တင်ဆင်ဘဝ   (Trained Calves) ရောက်ရှိသည်။

 


ဆင်ကလေးများ ၁၆ နှစ်ကျော်၊ ၁၇ နှစ်ပြည့်ပါ က သစ်ဆွဲသည့်လုပ်ငန်းများကို ပေါ့ပါးစွာ သင်ယူကြ ရပြန်သည်။ သုံးနှစ်ခန့်သင်ယူခြင်းများ ဆောင်ရွက် ခဲ့ရပြီး ၁၈ နှစ်ပြည့်၍ သစ်ဆွဲခြင်း၊ သစ်အောင်းခြင်း စသည့်  အတတ်များ   တတ်မြောက်ပါက   ဆင်ကြီး တန်း (Full Grown) သို့ပြောင်းလဲ၍ အလုပ်ဆင်ဝိုင်း များသို့ ပြောင်းရွှေ့ပေးရသည်။ လူကဲ့သို့ပင် ကလေး၊ မူကြို၊ အလုပ်သင်နှင့် အလုပ်ဆင်အဖြစ်  အဆင့်ဆင့် ပြောင်းလဲပေးရသည်။

 


ဆင်များ   အမည်ပေးခြင်း၊  မှတ်ပုံတင်အမှတ် သတ်မှတ်ခြင်းကို မြန်မာ့သစ်လုပ်ငန်းက ငါးနှစ်ပြည့် ပါက  ဆောင်ရွက်ပေးပြီး  သစ်တောဦးစီးဌာနတွင် ဂရန်များ  လျှောက်ထားဆောင်ရွက်ရသည်။ မြန်မာ့ အိမ်မွေးဆင်များသည်    ကံကောင်းသည့်ထဲတွင် ပါဝင်သည်ဟု ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုသော် တောတွင်းစခန်းများတွင်     သဘာဝအလျောက် သွားလာနေထိုင်ကျက်စားနိုင်ကြပြီး     စိတ်ကြိုက် အစားများရွေးချယ်    စားသောက်နိုင်ကြသည်။ တာဝန်ရှိသူအဆင့်ဆင့်က စစ်ဆေး၍ လိုအပ်သည့် အစာများ  ကျွေးမွေးခြင်း၊   ကုသခြင်းများ  လစဉ် ဆောင်ရွက်ပေးကြသည်။ 

 


အိမ်နီးချင်းနိုင်ငံများဖြစ်သည့်      ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနှင့် အခြားနိုင်ငံများရှိ အိမ်မွေးဆင်များ သည်  ဆင်စခန်းများ၊  ဘုန်းတော်ကြီးကျောင်းများ၊ ဘုရားကျောင်းများတွင် နေ့စဉ်ချည်နှောင်ကာထား ရှိခြင်းခံရသဖြင့်   ဆင်များ၏  စရိုက်လက္ခဏာများ ပြောင်းလဲခြင်း (Serotype changing) များ တွေ့လာ ရပြီး   ခြေဖဝါးများတွင်   အနာများဖြစ်ခြင်းနှင့် ဆင်ပေါက်များ ကြမ်းတမ်းခြင်းများကို ဖြစ်ပေါ်လာ ကြသည်။ 

 


လက်ရှိအာရှဆင်များ အခြေအနေ


လက်ရှိအချိန်တွင်      တောဆင်များအနေဖြင့် စားကျက်ကျဉ်းမြောင်းလာမှု၊ သဘာဝ ပတ်ဝန်းကျင် ပျက်စီးယိုယွင်းလာမှု၊     တောရိုင်းတိရစ္ဆာန်များ ဥပဒေမဲ့ဖမ်းဆီးသတ်ဖြတ်ကာ         တရားမဝင် ရောင်းဝယ်လာနေမှု၊ လူဦးရေ တိုးတက်များပြားလာ သဖြင့်    တောနေလူထုအနေဖြင့်   တရားမဝင် တောင်ယာချဲ့ထွင်ကာ ကျူးကျော် နေထိုင်မှုများနှင့် တောရိုင်းတိရစ္ဆာန်နှင့်    လူတို့ကြား   ပဋိပက္ခတို့ ပွားလာလျက်ရှိသည်။   မြန်မာနိုင်ငံ၌    တောဆင် ကောင်ရေမှာ ၂၀၀၀ အောက်သို့ ကျဆင်းလာပြီး အိမ်မွေးဆင်  ကောင်ရေမှာ   ၅၀၀၀   ကျော်အထိ  မြင့်တက်လာလျက်ရှိသည်။

 


အိမ်မွေးဆင်များမှာ   ထိန်းသိမ်းစောင့်ရှောက်မှု ကောင်းမွန်သဖြင့်   ဆင်ကောင်ရေ   တဖြည်းဖြည်း တိုးတက်များပြားလာသော်လည်း         သစ်ထုတ် လုပ်ငန်းများ လျှော့ချလာပါသဖြင့် အလုပ်အကိုင်များ လျော့နည်းလာခြင်းနှင့်  ဆင်ထိန်းသိမ်းစရိတ်များ ကြီးမြင့်လာခြင်းတို့ကို ရင်ဆိုင်နေကြရသည်။ ထိုကဲ့သို့    တွေ့ကြုံရင်ဆိုင်ရခြင်းသည်   မြန်မာတစ်နိုင်ငံတည်း ကြုံတွေ့နေရသည်တော့   မဟုတ်ပေ။ 

 


အာရှဒေသတွင်း အာရှဆင်ရှိသည့်  ၁၃  နိုင်ငံ တွင်   ပါဝင်သည့်   သီရိလင်္ကာနိုင်ငံ၊   အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံ၊  တရုတ်နိုင်ငံ၊   ထိုင်းနိုင်ငံ၊  နီပေါနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊  ဗီယက်နမ်နိုင်ငံ၊  လာအိုနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံနှင့်  ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့တွင်လည်း ကြုံတွေ့နေကြရသည်။  ထို့ကြောင့် ယနေ့အချိန်တွင် အာရှဒေသတွင်း ဆင်ကျွမ်းကျင်သူ များအဖွဲ့နှင့်  တာဝန်ရှိဌာနဆိုင်ရာများ  ပူးပေါင်း၍ ဆင်ထိန်းသိမ်းစောင့်ရှောက်ရေး စီမံချက် (Elephant Conservation Action Plan) များကို နိုင်ငံအလိုက် ပြုစုရေးဆွဲ၍ စီမံဆောင်ရွက်လျက်ရှိသည်။ 

 


နိုင်ငံတကာစံသတ်မှတ်ချက်နှင့် ဆင်


အာရှဒေသတွင်း   နိုင်ငံများတွင်  ဆင်ကောင်ရေ မှာ  သိသိသာသာ  ကျဆင်းလျက်ရှိသည်။   အထူး သဖြင့် ဗီယက်နမ်နိုင်ငံတွင်  ဆင်ကောင်ရေ ကျဆင်းမှု အများဆုံးဖြစ်၍  အာရှဆင်  ပြန်လည်မျိုးပွားရေး လုပ်ငန်းများ ဆောင်ရွက်နေရသည်။ အာရှဆင်နှင့် အာဖရိကဆင်တို့တွင်   အာရှဆင်မှာ   ပို၍မျိုးသုဉ်း မည့် အန္တရာယ်နှင့်   နီးစပ်နေသဖြင့်  Convention on International Trade in endanger species of Flora and Funna (CITIES) ဖြင့် ကာကွယ်တားမြစ် ထားသည်။  အရေးကြီး  ကာကွယ်ထိန်းသိမ်းရမည့် Red List Species တွင်  Appendix  1  ၌ ထည့်သွင်း ထားခဲ့သည်။ 

 


ဆင်များသည် သဘာဝဂေဟစနစ် (Ecosystem) ထိန်းသိမ်းရေးတွင်   အရေးပါသည့်  Key Species ဖြစ်သည်။ တောဆင်တစ်ကောင်၏ နေရင်းစားကျက် ဧရိယာသည် သုတေသနပြုလုပ်ချက်များအရ ၁၄၈ မှ ၇၉၂ စတုရန်းကီလိုမီတာ လိုအပ်ပြီး ၃ ဒသမ ၉ ကီလိုမီတာခန့် သွားလာကျက်စားတတ်ကြောင်း သိရသည်။   ဆင်များသည်   စားကျက်နေထိုင်မှု ကျယ်ပြန့်သဖြင့်       အခြားတောရိုင်းတိရစ္ဆာန်များပါ နေထိုင်ကျက်စား ရှင်သန်နိုင်ကြသည်။ ထို့ကြောင့် တောရိုင်းဆင်များ     မျိုးသုဉ်းပျောက်ကွယ်ပါက အခြားတောရိုင်းသတ္တဝါနှင့် အပင်မျိုးစိတ်အချို့ပါ မျိုးသုဉ်းပျောက်ကွယ်၍ Ecosystem ပျက်စီးသွားနိုင် သည်။ အာရှဆင်များသည် အာဖရိကဆင်များထက် ပို၍လှပကာ ပုံပန်းသဏ္ဌာန်မျိုးစုံ ရှိကြသည်။

 


လေ့လာရင်း ခရီးသွား


၂၀၁၆ ခုနှစ်မတိုင်မီက  မြန်မာနိုင်ငံရှိ  ပြည်သူ အများသည် ဆင်ကို တိရစ္ဆာန်ဥယျာဉ်များတွင်သာ တွေ့မြင်ဖူးကြသည်။ ဆင်များ၏  သဘာဝ၊  ဆင်များ ထိန်းသိမ်းစောင့်ရှောက်မှု၊ ဆင်များကို ကာကွယ်ရန် အရေးပါမှုများကို     လက်တွေ့သိမြင်နားလည်မှု နည်းပါးခဲ့သည်။ 

 


ထို့အတွက် မြန်မာ့သစ်လုပ်ငန်းတွင် ဆင်စခန်း များ    ဖွင့်လှစ်ခဲ့ခြင်း၏    ရည်ရွယ်ချက်များတွင် ပညာပေးရေးလုပ်ငန်းတစ်ခုအဖြစ် ထည့်သွင်းထား သည်။   မြန်မာ့သစ်လုပ်ငန်း   ဆင်စခန်းများတွင် ဆင်ပြတိုက်များ  ဖွင့်လှစ်၍ ဆင်များအကြောင်းကို ပြသထားပြီး   ဆင်များ၏   ဓလေ့သဘာဝကို လက်တွေ့ သိမြင်နားလည်လေ့လာကာ ကာကွယ် ထိန်းသိမ်းရမည့်    အသိပညာရရှိစေရန်     စီမံ ဆောင်ရွက်ထားသည်။

 


သို့အတွက် ပဲခူးတိုင်းဒေသကြီး ဘုရားကြီးအနီး ရှိ ဝင်္ဂဘော်ဆင်စခန်း၊ ပြည်မြို့ရှိ နတ်မှော်ဆင်စခန်း၊ ပြည်ထောင်စုနယ်မြေ ငလိုက်ဆည်အနီးရှိ ငလိုက် ဆင်စခန်း၊ ပုဂံဒေသ ညောင်ဦးမြို့အနီးတွင် ပလင်း ဆင်စခန်းတို့တွင် ဆင်ပြတိုက်များပြသကာ အများ ပြည်သူ   လေ့လာနိုင်ရန်   ဆောင်ရွက်ထားရှိသည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် ဆင်စခန်းများသို့ စိတ်အပန်းဖြေ    အလည်အပတ်လာရောက်ရင်း ဗဟုသုတအဖြစ် ဆင်များအကြောင်း  လေ့လာခြင်း သည် မြန်မာ့ဆင်များရေရှည်ထိန်းသိမ်းနိုင်ရေးကို အထောက်အကူပြုလျက်ရှိသဖြင့် တစ်ခေါက်တစ်ခါ လာရောက်လေ့လာ  လည်ပတ်လှည့်ပါဟု  ဖိတ်ခေါ် လိုက်ရပါသည်။      ။