မြန်မာ့ဆေးဝါးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေး စီမံချက်များအား ညှိနှိုင်းဆွေးနွေး

 

 

နေပြည်တော် မေ ၂

စက်မှုနှင့်အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန မြန်မာ့ဆေးဝါးလုပ်ငန်း၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေးစီမံချက်များအား အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ရုံးအမှတ်(၃၀) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အစည်းအဝေးသို့ စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့်စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း၊ အမှတ်(၁)အကြီးစား စက်မှုလုပ်ငန်းနှင့် မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အထွေထွေမန်နေဂျာများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။

 

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ထုတ်လုပ်မှုစီမံချက်ရေးဆွဲရာတွင် ဈေးကွက်လိုအပ်ချက်ကိုအခြေခံ၍ ရေးဆွဲရမည်ဖြစ်ပြီး ဆေးတစ်မျိုးချင်းစီအလိုက် ထုတ်လုပ်ရမည့်အသုတ်လိုက် (Batch)များ တွက်ချက်ခြင်း၊ လိုအပ်သောဆေးဝါးကုန်ကြမ်းနှင့် ထုပ်ပိုးပစ္စည်းများဆောင်ရွက်ခြင်းနှင့် ထုတ်လုပ်မှု အချိန်ဇယားရေးဆွဲခြင်း၊ အရည်အသွေးစံချိန် စံညွှန်းသတ်မှတ်ခြင်းနှင့် လက်ကျန်ကုန်ကြမ်းများဖြင့် ပြန်လည်ချိန်ညှိခြင်းစသည်ဖြင့် အဆင့်ဆင့်စနစ်တကျ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

ထုတ်လုပ်မှု စီမံချက်အပေါ်မူတည်၍ ဝယ်ယူရေးစီမံချက်ကို စနစ်တကျ ဆက်လက်ရေးဆွဲရမည် ဖြစ်ကြောင်း၊ ဝယ်ယူရေးစီမံချက်ရေးဆွဲရာတွင် ထုတ်လုပ်မှုကိုအခြေခံခြင်း၊ Principles ဖြစ်သည့် မှန်ကန်သောပမာဏကိုဝယ်ယူခြင်း၊ အချိန်မီဝယ်ယူခြင်း၊ ဈေးနှုန်းမှန်ကန်ခြင်း၊ မှန်ကန်သော ကုန်ကြမ်း ထုတ်လုပ်သူမှ ရွေးချယ်ဝယ်ယူခြင်းကို လိုက်နာကျင့်သုံးခြင်း၊ လက်ကျန်ကုန်ကြမ်းများကို ထည့်သွင်း စဉ်းစားပေးခြင်းနှင့် ကြုံတွေ့နိုင်မည့်အခက်အခဲများကို ကြိုတင်မှန်းဆပြီး ဖြေရှင်းနိုင်ရေးကို စဉ်းစားသုံးသပ်ခြင်းတို့ ဆောင်ရွက်ရမည်ဖြစ်ကြောင်း။

 

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်နှင့် ဝယ်ယူမှုစီမံချက်များကို အောင်မြင်စွာအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီမံကိန်းချမှတ်ခြင်း၊ စတင်အကောင် အထည်ဖော်ဆောင်ရွက်ခြင်း၊ စစ်ဆေးခြင်းနှင့် ပြင်ဆင်ဆောင်ရွက်ခြင်းလုပ်ငန်းစဉ်များအတိုင်း လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်သွားရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာ့ဆေးဝါးလုပ်ငန်းမှ အထွေထွေမန်နေဂျာများက ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရေးဆွဲထားရှိသည့် ထုတ်လုပ်မှုစီမံချက်၊ ဝယ်ယူရေးစီမံချက်များ၊ ငွေလုံးငွေရင်းအသုံးစရိတ်နှင့် ဆောင်ရွက်မည့်လုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆိုင်ရာများ မှာကြား သည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် နေပြည်တော် ဒက္ခိဏသီရိစက်မှုဇုန်ရှိ New Stellar Energy MM Co., Ltd. ၏ ဆိုလာစက်ရုံတည်ဆောက်နေမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးသည်။

 

ဆက်လက်၍ စက်ရုံရှင်းလင်းဆောင်ခန်းမ၌ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုနယ်မြေ(နေပြည်တော်) ဦးစီးဌာနမှူးနှင့် စက်ရုံအထွေထွေမန်နေဂျာတို့က လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေကို ရှင်းလင်းတင်ပြကြသည်။

 

တင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနမှ တာဝန်ရှိသူ များအနေဖြင့် စက်ရုံအား အပတ်စဉ်ပုံမှန်စစ်ဆေးပေးပြီး တိုးတက်မှုအခြေအနေကို အမြဲမပြတ်တင်ပြ သွားရန်လိုကြောင်း၊ စက်ရုံလည်ပတ်ထုတ်လုပ်နိုင်ခြင်းဖြင့် နေပြည်တော်နှင့် အနီးပတ်ဝန်းကျင်ရှိ ကျေးရွာများမှ ပြည်သူများ၏ ဆိုလာ၊ အင်ဗာတာနှင့် ဘက်ထရီလိုအပ်ချက်များကို ဖြည့်ဆည်းပေး နိုင်မည်ဖြစ်ပြီး ပြည်ပမှတင်သွင်းရမှုကို လျှော့ချပေးနိုင်သည့်အတွက် နိုင်ငံတော်ကချမှတ်ထားသည့် မူဝါဒနှင့်ကိုက်ညီသည့်လုပ်ငန်းဖြစ်ကြောင်း၊ ယခုစက်ရုံကဲ့သို့ စက်ရုံများစွာတည်ဆောက် ထုတ်လုပ်လာ ခြင်းအားဖြင့် နိုင်ငံတော်၏လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းက ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မည်ဖြစ် ကြောင်း မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်