
ရန်ကုန် မေ ၁၈
၂၀၂၄ ရာသီ မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲ ပွဲစဉ် (၃) ပထမနေ့ကို မေ ၁၈ ရက်က ဆက်လက်ကျင်းပရာ YREO အသင်း ပထမဆုံးနိုင်ပွဲရပြီး အား/ကာသိပ္ပံအသင်း ဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။
စလင်းကွင်း၌ကျင်းပသည့်ပွဲတွင် YREO အသင်းက ရှမ်းယူနိုက်တက် အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အဖွင့်ပွဲတွင် နိုင်ပွဲ ပျောက်ဆုံးထားသည့် နှစ်သင်းတွေ့ဆုံခြင်းဖြစ်ပြီး YREO အသင်းက နိုင်ပွဲစတင်ရယူနိုင်ခဲ့သည်။ အသင်းသစ် ရှမ်းယူနိုက်တက်အသင်းမှာမူ ရုန်းကန်နေရဆဲဖြစ်ပြီး ရှုံးပွဲဆက်ခဲ့သည်။ YREO အသင်းသည် ပွဲအစမှာ ပင် ဦးဆောင်ဂိုးရခဲ့သဖြင့် ပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ခြင်းဖြစ်သည်။ YREO အသင်းအတွက် အဖွင့်ဂိုးကို ငါးမိနစ်တွင် စုစုခင်က သွင်းယူ ခဲ့ခြင်းဖြစ်သည်။ ရှမ်းယူနိုက်တက်အသင်းအနေဖြင့် ချေပဂိုးရရန် တောက်လျှောက်ကြိုးပမ်းခဲ့သော်လည်း ဂိုးပြန်မရဘဲ YREO အသင်း အတွက် ဒုတိယဂိုးကို ၉၀+၄ မိနစ်တွင် သင်းသင်းမော်က သွင်းယူခဲ့ သည်။ YREO အသင်းက နှစ်ပွဲကစား သုံးမှတ်၊ ရှမ်းယူနိုက်တက်အသင်းက နှစ်ပွဲကစား နှစ်ပွဲရှုံး အမှတ်မရသေးပေ။
YUSC ကွင်း၌ ကျင်းပသည့်ပွဲတွင် အား/ကာသိပ္ပံအသင်းက ရန်ကုန် ယူနိုက်တက်အသင်းကို နှစ်ဂိုး-ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။ အား/ကာ သိပ္ပံအသင်းသည် နှစ်ပွဲဆက်အနိုင်ရထားသည့် ရန်ကုန်အသင်းကို အနိုင်ယူကာ ဇယားထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ အား/ကာ သိပ္ပံအသင်းအတွက် အနိုင်ဂိုးများကို ပထမပိုင်းပြီးခါနီးတွင် ရွှေရည် ထွန်းနှင့် ၈၁ မိနစ်တွင် လင်းမြင့်မိုရ်တို့က သွင်းယူခဲ့သည်။ အား/ကာ သိပ္ပံအသင်းက သုံးပွဲကစား ခုနစ်မှတ်၊ ရန်ကုန်အသင်းက သုံးပွဲကစား ခြောက်မှတ် ရရှိထားသည်။ ပွဲစဉ် (၃) ဒုတိယနေ့အဖြစ် မေ ၁၉ ရက် (ယနေ့) တွင် စလင်းကွင်း၌ မြဝတီအသင်းနှင့် သစ္စာအားမာန်အသင်း ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ ရဲရင့်လွင်၊ ဓာတ်ပုံ-MWL