
ရန်ကုန် မေ ၂၇
မြန်မာအမျိုးသား လေကြောင်းမှ ပြည်ပခရီးစဉ်များ တိုးချဲ့ပျံသန်း မည့် Boeing 737-800 NG (XY-ALV)လေယာဉ်တစ်စင်းသည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာသည်။
အဆိုပါ လေယာဉ်ရောက်ရှိ ချိန် လေယာဉ်အားမောင်းနှင် ပျံသန်းလာသည့် လေယာဉ်မှူး များ၊ အင်ဂျင်နီယာများအား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ၀န်ကြီးဌာန အမြဲတမ်းအတွင်း၀န် ဦး၀င်းခန့်၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်စိုးနှင့် တာ၀န်ရှိသူများ၊ မြန်မာအမျိုးသား လေကြောင်း လေယာဉ်မယ်များက ပန်းစည်း ကမ်း၍ကြိုဆိုကြသည်။
“ဘိုးရင်းလေယာဉ် နောက်ထပ် တစ်စင်းကို ဈေးကွက်လိုအပ်ချက် အရ ဆက်လက်တိုးချဲ့ ပြေးဆွဲ စီမံထားတဲ့ ခရီးစဉ်တွေအတွက် ငှားရမ်းခဲ့ပါတယ်၊ လက်ရှိရှိနေတဲ့ ဘိုးရင်းတစ်စင်းနဲ့ မလောက်တဲ့ အတွက်ကြောင့် နောက်ထပ် တစ်စင်းကိုငှားရမ်းပြီးတော့ ပြေးဆွဲ ဖို့ စီစဉ်ခဲ့တာပါ။ လေယာဉ်ငှားရမ်း တဲ့ ကုမ္ပဏီတွေနဲ့ တော်တော်များ များနဲ့ ချိတ်ဆက်တဲ့အချိန်မှာ Dubai Aerospace Enterprise ကုမ္ပဏီလီမိတက်နဲ့ အဆက် အသွယ်ရပြီးတော့ ဒီဘိုးရင်း လေယာဉ်ပျံကို ငှားရမ်းခွင့်ရရှိခဲ့ တာဖြစ်ပါတယ်” ဟု မြန်မာ အမျိုးသားလေကြောင်း လိုင်းမှ အမှုဆောင်အရာရှိချုပ် ဦးခုပ်ခန့်မုံ ကပြောသည်။
ယနေ့ ရောက်ရှိလာသည့် လေယာဉ်သည် မြန်မာအမျိုးသား လေကြောင်းမှ အာရှပစိဖိတ် အတွင်းရှိ နိုင်ငံများသို့ ပိုမိုပျံသန်း ပြေးဆွဲသွားမည်ဖြစ်ကာ ခရီးသည် များအတွက် ပိုမိုကောင်းမွန်သော ခရီးသွား အတွေ့အကြုံကို ပေးဆောင်နိုင်မည် ဖြစ်သည်။
လက်ရှိ မြန်မာအမျိုးသား လေကြောင်းမှ ပြည်တွင်း ၂၈ မြို့ကို ပျံသန်းလျက်ရှိပြီး ပြည်တွင်းခရီးစဉ် အများဆုံး ပျံသန်းသည့် လေကြောင်းတစ်ခု လည်းဖြစ်သည်။ ၎င်းအပြင် ပြည်ပ ခရီးစဉ်များဖြစ်သော စင်ကာပူမြို့၊ ဟောင်ကောင်မြို့၊ ဘန်ကောက် မြို့၊ ကွာလာလမ်ပူမြို့၊ ကူမင်းမြို့၊ ချန်ဒူးမြို့၊ နယူးဒေလီမြို့၊ ကာလ ကတ္တားမြို့နှင့် မနီလာမြို့များသို့ ပျံသန်းပြေးဆွဲလျက်ရှိပြီး ထပ်မံ တိုးချဲ့ပျံသန်းရန် အစီအစဉ်များ ရေးဆွဲလျက်ရှိကြောင်း မြန်မာ အမျိုးသားလေကြောင်းမှ သိရ သည်။
အာကာစိုး