မြန်မာဘိလိယက်သမိုင်းတွင် ပထမဆုံးအဖြစ် မြန်မာ့လက်ရွေးစင်ကစားသမား ပေါက်စ အင်ဒိုနီးရှားနိုင်ငံ၌ နည်းပြအဖြစ် ဆောင်ရွက်နေ

 

ရန်ကုန်  စက်တင်ဘာ  ၂၂
မြန်မာဘိလိယက်သမိုင်းတွင်   ပထမဆုံးအဖြစ်  မြန်မာ့လက်ရွေးစင် ဘိလိယက်ကစားသမား ပေါက်စသည် အင်ဒိုနီးရှားနိုင်ငံ၌ နည်းပြအဖြစ် ဆောင်ရွက်နေပြီဖြစ်သည်။ ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် နှစ်ကြိမ်ဆက်တိုက်   ရွှေတံဆိပ်ဆုရရှိခဲ့သည့်   မြန်မာ့လက်ရွေးစင်  ဘိလိယက်ကစားသမား ပေါက်စသည် ယခုနှစ်အတွင်း ဒုတိယမြောက် အဖြစ် ပြည်ပနိုင်ငံတွင် သွားရောက်နည်းပြ ခွင့်ရရှိခြင်းဖြစ်သည်။
မြန်မာဘိလိယက်လက်ရွေးစင်  ပေါက်စ သည်   ပထမအကြိမ်အဖြစ်   ဇူလိုင်လတွင် မလေးရှားနိုင်ငံ၌ နည်းပြအဖြစ် တစ်လကြာ သွားရောက်လုပ်ကိုင်ခဲ့ပြီး ဒုတိယမြောက်နိုင်ငံ အဖြစ် အင်ဒိုနီးရှားနိုင်ငံတွင် နည်းပြအဖြစ် ဆောင်ရွက်နေခြင်းဖြစ်သည်။ အင်ဒိုနီးရှားနိုင်ငံ အနေဖြင့် အင်ဒိုနီးရှားဘိလိယက်ကစားသမားများကို  သင်ကြားပေးရန်  စက်တင်ဘာလမှ စတင်ကာ လေးလစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ် ပြီး စက်တင်ဘာ ၁၆ ရက်က အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့သို့ ထွက်ခွာခဲ့ပြီး စတင်လေ့ကျင့် ပေးနေပြီဖြစ်သည်။
ဆီးဂိမ်းဘိလိယက် တစ်ဦးချင်းပြိုင်ပွဲတွင် ရွှေတံဆိပ် ခြောက်ကြိမ်ဆက်တိုက်ရယူပြီး ကြီးစိုးထားသည့် စင်ကာပူနိုင်ငံသား ပီတာ ဂေးလ်ခရစ်ကို ကျော်ဖြတ်ကာ (၃၁)  ကြိမ် မြောက် ဗီယက်နမ်ဆီးဂိမ်းပြိုင်ပွဲနှင့် (၃၂) ကြိမ် မြောက်      ကမ္ဘောဒီးယားဆီးဂိမ်းပြိုင်ပွဲတွင် နှစ်ကြိမ် ဆက်တိုက် ရွှေတံဆိပ်ရယူနိုင်ခဲ့သည့် ပေါက်စကို  အာဆီယံဒေသတွင်းနိုင်ငံများက နည်းပြအဖြစ်  ဆောင်ရွက်ရန် စိတ်ဝင်စားလာ ခြင်းဖြစ်သည်။


သတင်း-ညီမြတ်သော်တာ
ဓာတ်ပုံ-MBSF